Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

နာမည်ကျော် အင်္ဂလိပ်ပညာရှင်ကြီး Bertrand Russell ရဲ့ အဆိုလေးက ကနေ့ခေတ် ဖြစ်နေတာတွေကို ထင်ဟပ်လွန်းတော့ ဆက်စပ်တွေးမိတာလေးတွ ရေးပါဦးမယ်။ Collective fear ဆိုတာက တချိန်ထဲမှာ လူအများကြီးက တစုံတရာပေါ်မှာ ကြောက်ကြတာပါ။ Herd instinct ကတော့ အဲဒီလို ကြောက်ကြသူတွေအားလုံး အမြင်တမျိုးထဲမှာ ပေါင်းစုသွားပြီး ဘာကအမှန် ဘာကအမှားဆိုတာကို သူတို့စံနဲ့ ညှိယူလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ဆရာကြီးပြောချင်တာက အဲဒီလိုစုပေါင်းကြောက်စိတ်ကြောင့် ဖြစ်လာတဲ့ အယူတူတဲ့သူတွေက သူတို့နဲ့အမြင်မတူသူတွေကို ရန်သူတွေလို သတ်မှတ်ပြီး ရန်လိုမင်းထက် ပြုမူတတ်ကြတဲ့အထိ ဖြစ်ကုန်နိုင်တယ်ဆိုတာပါ။ ( သာဓက အနေနဲ့ပြရရင်  မင်းအောင်လှိုင်နှင့်သူရဲ့စစ်တပ်ကို ကြည့်ပါ)

စုပေါင်းကြောက်စိတ်ဆိုတာ ခုခေတ်မှာ ပေါပေါများများ မြင်နိုင်ပါတယ်။ အထင်ရှားဆုံးဥပမာတွေကတော့ ကိုဗစ်ကပ်ရောဂါနဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ပါပဲ။ တခြားဥပမာတွေကတော့ သေနတ်၊ အရင်းရှင်စံနစ်၊ ထရမ့် အစရှိတာတွေ အများကြီး ပါဝင်နိုင်ပါတယ်။ အဲဒီကြောက်စိတ်ကို တပြိုင်နက်ထဲ အချိန်တိုအတွင်းမှာ ဖြစ်လာဖို့က သဘာဝအတိုင်းထက် မီဒီယာနဲ့ ပညာရေးနယ်ပယ် စတာတွေကနေ အင်နဲ့အားနဲ့ မှိုင်းတိုက်ပုံသွင်းယူကြတာဖြစ်ပါတယ်။ 

ကိုဗစ်ကို စုပေါင်းကြောက်စိတ်ဖြစ်အောင် တမင်လုပ်တာဟုတ်ပါ့မလား၊ လူတွေ ဒီလောက်သေနေတာလို့ ထင်တဲ့လူတွေလည်း ရှိမှာပါ။ ဒီလိုပိုးဖြစ်လာအောင် ၂၀၁၅လောက်ထဲက အိုဘားမားတို့ ဘေလ်ဂိတ်စ်တို့ လေသံပစ်နေကြတာဆိုတော့ တမင်လုပ်ကြသလားဆိုတာက တပိုင်း၊ နောက်တပိုင်းက ကမ္ဘာမှာ ဒီထက်ဆိုးတဲ့ ကပ်ရောဂါတွေ ဖြစ်ခဲ့တာ အကြိမ်ကြိမ်ပါ၊ ဘယ်တုန်းကမှ တပြည်လုံး တကမ္ဘာလုံး အဆက်အသွယ်တွေ ဖြတ်၊ အစိုးရက စီးပွားရေးလုပ်ငန်းတွေ ကျောင်းတွေကို အာဏာနဲ့ ရက်ရှည်လရှည်ပိတ်၊ လွတ်လပ်ခွင့်တွေကန့်သတ်ပြီး ဝင်စွက်တာမျိုး မရှိခဲ့ဘူးပါဘူး။ 
တရုပ်မှာ လော့ခ်ဒေါင်းတွေ တင်းတင်းကျပ်ကျပ်လုပ်တာ ဝူဟန်တနယ်ထဲပါ။ ဒါပေမဲ့ ဝူဟန်ကနေ တရုပ်နိုင်ငံတွင်းကလွဲလို့ ကျန်တဲ့နိုင်ငံတွေကို ဘယ်သွားသွား သွားလို့ ရနေတာပါ။ ကျန်တဲ့ တရုပ်ပြည်ကလည်း တကမ္ဘာလုံးကို အသွားအလာ မပျက်ပါဘူး။ ဒါပေမဲ့ အာဏာရှင်နိုင်ငံထုံးစံအတိုင်း ကမ္ဘာကို သူတို့ပြချင်တာကိုပဲ မီးမောင်းထိုးပြထားတော့ ဒီက တရုပ်ဝယ်ထားတဲ့ ခေါင်းရှောင်တွေကလည်း တရုပ်ခင်းတဲ့လမ်းအတိုင်း ဆက်လျောက်ပြီး လော့ခ်ဒေါင်းလုပ်ရမယ်၊ ပိတ်ရမယ်၊ ၂ပတ်ပိတ်လိုက်ရင် အသက်တွေ အများကြီး ကယ်နိုင်မယ်ဆိုတဲ့ ဂျင်းတွေ ဝိုင်းထည့်ကြပါတယ်။ အဲဒီတုန်းကတော့ တော်တော်များများက လက်ခံပါတယ်။ ၂ပတ်ဆိုတော့လည်း အသည်းအသန်လူနာတွေကလွဲလို့ ကျန်တဲ့ ထိခိုက်မှုက နည်းတယ်လေ။ ကုလားအုတ်ခေါင်း စဝင်လာပြီပေါ့။ 

နောက်တော့ မီဒီယာတွေက ကိုဗစ်ကြောင့် သေတယ်ဆိုတဲ့ စာရင်းကိုပဲ မီးမောင်းထိုးပြီး နေ့တိုင်း ပြူးပြဲနေအောင် ပြကြပါတယ်။ အဲဒါ ဘယ်မှာ သိသာသလဲဆိုတော့ ဘိုင်ဒန်စတက်တော့ ကိုဗစ်ကြောင့် သေတဲ့လူစာရင်းက ထရမ့်လက်ထက်ကထက် များပါတယ်။ ဒါပေမဲ့ ဘယ်မီဒီယာကြီးကမှ မဖော်ပြကြတော့ပါဘူး။ ကိုဗစ်က သေတတ်တာ ဆိုးရွားတဲ့ ပိုးဆိုတာ မှန်သလို ကြောက်စရာဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ လူတွေမှာ အကြောက်တရားက စိုးမိုးလာရင် ဆင်ခြင်တုံတရားက ဘယ်လိုမှ ခေါင်းမထောင်နိုင်ဘူးဆိုတာကိုတော့ သတိပြုရမှာပါ။ ကြောက်စရာရှိလာရင် ကြောက်စရာမလိုတဲ့ အခြေအနေမျိုး ဘယ်လိုရနိုင်မလဲ၊ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရင် ဘာတွေ လုပ်ရမလဲဆိုတာကို စဥ်းစားပြင်ဆင်တာက မိုးပြိုမှာ ကြောက်နေတာထက်တော့ လက်တွေ့ကျမှာပါ။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ။ 

အဲဒီတော့ ကြောက်အောင်လုပ်နေတဲ့သတင်းတွေကို ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်တာ ထင်ရှားလာပါတယ်။ လောကမှာ လူတွေက နေ့တိုင်း ရောဂါအစုံနဲ့ သေနေကြတာပါ။ ကိုဗစ်ကြောင့် လော့ခ်ဒေါင်းတွေ လုပ်ထားတဲ့အချိန်မှာ ကျန်ရောဂါရှိသူတွေက မသေတော့တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆေးရုံမှာ လူမနိုင်တာရယ်၊ သေပြီးမှ စစ်ဖို့မလွယ်တာရယ်၊ လူနာရှင်တွေ လိုက်လို့ မရတာရယ်ကြောင့် သေစာရင်းအားလုံးကို ကိုဗစ်သံသယစာရင်းထဲ ထဲ့ကြတာတွေ ဖြစ်ခဲ့ပါတယ်။ နောက်တဖက်က ကြည့်ရင် လူဦးရေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ကူးစက်ပြီး ဘယ်လောက်ပြန်ကောင်းတယ် ဆိုတာရယ်၊ တုပ်ကွေးချိန်မှာ ပုံမှန်တုပ်ကွေးနဲ့ သေနေကျစာရင်းက ဒီနှစ်မှာ ကိုဗစ်ထဲ ပေါင်းထည့်ထားတာရယ် စတာတွေ ထည့်စဥ်းစားရင် တကယ် သွေးပျက်လောက်အောင် ကြောက်သင့်ရဲ့လားဆိုတာ သိနိုင်မှာပါ။ 

အမှန်တကယ်ကိုဗစ်ကြောင့် သေတဲ့နှုန်းက နှစ်စဥ် တုပ်ကွေးနဲ့ တခြားရောဂါတွေနဲ့ သေတဲ့နှုန်းထက် အများကြီး များနေတာမဟုတ်တော့ တပြည်လုံး တပြည်နယ်လုံး လရှည်နှစ်ပေါက် ပိတ်ထားရတာဟာ လူတစုအတွက် အဓိပ္ပါယ်ရှိနိုင်ပေမဲ့ ပြည်သူအများအတွက်တော့ အဓိပ္ပါယ်ရော အမျှော်အမြင်ပါ နည်းတဲ့လုပ်ရပ်ပါပဲ။ ၂ပတ်လော့ဒေါင်းချပြီးရင် နံပါတ်တွေ ကျသွားမှာပါဆိုတဲ့ဂျင်းက နှစ်ပေါက်သွားတာပါပဲ။ တလောက အမေရိကန်မှာ ကိုဗစ်မျိုးကွဲတွေနဲ့ ကူးစက်မှုနှုန်းပြန်တက်လာပေမယ့် လော့ခ်ဒေါင်းချစရာ ရွေးကောက်ပွဲလဲမရှိ၊ အပြစ်ဖို့စရာ ထရမ့်ကလည်း အိမ်ဖြူမှာ မဟုတ်တော့ဘူးဆိုတော့ ဒေတာချင်း တူဦး/ပိုဆိုးဦးတောင် သူတို့မလိုအပ်နေတော့ မီဒီယာကလည်း ဇောင်းမပေးတော့ပါဘူး။  

ကြောက်အောင် တမင်လုပ်တာလား သိအောင်လုပ်နိုင်တဲ့ နောက်တချက်က ကြောက်အောင်လုပ်တဲ့လူတွေကိုယ်တိုင်က မကြောက်ဘူးဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ ဝါရှင်တန်က ခေါင်းရှောင်ကြီးများနဲ့ အပြာပြည်နယ်ခေါင်းရှောင်များ လူထုကို ဘာမလုပ်ရ ညာမလုပ်ရ ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ် ကြိမ်းမောင်းခြိမ်းခြောက်နေသူတွေက ကင်မရာရှေ့မှာပဲ နှာခေါင်းစည်းလေးတွေတပ်၊ ခပ်ချဲချဲနေပြပြီး ကွယ်ရာမှာ ဘာပန်ဒဲမစ်မှ မရှိသလိုကို ကဲကဲစိန်လုပ်နေကြတာ မယုံချင်လည်း ယုံရမှာပါပဲ။ 

ဒီပန်ဒဲမစ်နဲ့ ပါတ်သက်ပြီး ကြောက်အောင်လုပ်ကြတဲ့လူတွေရဲ့ လက်သုံးစကားက သူတို့ပြဌာန်းတဲ့ ချုပ်ချယ်ကန့်သတ်မှုတွေကို ဘယ်အချိန်အထိ လုပ်သွားမှာလဲလို့မေးရင် အစောပိုင်းက ၂ပတ်လိုလို ပြောကြပေမဲ့ နောက်ပိုင်းမှာတော့ “အားလုံးဘေးကင်းစိတ်ချရတဲ့အချိန်အထိ”လို့ ပြောင်းပြောကြပါတယ်။ မကြာသေးမီက ရေးခဲ့ဖူးသလိုပါပဲ၊ သေတတ်တဲ့ လောကကြီးမှာ ဖောက်ပြန်/ထိခိုက်ပျက်စီးတတ်တဲ့ခန္ဒာကိုယ်ပိုင်ရှင်တွေအနေနဲ့ ဖန်ပေါင်းချောင်ထဲထည့်ထားရင်တောင် ဘေးကင်းတာထက် ခုခံအားစနစ်တွေ ချိနဲ့ကုန်မှာဆိုတော့ အလယ်အလတ်လမ်းစဥ်အတိုင်း သတိထားပြီးတော့ပဲ လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပါ။ ကိုယ့်အချိန်ကုန်သွားရင် ကိုဗစ်မဟုတ်လဲ တခြားအကြောင်းတခုခုနဲ့ ကြွမှာပါပဲ။ ဒီနေရာမှာ အဓိက စဥ်းစားသင့်တာက ကိုယ့်အသက်ကို ကိုယ်ကိုယ်တိုင်ထက် ဝါရှင်တန်က နိုင်ငံရေးလုပ်စားနေတဲ့လူတွေက ပိုဂရုစိုက်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာပါ။ 

လူတွေမှာ စုပေါင်းကြောက်စိတ်ဖြစ်လာတော့ ကြောက်စိတ်တခု အရင်းပြုပြီး လုပ်စားချင်သူတွေကြိုးဆွဲရာ ကနေမိကြတော့တာပေါ့။ အဲဒီလူတွေရဲ့ အမြင်မှာ သူတို့ယုံယုံကြည်ကြည်ကြောက်နေတာတွေကို သံသယရှိသူတွေ၊ မေးခွန်းထုတ်သူတွေ၊ သူတို့လောက် မကြောက်သူတွေဟာ ရန်သူပါပဲ။ အပြင်မှာ လမ်းလျောက်နေသူတွေအတွက် တခြားလူတွေနဲ့ မနီးရင် လေကောင်းလေသန့်ရှုတာ ပိုကောင်းတယ်ထင်လို့
နှာခေါင်းစည်း မတပ်ထားရင်တောင် ရန်လိုတဲ့အကြည့်နဲ့ကြည့်ကြ၊ တချို့ဆို ကိုယ်ထိလက်ရောက်ပါ စော်ကားကြတဲ့အထိတောင် ကြောက်စေချင်သူတွေရဲ့ စစ်ဆင်ရေးဟာ အောင်မြင်ခဲ့ပါတယ်။ 

အခုလဲ ဘေလ်ဂိတ်စ်က ငါတို့ဟာ ပန်ဒဲမစ်ကို ကြုံဖူးတယ်ဆိုပေမယ့် ငါတို့ကိုင်တွယ်ခဲ့တာက အားရစရာမရှိတော့ နောက်တခုလာရင် ကိုင်တွယ်ဖို့ ဘာမှ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောနေပြန်ပါပြီ။ ဘာတွေ ကလဖန်ထိုးဦးမယ်ဆိုတာတော့ သတိကြီးကြီးနဲ့ စောင့်ကြည့်ရမှာပါ။ ၂၀၁၅-၁၆တုန်းကလည်း အိုဘားမားနဲ့ ဂိတ်စ်နဲ့က ဒီလိုပဲ ပြောခဲ့တာပါ။ ဒါပေမဲ့ အရည်အချင်းလည်းရှိ သတ္တိလည်းရှိပြီး တိုင်းပြည်မျက်နှာတခုပဲကြည့်တဲ့ ထရမ့်လက်ထက်မှာ ပြည်နယ်အားလုံးအတွက် ပန်ဒဲမစ်ကာလတွင်း လိုတာအဆင်သင့်ဖြည့်စည်းပေးခဲ့တဲ့အပြင် ကာကွယ်ဆေးကိုလည်း လပိုင်းအတွင်း စံချိန်တင် ထုတ်လုပ်နိုင်ခဲ့တာ အများအမြင်ပဲလေ။ စာတောင် အပေါက်အလမ်းတည့်အောင် မနဲဖတ်နေရတဲ့ ဘိုင်ဒန်လက်ထက် ဒီလိုဖြစ်လာခဲ့ရင် ပိုကောင်းမယ်လို့ ထင်နေကြတာကလည်း အဲဒီစုပေါင်းကြောက်စိတ်မှိုင်းရဲ့ အကျိုးဆက်တခုပဲပေါ့။ တနည်းအားဖြင့်ဆိုရင်တော့ အကြောက်တရားက သိပ္ပံပညာနဲ့ ဆန့်ကျင်ပြီး ဆင်ခြင်တုံတရားကိုပါ သေဆုံးစေတာပါ။ 

ကိုဗစ်ပိုးတင် မဟုတ်ပါဘူး၊ ရာသီဥတုပြောင်းလဲတာလဲ ဒီလိုပါပဲ။ အချက်အလက်တွေ သိပ္ပံပညာ တွေ့ရှိချက်တွေကို ပစ်ပယ်ပြီး သူတို့လိုချင်တာ ပြောထားတဲ့အပိုင်းလေးတွေကိုပဲ မီးမောင်းထိုးပြထားတာပါ။ ရာသီဥတုပြောင်းလဲတာက ဟိုအရင်နှစ်သန်းပေါင်းများစွာထဲက အေးလိုက် ပူလိုက် ပြောင်းလဲနေခဲ့တာပါ။ လူတွေကြောင့်ဖြစ်ရတဲ့ သက်ရောက်မှုက ကမ္ဘာ့ဆွဲငင်အားနဲ့ နေစကြာဝဠာရဲ့ သက်ရောက်မှုနဲ့ ယှဥ်လိုက်ရင် ဘာမှ မပြောပလောက်ဘူးဆိုတာ  ဘိုင်ဒန်အစိုးရရဲ့ ရာသီဥတုပြောင်းလဲမှုအထူးသံတမန် (တရုပ်အိတ်ကပ်ထဲရောက်နေတဲ့) ဂျွန်ကယ်ရီကိုယ်တိုင် ဝန်ခံထားတာပါ။ အဲဒီလိုပြောလို့ ပစ်စလက်ခတ် လုပ်ချင်တာလုပ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ နောက်မျိုးဆက်တွေလက်ထဲ ပိုကောင်းတဲ့ ကမ္ဘာကြီး လက်ဆင့်ကမ်းနိုင်အောင် အမှိုက်ထွက်နည်းဖို့၊ တခါသုံးတွေ လျော့သုံးလို့ရတဲ့နေရာ လျော့သုံးဖို့၊ ပြန်သုံးလို့ရတာ ပြန်သုံးဖို့ဆိုတာ လူတိုင်းလုပ်သင့်ပါတယ်။ 

ရာသီဥတုပြောင်းတဲ့ အကြောက်တရား ရိုက်သွင်းကြသူတွေကလည်း အဲဒီအပေါ်မှာ အကျိုးအမြတ်ရနေသူတွေဆိုတာ ရှင်းပြနေစရာလိုမယ်မထင်ပါဘူး။ ဒီနေရာမှာလည်း သူတို့ခြောက်တဲ့ကိစ္စ သူတို့မယုံဘူးဆိုတာ နာမည်ကြီးကမ်းခြေတွေမှာ ဇိမ်ခံအိမ်တွေ ဝယ်ထားကြတာကိုကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံရေးလောကမှာတော့ အဲဒီလို အကြောက်တရားမျိုးစုံဖန်တီးကြသူတွေအားလုံးက တနည်းနည်းနဲ့ ဆက်စပ်ပတ်သက်နေကြသူများဖြစ်နေတာ တွေ့ရမှာပါ။

သူတို့ရိုက်သွင်းတဲ့ စုပေါင်းအကြောက်တရားတွေ ဝင်နေတဲ့လူ (အထူးသဖြင့်လူငယ်တချို့)ကတော့ ကမ္ဘာကြီးကို ကောင်းစေချင်ဇောကများပြီး လောကအကြောင်း လူတွေအကြောင်း သိပ်မသိသေးကြတော့ အလွယ်တကူ ပုံသွင်းခံသွားရတာတွေလည်း ရှိပါတယ်။ ပြဿနာတခုက လူအများစုက တဖက်ဖက်မှာ ရပ်မိပြီဆိုရင် အထူးသဖြင့် စနစ်တကျ သွေးခွဲခံထားရတဲ့ ပတ်ဝန်းကျင်တခုမှာဆိုရင် ခံစားချက်တွေက ပြင်းထန်ကြတော့ အကြောက်တရားကနေ အမုန်းတရားပါဝင်လာပြီး မျက်စိရှေ့ အမှန်တရားကြီး ထင်ထင်ရှားရှား ချပြရင်တောင် မြင်နိုင်ဖို့ မကြိုးစားကြတော့တာပါပဲ။ 

စုပေါင်းအကြောက်တရားမှိုင်းကို လက်နက်ချအညံ့ခံလိုက်ကြတာကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တချို့က တကယ်ယုံကြည်နေတာဖြစ်နိုင်သလို တချို့ကလည်း ပိုကျယ်လောင်တဲ့လေသံအတိုင်း မလိုက်ခဲ့ရင် ဆန့်ကျင်မှုတွေ ဖြစ်လာမှာစိုးလို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့လည်း လူ့သဘာဝအရ ကြောက်လိုက်တာက ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင်နေဖို့ထက် အများကြီး ပိုလွယ်တယ်လေ။ စိတ်အေးချမ်းမှုတော့ ရှိမှာမဟုတ်တော့ဘူးပေါ့။

ခုခေတ်မှာ ကြောက်စိတ်တွေ ဘယ်လောက်တောင် ခေတ်စားနေသလဲဆို ကောလိပ်တွေမှာ ဆေ့ဖ်စပေ့စ်လို့ခေါ်တဲ့ လုံခြုံတယ်ဆိုတဲ့နေရာလေးတွေ ထားပေးရတဲ့ အခြေအနေဖြစ်နေပါပြီ။ ဆေ့ဖ်စပေ့စ်လို့ နာမည်ပေးထားပေမဲ့ မတူတဲ့အမြင်တွေ ဘေးကင်းကင်း ပြောဆိုဆွေးနွေးလို့ရတဲ့နေရာတော့ မဟုတ်ပါဘူး။ ကနေ့ခေတ် ကြောက်ကြသူတွေက သူများပြစ်တင်ဝေဖန်တာကိုပါ ကြောက်ရုံတင်မက ပြောရိုးပြောစဥ် ဟာသတွေကိုပါ စိတ်ထိခိုက်ခံစားတတ်ကြတာဆိုတော့ အဲဒီလူမျိုးတွေအတွက် လုံခြုံတဲ့နေရာ ဖန်တီးပေးထားတာလို့ ဆိုကြပါတယ်။ ဒီကိစ္စမှာလည်း ဖန်ပေါင်းချောင်ထဲ ထည့်ထားတာက အဖြေမဟုတ်ဘူးဆိုတာ ထပ်ပြောပါဦးမယ်။ ကြောက်တတ်တဲ့စိတ်က လူကို သိမ်ငယ်စေပါတယ်။ သိမ်ငယ်နေတဲ့စိတ်က ဘယ်သူဘယ်မှာ ဘာပြောပြော ကိုယ့်ကိုပြောသည့်အလား နာကျင်ဝမ်းနည်းတတ်ကြပါတယ်။ စိတ်က လက်တွေ့လောကကြီးနဲ့ ရင်ဆိုင်နိုင်အောင် ပြင်ဆင်မထားရင်တော့ ကြုံလာသမျှ ဘယ်လိုတုန့်ပြန်ရမှန်းမသိပဲ ငိုပဲငိုနေတဲ့ ကလေးတွေလို ဖြစ်နေမှာပါပဲ။ 

အကြံသမားတွေကတော့ ကြောက်စိတ်နဲ့ ကစားလို့ ရနေသ၍ တခုမဟုတ်တခုကို အကြောက်ကြီးအောင် ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေ ဘာကိုပဲဖြစ်ဖြစ် ဘယ်လောက်ကြီးပဲဖြစ်ဖြစ် စတေးကြမှာပါ။ ဒါက ငြင်းစရာမလိုတဲ့အချက်ပါ။ မြန်မာနိုင်ငံမှာလည်း အာဏာလုပြီး သူတို့ထင်သလောက် မလွယ်တာသိလာတော့ ခေါင်းကိုပစ်တာတွေ၊ နာရီပိုင်းအတွင်း ရုပ်ပျက်ဆင်းပျက်နှိပ်စက်သတ်ဖြတ်တာတွေ တမင်လုပ်ပြနေတာက လူထုကြားမှာ စုပေါင်းကြောက်စိတ်ဖြစ်လာအောင် သွင်းပေးနေတာပါပဲ။ ဒါပေမဲ့ အများစုက သူတို့ဆင်တဲ့ဂွင်ထဲ ဝင်မသွားခဲ့သလို ကြောက်တဲ့သူတွေရှိပေမဲ့လည်း ပြောပလောက်တဲ့ ပမာဏဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့်လည်း အာဏာလုပြီး ၈လနီးပါးကြာလာတဲ့အထိ အုပ်ချုပ်လို့ ရမနေသေးတာပါ။ 

ထင်ရှားအောင် ဆန့်ကျင်ဖက်ဥပမာပေးရရင် ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူတွေကို အကြောက်တရားနဲ့ မအုပ်ချုပ်ခဲ့ပါဘူး။ အကြောက်တရားမလွှမ်းမိုးတော့ ဆင်ခြင်တုံတရားလည်း ပျောက်ဆုံးမသွားခဲ့ပါဘူး။ အဲဒါကြောင့် မတရားတာကို လက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အားလုံးကို စွန့်ပြီး တိုက်ပွဲဝင်နေကြတာပါ။ အရင်မျိုးဆက်တွေလက်ထက်က အကြောက်တရားရော၊ အခြေအနေချင်းမတူတာရောကြောင့် အဓမ္မဖက်က ကြီးစိုးသွားခဲ့ပေမဲ့ အခုလို အခြေအနေပေးတဲ့အချိန်မှာ နိုင်အောင်လုပ်မထားရင် အဓမ္မက ပိုကြမ်းရမ်းတော့မှာပါ။ 

အမေရိကန်မှာတော့ အာဏာငမ်းဖမ်းတွေက စုပေါင်းကြောက်စိတ်ဖြစ်လာအောင် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူတွေက သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို အစိုးရကပေးမယ်လို့ မက်လုံးပေးထားတဲ့ safety လုံခြုံမှုနဲ့ လဲနေကြပါပြီ။ လုံခြုံမှုနဲ့ ပါတ်သက်လို့ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း ကိုယ်က သူများမဟုတ်တဲ့အတွက် အစစအခြေအနေမတူညီနိုင်တာကြောင့် ကိုယ့်တဦးချင်းစီရဲ့ လုံခြုံမှုကို ကိုယ့်ဖာသာကိုယ် စီမံတာက ပိုပြီး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ ဝါရှင်တန်က ကိုယ်နဲ့ တကြိမ်တခါမှ မသိကျွမ်းဖူးသူက ကိုယ့်လုံခြုံမှုအတွက်ဆိုပြီး one size fits all အမိန့်တွေ စွတ်ထုတ်နေတာ သဘာဝမကျတဲ့အပြင် လွတ်လပ်မှုဆိုတာကလည်း လက်လွတ်ဆုံးရှုံးပြီးသွားရင် အသက်တွေ ဘဝတွေစတဲ့ တန်ဖိုးကြီးကြီး မပေးဆပ်ပဲ အလိုလို ပြန်ရလာတယ်ဆိုတာ မဖြစ်နိုင်တာကြောင့်ပါ။ 

လွတ်လပ်မှုတစုံတရာကို ခံစားနေရသေးသူများအားလုံး လွတ်လပ်မှုကို တန်ဖိုးထားနိုင်ကြပြီး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြသူများအားလုံးလဲ လိုရာပန်းတိုင်ကို ရောက်ရှိအောင်မြင်ကြပါစေ။

Tin Omma Myo
Sept 23, 2021

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း