ကြွေတလှည့် ကြက်တခုန်
ပထမဦးဆုံး ပြောချင်တာကတော့ ( ၆၂ ) နှစ်မြောက် KIO ထူထောင်ခြင်းအခန်းအနားအကြိုကျင်းပပွဲမှာ သေဆုံးသွားရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းဆိုပါရစေ။
ပျော်ပွဲရွှင်ပွဲကျင်းပနေတုန်း ဗုံးကျဲခံရတဲ့ဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် မအလ' ဟာ သူတပ်ရဲ့တဖြည်းဖြည်းကျဆင်းနေတဲ့စိတ်ဓာတ်ကို ဆွဲတင်ဖို့ လုပ်ဟန်တူပါတယ်။ လူမိုက်ခေါင်းဆောင်ဆိုတော့ လူမိုက်တပည့်တွေအကြိုက် ကြမ်းပြရမ်းပြတဲ့သဘောမျိုးပေါ့ ။ KIO ၊ KIA အရာရှိတွေ ပွဲတက်မည့်သတင်းရလို့ လုပ်ကြံသတ်ဖြတ်တဲ့ သဘောလည်း သက်ရောက်ပါတယ်။
တရုတ်ပြည်ဟာ မြန်မာစစ်တပ်ရဲ့အင်အားအခြေအနေကို ပေးဖို့တောင်းဆိုခဲ့ပြီး အလဲအလှယ်အဖြစ် EAOs လက်နက်ကိုင်တွေရဲ့ တည်နေရာ ၊အနေအအထား၊အင်အားအခြေပြုမှုကို ပြန်လည်ပေးအပ်မယ်ဆိုပြီး နွေဦးတော်လှန်ရေးအစမှာ ပြောခဲ့ဖူးတာကို တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လုံးဝ မေ့မထားပါနဲ့ ၊ သတိလက်လွတ်မနေပါနဲ့ ၊ ပြင်သင့်တာတွေ ပြင်ထားပါ ။
နောက်တစ်ခုက " လွတ်မြောက်နယ်မြေ ၊ လွတ်မြောက်နယ်မြေ"လို့ သုံးနေကြတဲ့စကားရပ်ဟာ တကယ်ပြီးပြည့်စုံတဲ့လွတ်မြောက်မှု မဟုတ်ဘူးဆိုတာ ပြဆိုပါတယ် ။ အခြားလူမျိုးတစ်စုရဲ့ပြဿနာဟာ ကိုယ့်ပြဿနာမဟုတ်ဘူး ယူဆလို့မရနိုင်ဘူးဆိုတာ ပြဆိုပါတယ်။
တကယ်တော့လည်း စိတ်မကောင်းဖြစ်စရာ ၊ ဝမ်းနည်းစရာတွေက နေရာစုံမှာ နေ့စဥ်ရက်ဆက်ဆိုသလို ဖြစ်နေတာ ဖြစ်ပါတယ်။
စစ်ဘေးကြောင့် မီးလောင်တစပြင်လိုဖြစ်နေတဲ့စစ်ကိုင်း ( အိမ်ခြေ ၂ သောင်းကျော် မီးရှို့ခံခဲ့ရ ) ၊ တိုက်ပွဲတွေကြောင့် အုံနဲ့ကျင်းနဲ့ ထွက်ပြေးနေရတဲ့ ချင်း ၊ ကရင် နှင့် ကယား ။ စစ်ဘေးကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ ကချင်နှင့် ရခိုင် ။ ရန်ကုန်၊ မန္တလေးက ကျူးကျော်ဆိုပြီး အဖျက်ခံရသူတွေ ၊ ချိတ်ပိတ်ခံရသူတွေ စသည်ဖြင့် တပြည်လုံးအတိုင်းအတာအနေနဲ့ စိတ်မကောင်းဖြစ်စရာ ၊ ဝမ်းနည်းကြေကွဲဖွယ်ရာ ၊ မျက်ရည်ပူတွေနဲ့ အတိဖုံးလွှမ်းနေခဲ့တာပါ ။
မြန်မာ့နွေဦးတော်လှန်ရေးကို ကြည့်မယ်ဆိုရင် အစပိုင်းမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်ခဲ့ပြီး ပွဲအလယ်လောက်မှာ နည်းနည်းလောက် အီနေတာ ၊ အိုင်နေတာကို တွေ့နိုင်ပါတယ် ။ တဖက်ရဲ့ဖိအားကို ပြန်လှန်ချပြီး ကိုယ့်ဖက်က အားသာသွားအောင် မလုပ်နိုင်သေးတာကို တွေ့ရတယ်။
အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းက တော်လှန်ရေးဖက်တော်သားများ ( သို့မဟုတ် ) တော်လှန်ရေးဖက်တော်သား မဟာမိတ်တွေကြားမှာ ပိုညီညွတ်ဖို့လိုအပ်နေသေးတာ ၊ စုဖွဲ့ပုံ စည်းစနစ်မကျတာ ၊ ဖွဲ့စည်းပုံ လိုအပ်ချက် ရှိနေတာ ၊ တဖွဲ့နဲ့ တဖွဲ့ ယုံကြည်မှုနည်းပီး စိတ်ခေါင်းမာနေကြတာ ၊ မိမိသွားလိုသည့် ပန်းတိုင်အပေါ် ယုံကြည်ချက် နည်းနေကြတာ ၊ နေသာသလို နေနေကြတာ ၊ စနစ်သစ်အား လိုလားတမ်းတနေကြသော်လည်း ပြုပြင်ပြောင်းလဲရေးအား စိတ်အားထက်သန်စွာ မလုပ်ဆောင်ကြတာ ၊ လက်နက်အင်အားချို့တဲ့တာ ၊ နည်းဗျူဟာအားနည်းတာ ၊ ဗဟာဗျူဟာအားနည်းတာ ၊ ပြည်ပနိုင်ငံတွေရဲ့ အားပေးကူညီထောက်ပံ့မှု လိုအပ်ချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကို သေချာစမ်းစစ် ပြုပြင်နိုင်ရင် အားပြန်ကောင်းလာမှာ ဖြစ်ပါတယ်။
လတ်တလော မြန်မာ့အရေးတွက် အာစီယံရဲ့လှုပ်ရှားမှုကတော့ အာစီယံဘုံသဘောတူညီချက် ( ၅ ) ချက်ကို ထပ်လောင်း အတည်ပြုပါသတဲ့ ။ တော်တော်ကြီးမားတဲ့လှုပ်ရှားမှုကြီးလို့ အငေါ့ပြောရမယ် ထင်ပါတယ်။ အမေရိကန်ဒီမိုကရက်အစိုးရ ၊ ဥရောပ ၊ ကုလသမဂ္ဂ အဖွဲ့တို့ကတော့ အားစီယံကို တဖန်ပြန်လွှဲချကြတယ် ၊ အာစီယံက တရုတ်ပြည်မျက်နှာကြည့်နေရ ဖြစ်နေပြန်နဲ့ ရှင်းနေတာကို ရှုပ်တယ် ထင်ရအောင် လုပ်နေကြလေရဲ့ ။အနှစ်ချုပ်ကတော့ အမေရိကန်ဒီမိုကရက်အစိုးရ ၊ ကုလသမဂ္ဂ ၊ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံတွေဟာ တရုတ်ပြည်ရဲ့ " မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်" ဆိုတဲ့ ပေါ်လစီလမ်းကြောင်းထဲကနေ ရုန်းမထွက်နိုင်သေးတာ အထင်အရှား ဖြစ်ပါတယ် ။ ရုန်းမထွက်နိုင်တာထက် ရုန်းမထွက်ချင်ကြတာလည်း ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ပြည်ကွန်မြူနစ်ပါတီအစည်းအဝေးမှာ သမ္မတဟောင်း ဟူကျင်တောင်းကို ဆွဲထုတ်သွားခဲ့တဲ့ဖြစ်စဥ်နဲ့ပက်သက်လို့ တွေးဆကြည့်ရရင် ရှီကျင်းပင်ဟာ သူရဲ့ခွန်အားကို ကမ္ဘာကို ပြသလိုဟန်တူပါတယ်။ သူ့ရဲ့အဂ္ဂမဟာဗျူဟာကျတဲ့ ပိုးလမ်းမစီမံကိန်းကြီးဟာ တစ်ဝက်တစ်ပျက်ဖြစ်နေတာရော ၊ လက်ရှိဖြစ်ပျက်နေတဲ့ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအရရောကြောင့် ရှီကျင်းပင်ဟာ သူ့နေရာကို ဆက်လက်ဆုပ်ကိုင်ထားလိမ့်မယ်ဆိုတာကတော့ အစောကတည်းက တွက်ဆလို့ရပါတယ်။
ရုရှားကတော့ ယူကရိန်းကို အပြီးသိမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေးကိုစခဲ့ပေမဲ့ စစ်ဆင်ရေးတစ်ဝက်မှာပဲ ဗျူဟာပြောင်းပြီး ယူကရိန်းအရှေ့ပိုင်းနယ်မြေတွေဖြစ်တဲ့ Luhansk ၊ Donetsk ၊ Zaporizhia ၊ Kherson ဒေသတွေကို သိမ်းပိုက်ပြီး ရုရှားနိုင်ငံရဲ့အချုပ်အခြာထဲကို ထည့်သွင်းနိုင်ဖို့ ကြံစည်နေတာ တွေ့ခဲ့ရတယ်။
ခရိုင်းမီးယားကျွန်းကတော့ အရင်ကတည်းက သိမ်းထားပြီး ဖြစ်လို့ ရုရှားဟာ အရှေ့အလယ်ပိုင်း ထွက်ပေါက်တစ်ခုရဖို့ ဖန်တီးနေတယ်ဆိုတာ အများမြင်သာတဲ့အနေအထားရောက်လာပြီ ဖြစ်ပါတယ်။ အဲ့ဒီထွက်ပေါက်ကနေ အရှေ့အလယ်ပိုင်း ၊ အာဖရိက စသည့်ဖြင့် ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ဟန် ရှိပါတယ်။ စစ်ရေး ၊ စီးပွားရေးအရ အင်မတန်အရေးပါတယ်ဆိုနိုင်ပါတယ်။
ဒီရက်ပိုင်းထဲမှာပဲ အီလွန်မက်ဟာ တွစ်တာကို ( ၄၄ ) ဘီလီယံနဲ့ အပြီးသတ်ဝယ်ယူပြီးတဲ့တချိန်တည်းမှာပဲ မာခ်ဇူကာဘတ်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာလည်း လ'အလိုက် ၊ နှစ်'အလိုက်ထိုးကျနေတာကို တွေ့ရပါတယ်။ ( ဓာတ်ပုံကို ရှု့ )
ထူးခြားတာက အီလွန်မက်ရဲ့ တွစ်တာဝယ်ယူမှုအပေါ်မှာ ဝိုင်းပြီးရှုံ့ချတာ ၊ မနာလိုတာ ၊ ပုတ်ခတ်ကြတာကတော့ အမေရိကန်ဒီမိုရက်ဖန်တွေ ဖြစ်နေတာ တွေ့ရတယ်။တွစ်တာကို ဝယ်တယ် ၊လွတ်လပ်စွာ အသုံးပြုခွင့်ပြုမယ်ဆိုပြီး အီလွန်မက်ကတော့ ပြောပါတယ် ။ တွစ်တာကို သူပိုင်သွားပြီဆိုတော့ လူဟောင်းတွေကို ထုတ်တာ အသစ်ခန့်တာတွေ သူကတော့ လုပ်မှာပဲ။ အဲ့ဒီအပေါ်မှာ ဒေါသတကြီး တုန့်ပြန်ကြတာကလည်း ဒီမိုဖန်တွေ ဖြစ်နေတာတွေ့ရတယ်။ " နာဇီ လက်သစ်ဝါဒ " bla bla .. အပါအဝင် " တက်စလာကား ဝယ်မစီးတော့ဘူးဆိုပြီးတောင် စိတ်ကောက်နေကြလေရဲ့ .."
တရားသဖြင့် ရှာထားတဲ့ငွေနဲ့ အမေရိကန်နိုင်ငံကပြဌာန်းထားတဲ့တရားဥပဒေအောက်ကနေ တရားသဖြင့် ဝယ်ယူတာ ဖြစ်ပါတယ် ၊ အဆင့်ဆင့်စီစစ်ပြီးမှ အပြီးသတ်ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
မှန်းကြည့်ရသလောက်တော့ တွစ်တာလူမှုကွန်ယက်ဝယ်ယူခံလိုက်ရမှုဟာ ဒီမိုကရက်တွေဖက်က နိုင်ငံရေးအရ ရှုံးနိမ့်မှုလို့ ရှု့မြင်ကြပုံပါပဲ။ ဘာကြောင့်လည်းဆိုတော့ အမေရိကန်လူမျိုးအများစုသုံးတဲ့ လူမှုပလက်ဖောင်းတစ်ခုပေါ်ကနေ ဝါဒမှိုင်းတိုက်ပြီး လွှမ်းမိုးထားတဲ့ သူတို့ရဲ့အရှိန်အဝါလျော့ကျသွားနိုင်တာကြောင့်ပါ ။ ဒါကြောင့်လည်း အညှိုးတကြီး တိုက်ခိုက်ကြပုံပေါ်တယ်။
တချိန်က ဒေါ်နယ်ထရန့်ရော ၊ အီလွန်မက်စ်ရောဟာ ဒီမိုကရက် ဖက်တော်သားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရက်တွေရဲ့ဗဟိုခွာအားများလာပြီးတဲ့နောက်မှာမှ ရီပက်ဗလစ်ကန်တွေဖက်နီးကပ်သွားကြသူများဖြစ်ပါတယ်။
အီလွန်မက်စ်ဟာ တွစ်တာကို အပြီးသတ်ဝယ်ယူနိုင်လိုက်တာကို ထောက်ရှု့ရင်တော့ အမေရိကန်နိုင်ငံရေးဟာ မျှခြေတစ်ခု ပြန်လည်ဖန်တီးနိုင်ဖို့ နီးစပ်နေပြီလားဆိုတာ တွေးဆစရာ ရှိပါတယ်။
အကယ်၍ အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေဟာ မျှခြေအနေအထားပြန်ရောက်သွားခဲ့ရင် မြန်မာ့နိုင်ငံရေးအပါအဝင် ကမ္ဘာ့နိုင်ငံရေးဟာလည်း ပြောင်းလဲသွားဖို့ရှိပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် မြန်မာပြည်သူတွေအနေနဲ့အားမွေးပြီး တောင့်ခံထားဖို့လိုပါတယ်။ အခွင့်သာတာနဲ့ ကိုယ့်ဖက်ကအသာရသွားအောင် ညီညီညွတ်ညွတ် တပြိုင်တည်းတွန်းချနိုင်ဖို့ အားမွေးပြီး တောင့်ခံထားကြပါ။
ကံဆိုတာ အမြဲမကောင်းနိုင်သလို ၊ ကံအမြဲလည်း မဆိုးနိုင်ပါဘူး။
" ကြွေတလှည့် ၊ ကြက်တစ်ခုန်ပါ "
myanmar society🇲🇲
မြန်မာပြည်သူပြည်သားများ ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ မေတ္တာပို့လျက် ~~