"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )


ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး 
ပြောဆို ဆွေးနွေးချက်များ -

ဇင်း ။ ။ တကာကြီးက အရက်သောက်တာ 
အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို၊တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။

ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။

ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊ 
တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။

ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ " ဖြောင့်ချက် " 
ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ရေးတာလဲ တကာကြီး ။

ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာ၀န်ရှိလို့ပါ ဘုရား ။

ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလဲ တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။

ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။
ဒီပြဿနာလေးရှင်းပေးပါအုံး.................

ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ၀င်ပြီး မေးကြည့်တာပဲ ။

ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။ 
တပည့်တော် ဖြေပါတော့မယ် ။
ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။ 
(၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။ 
(၂) အရက်သောက်တာ အပြစ် မရှိဘူးလို့ ရေးသလား ။ 
(၃) တကာကြီးကိုယ်တိုင် အရက်သောက်သလား ။ ဟုတ်ရဲ့လား ဘုရား ။

ဇင်း ။ ။ အရက်သောက်သေးသလားလို့ 
ဆိုလိုပါတယ် ။

ရွှေ ။ ။ မှန်လှပါဘုရား ၊ ဘယ်သူက ရေးခိုင်းသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရလျှင် ဘယ်သူကမှတော့ အရေးမခိုင်းပါဘူး ။ သို့သော်တပည့်တော်က လောကုတ္တရာ ရေးရာအတွက် အားထုတ်နေသူ ဖြစ်တဲ့အပြင် ကိုယ်သိသမျှ မြင်သမျှလေးကို သူတစ်ပါးအား တင်ပြနေသူဖြစ်လေတော့ ကိုယ့်အပေါ်မှာ သံသယ ကင်းရှင်းသွားစေလိုသည် တစ်ကြောင်း ၊ တပည့်တော် ရဲ့ ဝါသနာတစ်ခုက ဘယ်သူတွေ လက်ခံခြင်း ၊ လက်မခံခြင်းကို အပထား ၊ ကိုယ်တိုင် စိတ်ချလက်ချ ယုံကြည်ထားတဲ့ အခြင်းအရာတစ်ခုကို တင်ပြရမှ ကျေနပ်တတ်တာက တစ်ကြောင်း ဖြစ်ပါတယ် ဘုရား ။

ဇင်း ။ ။ ဖြောင့်ချက် ရေးရခြင်း အကြောင်းကတော့ ဟုတ်ပါပြီ ၊ အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတာက ဘယ်လိုလဲတကာကြီး ။

ရွှေ ။ ။ ဦးပဉ္ဇင်း က တပည့်တော်ရဲ့ ဆောင်းပါးကို 
ကိုယ်တိုင် ဖတ်ဖူးဟန် မတူပါဘူး ။

ဇင်း ။ ။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ စာအုပ်ကိုသာ ဖတ်ဖူးတယ် 
ဖြောင့်ချက်ကို မဖတ်ဖူးပါဘူး ၊ လူပြောသူပြောပါပဲ ။

ရွှေ ။ ။ စာကို သေသေချာချာ မဖတ်ဘဲနဲ့ ပြောကြတာပါဘုရား ။ အပြစ်မရှိဘူးလို့ မရေးဖူးပါဘူး ။ ငရဲမကြီးဘူးလို့သာ ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ငရဲမကြီးရသလဲ ၊ 
သုရာမေရယသိက္ခာပုဒ်ပဲ ။

ရွှေ ။ ။ ငရဲကြီးတယ် (သို့) အပါယ်ကျတယ်ဆိုတာ ဒုစရိုက် (၁၀)ပါး ကျူးလွန်မှ မဟုတ်လားဘုရား ၊ 
သုရာမေရယ ဟာက သီလနယ်ထဲက မဟုတ်ပါလားဘုရား ။ဒုစရိုက်မှု နဲ့ သီလက တစ်ခြားစီပါဘုရား ။ ဒုစရိုက်မှု ဆိုတာက ကျူးလွန်လျှင် အပါယ်ကျတယ် ။ သီလ ဆိုတာက ကောင်းသော အလေ့အကျင့် ဖြစ်ပါတယ် ။ အရက်သောက်ခြင်းဟာ ကောင်းသောအလေ့တော့ မဟုတ်ဘူးပေါ့ ဘုရား ။ နစ္စ ၊ဂီတ ၊ ဝါဒိတ ဆိုတာမျိုးတွေလိုပေါ့ ။ ရှောင်လျှင်ကောင်းတယ် (သို့) ငရဲတော့ မကြီးပါဘူးဘုရား ။

ဇင်း ။ ။ သို့သော် သုရာမေရယကို ကာမေသုမိစ္ဆာစာရကံထဲမှာ ထည့်သွင်းရမယ်လို့ အဋ္ဌကထာ ဆရာက ဆိုတယ် တကာကြီး 

ရွှေ ။ ။ ဒါက သူ့အယူအဆကိုးဘုရား ။ 
သူတစ်ပါး မယားကို ပြစ်မှားတာနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်သောက်တာ နဲ့ ဘာများသက်ဆိုင်လို့လဲ ဘုရား ။

ဇင်း ။ ။ ကာမဂုဏ် ခံစားတဲ့ သဘာ၀ချင်းတူတယ် 
တကာကြီး ။

ရွှေ ။ ။ ကာမဂုဏ်ခံစားရုံနဲ့ ငရဲကြီးတယ်လို့ ဗုဒ္ဓက 
ဟောတော်မမူခဲ့ပါဘူးဘုရား ။ တစ်ချို့က ဘယ်လိုတောင် ရေးကြသလဲဆိုတော့ အရက်သောက်တဲ့လူဟာ ရသာရုံခံစားခြင်းပဲတဲ့ ။ ကိုယ်တိုင် ဘာမှ မသိဘဲနဲ့ ရမ်းပြီး ရေးချင်တဲ့ လူတွေကြောင့် ခက်တာပဲ ။ အရက်သောက်တယ်ဆိုတာ ရသာရုံခံစားခြင်း မဟုတ်တဲ့အပြင် အစ ပထမ မှာ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ မျိုချရတဲ့ အရည်ပါ ဘုရား ။ နောက်တော့မှ ဇိမ်တစ်မျိုးရှိတယ်ဆိုပြီး ကြိုက်တတ်လာခြင်း ဖြစ်ပါတယ် ။ " ဇိမ် " ကို ကြိုက်ခြင်းပါ ။ အရသာကို ကြိုက်ခြင်း မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ နောက်တော့ အရသာကိုပါ ကြိုက်လာတယ်ဆို ။

ရွှေ ။ ။ ဒါကတော့ တမာရွက်ပြုတ်စားတဲ့ လူလိုပေါ့ဘုရား ။ ပထမတော့ ခါးတယ် ။ နောက်တော့မှ ကြိုက်တာပါ ။ အရက်မှာတော့ ဇိမ်က အဓိက ပါဘုရား ။ ကိုယ်တိုင် မြည်းမစမ်းဘဲနဲ့ သူတစ်ပါး ပါးစပ်ထဲက အရသာကို မှန်းဆပြီး ဆရာလုပ်ချင်တဲ့ လူတွေတော့ တပည့်တော်က တယ်မတည့်ဘူး ။ 
သုရာမေရယဟာ ငရဲကြီးတယ်ဆိုရင် ဗုဒ္ဓက ဒုစရိုက် (၁၁) ပါးလို့ ဟောခဲ့မှာပေါ့ဘုရား ။ 
(၁၁) ပါးဟောလျှင်လည်း ဂဏန်းအနေနဲ့ အရုပ်မဆိုးပါဘူး ။မီး (၁၁) ပါး တို့ ဘာတို့ ရှိသားပဲ ။ ဗုဒ္ဓက (၁၀) ပါးလို့ ဟောတော်မူခဲ့တဲ့ အထဲမှာ သီလထဲက တစ်ခုယူပြီး ကာမေသု ထဲ အတင်းသွင်း လို့ တပည့်တော်တော့ လက်မခံဘူး ။ သူ့သဘော သက်သက်ပဲ ။ ဘုရားဟော မဟုတ်ဘူး ။

ဇင်း ။ ။ လူတွေ လိမ္မာလာအောင်ဆိုတဲ့ သဘောနဲ့ 
သွင်းထည့်တာ ထင်ပါရဲ့ တကာကြီး ။အရက်သောက်ခြင်းဟာ မကောင်းတာတော့ ၀န်ခံတယ် မဟုတ်လား ။

ရွှေ ။ ။ အတိုင်းအရှည်နဲ့ ၀န်ခံပါတယ် ။သို့သော် လိမ္မာအောင်ဆိုပြီး အပိုခြောက်လှန့်ပေးလျှင်   တော့ အမှန် (သစ္စာ)တရား ပျက်တယ်လို့ တပည့်တော် နားလည်ပါတယ်ဘုရား ။ ဥပမာ - စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ်လို့ ရှေးကလူကြီးတွေက  ကလေးတွေကို ခြောက်ခဲ့တယ် ။ အမှန်ကတော့ (မြေ)စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကွဲမှာစိုးလို့ပါပဲ ။ ကလေးတွေအဖို့ ဟုတ်ချင်ဟုတ်မယ် ။သို့သော် လူတိုင်းဟာ ကလေး မဟုတ်ဘူးဘုရား။ဘာပဲပြောပြော တပည့်တော်အနေနဲ့ကတော့ ဗုဒ္ဓက မှန်တဲ့အတိုင်း ဟောထားပါလျက်နဲ့ တစ်ချို့က ဥာဏ်ကွန့်ပြီး အခြောက်တွေ၊အမြှောက်တွေနဲ့ ဖြည့်စွက်တာကို တပည့်တော် မလိုလားဘူးဘုရား။မှန်တာကို ဖော်ထုတ်ချင်တာပဲ ။

ဇင်း ။ ။ တကာကြီး က အရက်သောက်တာဟာ 
အပြစ်မရှိဘူးတဲ့လား ။

ရွှေ ။ ။ ဒီလို မလုပ်ပါနဲ့ ဦးပဉ္ဇင်း ။ တပည့်တော် ဥပမာဆောင်ခဲ့ပြီးကောဘုရား ။ စလောင်းဖုံး ၂ ချပ်ကို တီးလျှင် ကျားကိုက်တတ်တယ်ဆိုတာ မဟုတ်ပေမယ့်  ကွဲတတ်တယ်ဆိုတာ မှန်သလိုပဲ အရက်သောက်ခြင်းကြောင့် ငရဲကြီးတယ်ဆိုတာ 
မမှန်ပေမယ့် စလောင်းဖုံးကွဲတာလိုပဲ အပြစ်တော့
ရှိတတ်တာပေါ့ဘုရား ။

ဇင်း ။ ။ ရှိတတ်တယ်ဆိုတော့ ဧကန်စကား မဟုတ်ဘူး ။ အနေကန်စကားပေါ့ တကာကြီး ။

ရွှေ ။ ။ အတိုင်းနဲ့အထွာနဲ့ စည်းနဲ့ ကမ်းနဲ့ ဆိုလျှင်တော့ လူတွေထင်ကြသလို ဧရာမအပြစ်ကြီး မဟုတ်နိုင်ပါဘူးဘုရား ။ တပည့်တော်က ဒီအကြောင်းတွေကို စပြီး ရေးကတည်းက ရည်ရွယ်ချက်တစ်ခု ရှိပါသေးတယ် ။ အရက်သောက်တဲ့လူတွေကို အရက်မသောက်အောင် တပည့်တော် မတတ်နိုင်ဘူး ။ ဘယ်သူမှလည်း တတ်နိုင်မှာ မဟုတ်ဘူး ။ သို့သော် သောက်ကြလို့ရှိလျှင် စည်းနဲ့ကမ်းနဲ့ အတိုင်းနဲ့ အထွာနဲ့ အချိန်နာရီ နဲ့ သောက်ကြဖို့ သတိပေးချင်လို့ပါပဲ ။

ဇင်း ။ ။ ဘယ်လို သောက်ပုံသောက်နည်းလဲ တကာကြီး ရဲ့ ။

ရွှေ ။ ။ တပည့်တော်တို့ တိုင်းပြည်ကို ဟိုတုန်းက 
အုပ်ချုပ်သွားတဲ့ အင်္ဂလိပ်လူမျိုးတွေကို တပည့်တော်တို့ မြန်မာတွေက မိစ္ဆာဒိဋ္ဌိတွေ ၊ မျောက်ကဆင်းသက်တဲ့ အရိုင်းအစိုင်းတွေ ၊ ဘာတွေညာတွေ နဲ့ ခေါ်ချင်တတ်တယ် မဟုတ်ဘူးလား ။ သူတို့အရာရှိတွေဟာ လူတိုင်းလိုလိုပဲ အရက်သောက်တတ်တယ် ။ သို့ပေမယ့် ဂျင်မခါနာကလပ်မှာ မူးပြီး ရန်ဖြစ်ကြတယ်လို့ ဘယ်နှစ်ခါများ ကြားရဖူးသလဲ ။မူးလဲနေတယ်လို့ကော ကြားရသလား ။ 
အလုပ်ခွင်ကို အရက်မူးပြီး လာတယ်လို့ရှိပါသလား ။ ရှိတဲ့ပိုက်ဆံ အကုန်သောက်ပစ်တယ်လို့ရော ကြားရပါသလား ။ လူကြားထဲမှာ ပြောမှားဆိုမှားဖြစ်အောင် မူးတယ်လို့တောင် ကြားရပါသလား ။ တွေ့ရပါသလားဘုရား ။

ဇင်း ။ ။ ဒါကတော့ သူတို့က အထက်တန်း လူစားတွေကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်ကလည်း ဇိမ်ခံချင်လို့ သောက်လျှင် အထက်တန်းလူများသောက်နည်း ၊ ဂုဏ်သရေရှိတဲ့လူများ(Gentlemen )သောက်နည်းသောက်တတ်အောင် သတိပေးချင်တဲ့ ရည်ရွယ်ချက်ပါဘုရား ။ တပည့်တော် ရဲ့ အယူအဆ က လူတွေကို ငါးပါးသီလနဲ့  ငရဲ နဲ့ ဘာနဲ့ ခြောက်နည်းမျိုးထက် သောက်ချင်းသောက်လျှင် သိက္ခာရှိရှိနဲ့ သောက်တတ်ဖို့ သတိပေးခြင်းက လိုက်နာကြဖို့ နီးစပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်ဘုရား ။

ဇင်း ။ ။ သောက်တတ်ပြီး လူများအဖို့တော့ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ သောက်တတ်ပြီး လူများအဖို့ တပည့်တော် 
ရည်ရွယ်တာပဲ ။ မသောက်တတ်တဲ့ လူအဖို့တော့ 
ပိုက်ဆံကုန်မှာ တစ်ခုတည်းနဲ့ပဲ တော်တော်လုံလောက်နေပါပြီ ။ သောက်တတ်တဲ့လူကို မဟုတ်တရုတ် ခြောက်လှန့်ပြီး အဖြတ်ခိုင်းခြင်းထက် မှန်လည်းမှန်တယ် ၊ သဘာ၀လည်းကျတယ် ၊ နားထောင်ချင်စဖွယ်လည်း ရှိတယ်ဆိုတဲ့နည်းနဲ့ သတိပေးခြင်းက ပိုပြီး အောင်မြင်ဖို့ မျှော်လင့်ထိုက်တယ် မဟုတ်လားဘုရား ။

ဇင်း ။ ။ ခြောက်လှန့်ပေးလို့ ပြတ်တဲ့လူများရော
 မရှိပေဘူးလား တကာကြီးရယ် ။

ရွှေ ။ ။ ငရဲကြီးတယ်ဆိုလို့ မသောက်ဘဲ နေချင်နေမယ် ၊ သောက်တတ်ပြီးမှတော့ ငရဲကြောက်လို့ ဖြတ်တဲ့လူ နည်းပါလိမ့်မယ် ။နာမည်ကောင်းယူချင်လို့သော်လည်းကောင်း ၊ အသောက်လွန်ပြီး သေမှာကြောက်လို့သော်လည်းကောင်း ၊ ပိုက်ဆံမတတ်နိုင်လို့သော် လည်းကောင်း ဖြတ်ကြတဲ့လူက များပါလိမ့်မယ် ။

ဇင်း ။ ။ ဒါဖြင့် အပြစ်ရှိပုံက ဘယ်လိုရှိတာလဲ တကာကြီး ။

ရွှေ ။ ။ (၁) အချိန်မရွေးသောက်လျှင် ယစ်ထုပ်ဖြစ်ပြီး နောင်ဘ၀မှာ ရူးတတ်တယ်ဆိုတာ တပည့်တော် ယုံကြည်တယ်ဘုရား ။

(၂) ပိုက်ဆံကုန်တယ်ဘုရား ။

(၃) လွန်လွန်ကျူးကျူးဆိုလျှင် ကျန်းမာရေးကို ထိခိုက်တယ်ဘုရား ။ ဒါကတော့ လွန်လွန်ကျူးကျူး သမားများမှပါဘုရား ။လွန်လွန်ကျူးကျူးဆိုတာမျိုးကတော့ ဘယ်နေရာမှ မကောင်းဘူးဘုရား ။ အဗြဟ္မစရိယာ အလုပ်ဟာ ငရဲတော့ မကြီးဘူး ။ ဒါပေမဲ့ လွန်လွန်ကျူးကျူးဆိုလျှင် ဒုက္ခရောက်တတ်တာပါပဲဘုရား ။ ကာမဂုဏ်ခံစားမှု ဟူသမျှဟာ ဒီအတိုင်းချည်းပါပဲဘုရား ။ အပြစ်က ခံစားမှုကြောင့် မဟုတ် ။ လွန်ကျူးမှုကြောင့်ပါ ဘုရား ။

ဇင်း ။ ။ ကာမဂုဏ်ခံစားခြင်းဟာ အပြစ် မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ငရဲမကြီးတတ်ခြင်းကို ဆိုလိုပါတယ် ။ လူ့ဘောင်မှာ နေရတယ်ဆိုတာ ၀မ်းစာအတွက် အလုပ်လုပ်ရ ၊ဟိုဟာကြောင့်ကြ ၊ ဒီဟာကြောင့်ကြ ၊ သောကဗျာပါဒတွေ များလေတော့ အားလပ်တဲ့အချိန်ကလေးမှာ ဟိုတယ်တက်သူတက် ၊ဘိလိယက်ထိုးသူထိုး ၊ တင်းနစ်ရိုက်သူရိုက် ၊ ရုပ်ရှင် ကြည့်သူကြည့် ကိုယ့်နည်းနဲ့ ကိုယ် ဖျော်ဖြေမှုရှာကြရတာပဲ ဦးပဉ္ဇင်း ။

ဇင်း ။ ။ ဒါတွေ မပါဘဲ မဖြစ်နိုင်ဘူးလား တကာကြီး ။

ရွှေ ။ ။ ဒါတွေ မရှိလျှင် ခြောက်ကပ်ကပ် လူတစ်ယောက် ဖြစ်သွားနိုင်တယ် ။ ဦးပဉ္ဇင်းများတော့ နေနိုင်တယ် ၊ နေလည်းနေထိုက်တယ် ၊ မနေကြတာကတော့ ဦးပဉ္ဇင်းတို့ အပြစ်ပဲ ။

ဇင်း ။ ။ ဦးပဉ္ဇင်းများဆီ လှည့်လာပြီကိုး တကာကြီးရဲ့ ၊ ဗုဒ္ဓကတော့ ကာမဂုဏ်ကို အပြစ်လို့ဆိုပါလား တကာကြီး ။

ရွှေ ။ ။ ဒါက အဓိပ္ပာယ်တစ်မျိုးပါဘုရား ။ 
သံသရာ၀ဋ်မှ ကျွတ်လွတ်ချင်တဲ့ လူများအတွက် 
ဟောခြင်း ဖြစ်ပါတယ် ။ ကျွတ်လွတ်ချင်တဲ့သူ 
ဘယ်နှစ်ယောက် ရှိလို့လဲ ။ ဦးပဉ္ဇင်းရော
" သံသရာ၀ဋ်ဒုက္ခတော " ဆိုပြီးတော့ တစ်ကယ် 
ကျွတ်လွတ်ချင်တဲ့စိတ် ရှိရဲ့လား ။

ဇင်း ။ ။ ကျုပ်တို့ဆီ လှည့်လှည့်လာတော့တာကိုး 
တကာကြီးက ။

ရွှေ ။ ။ လှည့်ရတာက တစ်ခြားကြောင့် မဟုတ်ပါဘူး ဘုရား ။ ဦးပဉ္ဇင်းဟာက ငရဲကြီးမကြီးအကြောင်း ဆွေးနွေးရာကနေပြီးလွတ်မြောက်ရေးတရားအကြောင်း ထည့်ထည့်ပြောတာကိုးဘုရား ။ ဒီနှစ်ခုဟာ တစ်ကန့်စီထားမှ ဖြစ်ပါလိမ့်မယ်ဘုရား ။ လူသာမန်တွေအကြောင်းပြောလျှင် အပါယ်ငရဲက လွတ်ဖို့လောက်ဆိုလျှင် တော်ပါပြီ ။ 
၀ဋ်မှ လွတ်မြောက်ရေး နဲ့ ပတ်သက်တဲ့ အကျင့်ကတော့ တစ်ကဏ္ဍထားသင့်ပါတယ်ဘုရား ။ 
အမှန်မှာတော့ လူများအဖို့မှာ (အများအားဖြင့်) သံသရာမှာ ကောင်းကောင်းလည်ဖို့ ၊ ရဟန်းများ အဖို့တော့ သံသရာ၀ဋ်မှ ကျွတ်လွတ်ဖို့ ၊ အဲဒီလို အကျင့်တစ်မျိုးစီ ၊ တစ်ကန့်စီထားလိုက်ပါတယ်ဘုရား ။

ဇင်း ။ ။ သေ အရက်ဟာက ( ပမာဒတရား ) မေ့လျော့ခြင်းကို ဖြစ်စေတတ်တယ်တဲ့ ။မေ့လျော့တာကော အပြစ်မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ လာပြန်ပါပြီ ။ မေ့လျော့ခြင်းကြောင့် မဂ်ဖိုလ်နဲ့ ဝေးတာတော့ မှန်တယ် ။ သို့သော် မေ့လျော့ရုံသက်သက်ကြောင့်တော့ ငရဲကြီးသေးတာ မဟုတ်ဘူး ဦးပဉ္ဇင်း ။ ဒါထက် ပမာဒတရားဆိုတာ ဘာကိုမေ့လျော့ခြင်းလို့ ဆိုလိုတယ် ထင်သလဲဘုရား ။

ဇင်း ။ ။ ကုသိုလ်ကောင်းမှုပြုဖို့ မေ့လျော့ခြင်းပေါ့ တကာကြီး ။

ရွှေ ။ ။ ဒါန ၊ သီလတို့ ၊ ဥပုသ်စောင့်တာတို့ ဘာတို့လားဘုရား ။

ဇင်း ။ ။ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခါနီးမှာ " ဟန္ဒဒါနိ ဘိက္ခဝေ " ဆိုတဲ့ နောက်ဆုံးသတိပေးချက် တစ်ခု မိန့်တော်မူခဲ့တယ် ၊ ရုပ်နာမ်တရားတို့သည် ပျက်တတ်သော သဘောရှိတယ်တဲ့ ။ အဲဒါကို မမေ့ကြနဲ့တဲ့ ။ ဒါန ၊ သီလတို့အတွက် ဗုဒ္ဓပွင့်တော်မူခြင်း မဟုတ် ။ ဒါတွေကတော့ ဗုဒ္ဓတွေ မပွင့်လျှင်လည်း အပြည်ပြည်မှာ ပြုလုပ်တဲ့ လူများ ပြုလုပ်ကြစမြဲပါဘုရား ။ နောက်ဆုံး သတိပေးချက်အနေနဲ့ အမောခံပြီး မိန့်တော်မူမည် မဟုတ်ပါဘုရား ။ ပျက်တတ်သောသဘောရှိတယ် ဆိုတာကိုတော့ သတ္တဝါတွေက မေ့တတ်လွန်းလို့ ဗုဒ္ဓက အမောခံပြီး နောက်ဆုံး သတိပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်ဘုရား ။

ဇင်း ။ ။ ဒါကတော့ လက်မခံလို့ မဖြစ်ဘူး ။ 
လက်ခံရပေမှာပေါ့ ။ ဒါထက် သုရာမေရယ ဟာ ငရဲမကြီးဘူးဆိုတာကို တကာကြီးဘယ်လိုကြောင့် သဘောပေါက်သွားတာလဲ ။ ဒုစရိုက် ၁၀ ပါး ထဲမှာ မပါလို့ စဉ်းစားမိတာပဲလား ။

ရွှေ ။ ။ အမှန်ကတော့ စိတ်သဘာ၀အကြောင်းကို 
တပည့်တော်တရားအားထုတ်ရင်း လေ့လာရာမှာ 
အပြုအမူတစ်ခုဟာ ဘာကြောင့် ကုသိုလ်ဖြစ်တယ် ။ 
ဘာကြောင့် အကုသိုလ် ဖြစ်တယ်ဆိုတာကို ရှေးဦးစွာ သဘောပေါက်လာပါတယ်ဘုရား ။ 
သူတစ်ပါးကို ထိခိုက်နစ်နာစေလိုတဲ့ စေတနာနဲ့ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ အကုသိုလ် ဖြစ်တယ် ၊ သူတစ်ပါးကို ကောင်းစေလိုတဲ့ စေတနာနဲ့ ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ ကာမာ၀စရ ကုသိုလ် ဖြစ်တယ် ။ ကုသိုလ်မှု ၊ အကုသိုလ်မှုမှာ စေတနာဟာ အကြောင်းရင်း ဖြစ်တယ်လို့ တပည့်တော် သဘောကျလာပါတယ် ။ ဗုဒ္ဓကလည်း စေတနာကို ကံ ဟူ၍ ကောက်ယူရမယ်လို့ ဟောတော်မူတယ် ။ ဒီတော့မှ ဒုစရိုက် (၁၀) ပါးထဲမှာ ရှာကြည့်လိုက်တော့ သုရာမေရယ မပါခြင်းကို တွေ့ရလို့ တပည့်တော် အမြင်နဲ့ ကိုက်နေတာပဲဘုရား ။

ဇင်း ။ ။ နေပါဦး တကာကြီး ၊ အရက်သောက်တဲ့လူဟာ မူးယစ်ချင်တဲ့ စေတနာ မရှိဘူးလား ။

ရွှေ ။ ။ ဦးပဉ္ဇင်းက စေတနာနဲ့ ရည်ရွယ်ချက်ကို 
ရောထွေးနေတာကိုးဘုရား ။ မူးယစ်ချင်တဲ့ ရည်ရွယ်ချက်တော့ ရှိမယ် ။ ရည်ရွယ်ချက်ဟာ စေတနာ မဟုတ်ဘူးဘုရား ။

ဇင်း ။ ။ ရှင်းပါဦး တကာကြီး ။

ရွှေ ။ ။ စေတနာဆိုတာမျိုးဟာ သူတစ်ပါးအပေါ်မှာ 
ထားရှိခြင်းကို ဆိုလိုပါတယ် ။ မိမိကိုယ်အပေါ်မှာ ထားရှိခြင်းကို မဆိုလိုပါ

ဘူးဘုရား ။ သူတစ်ပါးအပေါ်မှာ စေတနာကောင်းထားလျှင် ကုသိုလ်ဖြစ်တယ် ။ စေတနာဆိုးထားလျှင် အကုသိုလ်ဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ် ကြီးပွားစေချင်တာတော့ လူတိုင်းမှာ ရှိတတ်ပါတယ် ။ သို့သော် ဒါကို ကုသိုလ်စိတ်လို့ 
မခေါ်နိုင်ပါဘူးဘုရား ။ လောဘစိတ်သာ ဖြစ်ပါတယ် ။ အရက်သောက်ခြင်းအားဖြင့် သူတစ်ပါးနဲ့ ပတ်သက်တဲ့ စေတနာဆိုးသော်လည်းကောင်း ၊ စေတနာကောင်းသော်လည်းကောင်း မပါရှိသည့်အတွက်ကြောင့် ကုသိုလ် ၊ အကုသိုလ် မကောက်ထိုက်ပါဘုရား ။

ဇင်း ။ ။ မူးပြီး ရမ်းတဲ့လူကော တကာကြီး ။

ရွှေ ။ ။ ဒါက တစ်ခြားပါဘုရား။ ရမ်းတဲ့အပြစ် ရောက်တာပါပဲ ။

ဇင်း ။ ။ သုရာမေရယ သက်သက်နဲ့တော့ အကုသိုလ် မဖြစ်ဘူးပေါ့ တကာကြီး ။

ရွှေ ။ ။ စိတ်သဘာ၀ကို တပည့်တော်ကိုယ်တိုင်
 လေ့လာလို့ တွေ့ရှိထားတဲ့အတိုင်းမှာတော့ လောကမှာအကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူး ။ ကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူးဘုရား။ စေတနာသာလျှင် ကုသိုလ် ၊ အကုသိုလ် ဖြစ်စေပါတယ် ။

ဇင်း ။ ။ သဘာဝတော့ ကျတတပဲ တကာကြီး ။ 
ကျုပ်တောင် လက်ခံချင်လာပြီ ။ သို့သော် မိရိုးဖလာ သမားတွေကတော့ ကြိုက်ကြရမှာ
 မဟုတ်ပေဘူး ။

ရွှေ ။ ။ အထူးသဖြင့် အသက်ကိုအသေခံမယ် ၊ 
သေအရက်ကို လျှာပေါ်မတင်ဖူးပါဘူး ညာဘူး နဲ့ ကြွားနေတဲ့ လူတွေက သာပြီးသဘောမကျ မှာပေါ့ဘုရား ။ သူတို့အသားယူစရာ အလုံးကလေးတစ်ခု လက်လွတ်သွားမှာကိုဘုရား ။ သို့သော် တပည့်တော် စာရေးတဲ့အခါမှာ မိရိုးဖလာသမားတွေအတွက် မရေးပါဘူးဘုရား ။ ကာလာမသုတ်မှာ ဟောတော်မူခဲ့တဲ့အတိုင်း သဘာ၀ကျမကျကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ရဲတဲ့ ပုဂ္ဂိုလ်များအတွက် ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးရဲ့စာကို လူများစုက လက်ခံဖို့ ခဲယဉ်းလိမ့်မယ်ပေါ့ ။

ရွှေ ။ ။ တပည့်တော်ဟာ လူပြိန်းများပါ နားလည်အောင်တော့ ရှင်းပြတတ်တယ်လို့ ကိုယ့်ဟာကို ထင်မိပါတယ် ၊ သို့သော် နားလည်ပေမဲ့ မကြိုက်နိုင်တာက ရှိသေးတာကိုးဘုရား ။ နားတော့လည်စေမယ် ၊ သို့သော် လက်ခံဖို့ဆိုတာကတော့ ဥာဏ်အနုအရင့်က ရှိသေးတာကိုးဘုရား ။ အချို့လူများကတော့ သူတို့ကြားဖူးထားတဲ့ အယူနဲ့ မတူလျှင် ခါးခါးသီးသီး ဖယ်ပစ်ချတတ် ကြပါတယ် ။ 
သူတို့အတွက် တပည့်တော် မရေးဖူးပါဘူးဘုရား ။

ဇင်း ။ ။ (၁) နဲ့ (၂) ကတော့ ပြေလည်ပါပြီ ။
 နံပါတ်(၃) ကျန်သေးတယ် တကာကြီးရဲ့ ၊ 
တကာကြီးဟာ အခု အရက်သောက်ပါသေးသလား ။

ရွှေ ။ ။ လူပုဂ္ဂိူလ်ချင်းဆိုလျှင်တော့ မေးဝံ့တဲ့ မေးခွန်း မဟုတ်ဘူးပေါ့ ။ သို့သော် ရဟန်းဆိုတော့ မေးနိုင်ပါတယ် ။

ဇင်း ။ ။ ဒီလိုကြောင့်ပါ တကာကြီး ။ 
တရားအားထုတ်နေတယ်ဆိုတဲ့အပြင် ကျမ်းပြုဆရာတစ်ယောက်ဆိုလို့ မေးရခြင်း ဖြစ်ပါတယ် တကာကြီးရယ် ။ မဖြေချင်လည်းနေပေါ့ ။

ရွှေ ။ ။ တပည့်တော်ကတော့ မေးသူရှိလျှင် ဖြေဖို့ အသင့်ပါပဲ ဘုရား ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ ရတနာ့သုတ်ထဲကလိုလား ။

ရွှေ ။ ။ ဒါကတော့ ဦးပဉ္ဇင်း ထင်ချင်သလိုထင်ပေါ့ဘုရား ။ တပည့်တော် လျှောက်ထားတာကို ယုံပါနော် ။ ဒါမျိုးမှာ တပည့်တော်မလိမ်ပါဘူး ။

ဇင်း ။ ။ ဘယ်လိုဟာမျိုးမှာမှ မလိမ်ဘူး ဟုတ်လား ။

ရွှေ ။ ။ ဒီလောက်လည်း မဟုတ်သေးဘူးဘုရား ။ 
တပည့်တော် အသက်သေရမည့် ကိစ္စမျိုးဆိုလျှင် 
သေရမှာကို ကြောက်ပြီးလိမ်မိမလား မပြောတတ်ပါဘုရား ။

ဇင်း ။ ။ တကာကြီးက သေရမှာ ကြောက်တုန်းလား ။

ရွှေ ။ ။ ဘယ့်နှယ်ဘုရား ၊ လောကဓံအောင်ပြီလို့ 
၀န်မခံနိုင်သေးလျှင် အာဇာနည်များမှတစ်ပါး 
သေရမှာကို ကြောက်တဲ့လူချည်းပေါ့ဘုရား ။

ဇင်း ။ ။ ကိုင်း တကာကြီးနဲ့ အရက်အကြောင်းကို 
ဖြေပါတော့လေ ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ သောက်ခဲ့တယ်ပေါ့ဘုရား ။ ဒါပေမဲ့ တပည့်တော်တို့ လူသိုက်က စည်းနဲ့ ကမ်းနဲ့ အိုင်စီအက်သောက်သောက်တဲ့ လူတွေပါ ။

ဇင်း ။ ။ တကာကြီးက အိုင်စီအက်တော့ တယ်အထင်ကြီးသကိုး ။

ရွှေ ။ ။ ဒီ့ပြင်နေရာမှာ ဒီလောက် မဟုတ်ဘူး ။ 
သောက်တဲ့နေရာမှာတော့ သူတို့လူစုကို ကောင်းကောင်း အတုခိုးတယ် ဘုရား ။

မင်းကြီးရဲ့တောလိုက် စာရေးလုပ်ခဲ့ဖူးတော့
 ဂျင်မခါနာကလပ်တို့ ၊ ပဲခူးကလပ်တို့မှာ သူတို့သောက်ပုံတွေကို မြင်ရဖူးသကိုးဘုရား ။တပည့်တော် သရေကျမိတယ် ။

ဇင်း ။ ။ အတိုင်းအတာရှိတယ် ၊ မလွန်စေရဘူး ဆိုပါတော့ ။

ရွှေ ။ ။ ဒါတွင်မကဘူး ၊ နံနက်ခင်းမှာ ဘယ်တော့မှ မသောက်ဘူး ။

ဇင်း ။ ။ ဘာကြောင့်တဲ့လဲ ။

ရွှေ ။ ။ နံနက်ခင်း သောက်တဲ့လူဟာ တစ်နေ့လုံးသောက်ဖြစ်ပြီး ယစ်ထုပ်ဖြစ်သွားတတ်လို့ပဲဘုရား ။ သူတို့က သောက်ကြပေမဲ့ မသောက်ရလျှင် မနေနိုင်ဆိုတဲ့ ယစ်ထုပ်ဖြစ်မခံဘူး ဘုရား ၊ အဲဒါကို တပည့်တော်က သိပ်သဘောကျတယ် ။ တပည့်တော် ယုံကြည်ချက်ကလည်း ယစ်ထုပ်ဖြစ်သွားလျှင် နောင်ဘ၀ မှာ အရူး ဖြစ်တတ်တယ် ။ ရူးသွပ်တယ်ဆိုလျှင် မဂ်ဖိုလ်အတွက် တစ်ဘ၀ဆုံးတော့တာပဲဘုရား ။

ဇင်း ။ ။ မဂ်ဖိုလ်အတွက်တော့ တော်တော်ကြောင့်ကြစိုက်သကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ဆင်းရဲမှာကို မကြောက်လှဘူး ။ ဘ၀ဆုံးရှုံးသွားမှာကို အကြောက်ဆုံးပဲ ၊ 
ဒါကိုတော့ တော်တော် ငယ်ငယ်ကတည်းက 
အထူးသတိထားပါတယ် ။

ဇင်း ။ ။ တော်တော်ကြီးလာတော့ ဘယ်လိုဖြစ်လာသလဲ ။

ရွှေ ။ ။ ဒင်နာပါတီမျိုးဖြစ်စေ ၊ ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းသောက်ဖော် သောက်ဖက်များနဲ့ တွေ့ဆုံကြတဲ့ အခါမျိုးလောက်ဖြစ်စေ သောက်ပါတော့တယ် ။

ဇင်း ။ ။ အခုတိုင် ဒီလိုပဲလား ။

ရွှေ ။ ။ အခုတိုင်တော့ မဟုတ်ပါဘူးဘုရား ။ တဖြည်းဖြည်း ပြောင်းလဲလာပုံကို အဆင့်ဆင့် လျှောက်ထားခြင်းပေါ့ ။

ဇင်း ။ ။ နောက်တော့ကော တကာကြီး ။

ရွှေ ။ ။ တရားတွေ ဘာတွေ အားထုတ် ၊ 
ရဟန်းပြုပြီးလို့ လူထွက်ရတဲ့နောက်တောင် ။

ဇင်း ။ ။ ဒုလ္လဘရဟန်းလား တကာကြီး ၊ 
ဘယ်လောက်၀တ်ခဲ့သလဲ ။

ရွှေ ။ ။ ဒုလ္လဘရဟန်း မဟုတ်ပါဘူး ။ 
ကိုယ့်ဟာကို ထင်ခဲ့မိတယ် ၊ ငါတော့ ဒီတသက်မှာ 
အရက်တော့ သောက်ချင်တော့မှာမဟုတ်ဘူးလို့ ။ 
သို့သော် တစ်နှစ်ကျော်လောက်ကြာတော့ ငယ်ပေါင်းကြီးဖော်များနှင့် ဆုံစည်းရာမှာ သောက်ချင်တဲ့စိတ် ဖြစ်လာပြန်တယ် ။ တပည့်တော် မျှော်လင့်တာက သောက်ချင်တဲ့စိတ် ကုန်ပြီထင်တာ ၊ အခုတော့ ရှိနေပြန်တယ် ။ အနာဂါမ်ပုဂ္ဂိုလ်များဟာကာမရာဂ ( လိင်ကိစ္စ ) ကို ပယ်တယ်ဆိုတာ အောင့်ထားခြင်း မဖြစ်ရဘူး ။ 
စိတ်ကုန်ခန်းသွားခြင်း ဖြစ်ရမယ်လို့ တပည့်တော် တွက်တယ် ။ ကိုယ့်ကို ကိုယ်အနာဂါမ် ဖြစ်တယ်ထင်လို့ အောင့်ထားရုံနဲ့လည်း အနာဂါမ် ဖြစ်တာ မဟုတ်နိုင်ဘူး ။ ကိုင်း ဒီတော့ သောက်ချင်တဲ့စိတ် ရှိသေးတဲ့အတူတူ သောက်ပေဦးတော့ ။ သို့သော် သောက်ချင်စိတ် ပျောက်အောင် အားထုတ်ယူမယ်လို့ ပြဋ္ဌာန်းလိုက်တယ် ။

ဇင်း ။ ။ ဒီတော့ ရှေးရှေးကအတိုင်း သောက်ပြန်ရော့လား ။

ရွှေ ။ ။ ငယ်စဉ်တုန်းက အတိုင်းတော့ မဟုတ်ပါဘူး ။ ဒင်နာပါတီတို့ ဘာတို့လောက်ပါပဲ ။

ဇင်း ။ ။ နောက်တစ်ထစ်က ဘယ်လိုလဲ ။

ရွှေ ။ ။ တပည့်တော်က ကိုယ့်စိတ်ကို စစ်ဆေးတဲ့အလုပ် လုပ်လာခဲ့တာက တော်တော်ကြာပါပြီ ။

ဇင်း ။ ။ ဘယ်လို စစ်ဆေးသလဲ တကာကြီး ။

ရွှေ ။ ။ သောက်ချင်တဲ့စိတ် ဖြစ်ပေါ်လာခြင်းဟာ 
တပည့်တော်အဖို့မှာတော့ အစားကောင်းကောင်းနဲ့ 
တွဲတွဲပြီး ဖြစ်တတ်တယ် ။

ဒီလိုပါဘုရား ၊ တပည့်တော်က အစားကောင်းကြိုက်တတ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ် ။ လူတိုင်းကြိုက်တယ်ဆိုပေမဲ့ တပည့်တော်က ကဲလွန်းပါတယ် ။ ကြိုက်ဟင်း မပါလျှင် မျိုလို့ မကျသလောက်ပါပဲ ။ ပြီးတော့ အသောက်ရဲ့ သတ္တိဟာက ကောင်းတဲ့ အစာတစ်ခုကိုပိုပြီးကောင်းအောင် လုပ်ပေးနိုင်ပါတယ် ။ ဒီတော့ကာ တပည့်တော်မှာ ဘယ်လို ဖြစ်နေသလဲဆိုတော့ ငယ်စဉ်တုန်းကဆိုလျှင် အိမ်မှာအထူးတလည် ကောင်းကောင်းချက်ထားတဲ့ ဟင်းမျိုးနဲ့တွေ့လျှင် ထမင်း မစားသေးပဲ တစ်ခွက်ပြေးပြီး သောက်လိုက်ရပါသေးတယ် ။

ရည်ရွယ်ချက်ကတော့ ကောင်းနေတဲ့ဟင်းကို ပိုပြီး 
အရသာ ပေါ်လာအောင်ပေါ့ဘုရား ။
နောက်ပိုင်းကျတော့ အိမ်ကဟင်းကြောင့်တော့ 
မဖြစ်တော့ပါဘူး ။ သို့ပေမဲ့ အင်မတန်ကြိုက်တတ်တဲ့ တရုတ်စားပွဲကြီးမျိုးကျတော့ အစားကောင်းတာနဲ့ပဲ ရှေ့မှာထောင်ထားတဲ့ပုလင်းဆီကို လက်က ရောက်ရောက်သွားချင်တယ် ။ ဒီအထဲမှာ အနားကလူက ငှဲ့ပေးပြန်တော့ သောက်လိုက်မိတာပေါ့ဘုရား ။

တရုတ်ပြည်သွားတုန်းက ငါသောက်လို့ တော်မထင်ပါဘူးလို့ အောက်မေ့သွားပေမဲ့ အစားကောင်းသွေးဆောင်မှုကြောင့် သောက်ခဲ့မိတာက များတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးဟာက ဖြတ်ဖို့ခက်နေပြီကော ။

ရွှေ ။ ။ နေပါဦး ဦးပဉ္ဇင်း ၊ တပည့်တော် လျှောက်ခဲ့တဲ့အတိုင်း အစားကောင်း သွေးဆောင်မှုကြောင့် သောက်ဖြစ်တယ်ဆိုလျှင် အစားကောင်း စားချင်တတ်တဲ့ အာသာဆန္ဒကို ဖြတ်ပစ်လိုက်နိုင်လျှင်တော့ အသောက်ပါ ပါသွားမှာပဲလို့ အကြံ ဖြစ်ပေါ်လာတယ် ။

ဇင်း ။ ။ ဘယ်လို လုပ်သလဲ ။

ရွှေ ။ ။ တပည့်တော်ဟာ ကျန်းမာရေးလိုက်စားလေ့ရှိလေတော့ အိန္ဒိယပြည် ဆေးကျမ်းတစ်ခုမှာ ဖတ်ရဖူးတယ် ။ လူတိုင်းဟာကိုယ့်၀မ်းဗိုက် ( အစာအိမ် ) ကို အလုပ်ပေးလွန်းအားကြီးတယ်တဲ့ ၊ တစ်နှစ်မှာ ရက်သတ္တတစ်ပတ်လောက် လုံး၀ အစာရှောင်သည်ဖြစ်စေ ၊ သို့တည်းမဟုတ် ထမင်းဟင်း မပါဘဲ ဟင်းရွက်ပြုတ်လောက်ချည်း စားနေသည် ဖြစ်စေ ၀မ်းဗိုက် အနားရလို့ ပိုပြိး ကျန်းမာနိုင်တယ်တဲ့ ၊ ဒီနည်းကို နှစ်စဉ် ၀မ်းဗိုက်ရှင်းနည်း ( Annual Cleaning ) လို့ခေါ်တယ် ။ ဒါကို တပည့်တော် သဘောကျလို့ တစ်ပတ်လောက် လုပ်စမ်းကြည့်ရာမှာ ကျန်းမာရေး အတွက် သာမက အစားကောင်းခင်မင်တတ်တဲ့ အကျင့်ဆိုးဟာလည်း လျော့ဆင်းသွားတာကို တွေ့ရတယ် ။ဟင်းသီးဟင်းရွက်ပြုတ်ချည်း တစ်ပတ်လောက်စားနေနိုင်တယ် ဆိုကတည်းက ဟင်းမကောင်းတာလောက်တော့သည်းခံနိုင်သွားတော့တာပါပဲဘုရား ။
ဟင်းမကောင်းခြင်းကို သည်းခံနိုင်လျှင် ဟင်းကောင်း ခင်မင်တတ်ခြင်းဟာလည်း လျော့ဆင်းရတော့တာပဲဘုရား ။ အဲဒီလိုချည်း တစ်လမှာ တစ်ပတ်လောက် နှစ်လမှာ တစ်ပတ်လောက် လုပ်သွားတဲ့အခါမှာ ကိုယ်ကာယဟာ ပိုပြီးပေါ့ပါး ဖျတ်လတ်လာရုံ မက အစားကောင်း ( ရသာရုံ ) နှင့် 
ပတ်သက်လို့ အာသာငမ်းငမ်း ရှိတတ်တဲ့ ဝါသနာဟာလည်း ပျောက်လုမတတ် ဖြစ်သွားပါတယ်ဘုရား ။

ဇင်း ။ ။ လုမတတ်ဆိုတော့ လုံးလုံးကြီးပျောက်တာ မဟုတ်ဘူးပေါ့ ။

ရွှေ ။ ။ သူတစ်ပါး နည်းတူတော့ ရှိသေးတာပေါ့ဘုရား ။ တပည့်တော်က ရသာရုံဘက်မှာ လူအများထက် ကဲလွန်နေတော့အစွန်းကလေး တိပစ်လိုက်သလိုပေါ့ ဘုရား ။

ဇင်း ။ ။ အစားကောင်းကောင်းစားဖို့ ငမ်းငမ်းတက် မဖြစ်တော့ကာ သောက်ချင်တဲ့ တမ်းတမှုပါ ပြုတ်သွားလေရောလား ။

ရွှေ ။ ။ တပည့်တော် အဖို့မှာတော့ ပြုတ်သလောက်ပါပဲဘုရား ။

ဇင်း ။ ။ တကာကြီးရဲ့ ဖြတ်နည်းကလည်း မှတ်သားလောက်ပါတယ် ။ နေပါဦး ၊ တကာကြီးဟာ အိုင်စီအက်များလို စည်းနဲ့ ကမ်းနဲ့ သောက်တတ်တယ်ဆိုပြီး နောက်ဆုံးမှာ ဘာဖြစ်လို့ ဒီလို လုပ်နေရသေးသလဲ ။

ရွှေ ။ ။ အကြောင်းတွေက တော်တော်များပါတယ်ဘုရား ။ ပထမအကြောင်းက တပည့်တော်ဟာ ခပ်ရွယ်ရွယ်တုန်းကတော့သူတစ်ပါးကို မထိခိုက်လျှင် ဘယ်သူကဘာထင်ထင် လုပ်ချင်တဲ့ ဝါသနာရှိသော်လည်း အဘိုးကြီးပိုင်းရောက်လာတော့ ထပ်ပြီး စဉ်းစားလာတယ်ဘုရား ။ ကိုယ်က တရားသမားလည်းဆိုသေး ဒင်နာပါတီလေး ဘာလေးမှာ တစ်ခွက်တစ်လေ သောက်လိုက်မိတယ်ဆိုလျှင် လူကို အထင်သေးတာထက် တရားကို အထင်သေးသွားမှာ စိုးတဲ့အတွက် ဒုက္ခခံပြီး ဟင်းရွက်ပြုတ်နဲ့ ဖြတ်ရတာပါဘုရား ။

ဇင်း ။ ။ သာဓုပါဗျာ ၊ ဒီ့ပြင်ကောဗျ ၊ ဒီဟာက ဇိမ်တစ်မျိုး ရှိတယ်ဆို ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ အဲဒီဇိမ်ကိုလည်း ကြိုက်ခဲ့ဖူးပါတယ် ။ တရားအားထုတ်ပြီးတဲ့နောက်တော့ အလိုရှိတဲ့အခါမှာအဲဒီ ဇိမ်ထက် ကြည်လင် သန့်ရှင်း အပြစ်ကင်းတဲ့ ဇိမ်မျိုးကို ခံစားနိုင်လေတော့ သူ့ ဇိမ် အတွက် မမက်မောတော့ပါဘူးဘုရား ။

ဇင်း ။ ။ ဒါဖြစ့်လည်းဗျာ အဲဒီ ဇိမ် နဲ့ပဲ ဖြတ်ပါတော့လား ၊ အစားဆင်းရဲခံပြီး ဟင်းရွက်ပြုတ် လုပ်နေရသေးသလား ။

ရွှေ ။ ။ ဒီ ဇိမ် နဲ့ချည်း ၂၄ နာရီနေလို့ မရဘူးပေါ့ဘုရား ။ စားတဲ့အချိန်မှာ မျက်မျက်ကောင်းကောင်း စားချင်တဲ့ လောဘကရှိသေးတာကိုး ဘုရား ။

ဇင်း ။ ။ အကြောင်းအမျိုးမျိုးလို့ ပြောပါတယ် ။
 ဒီ့ပြင် အကြောင်း များကော တကာကြီး ။

ရွှေ ။ ။ ဒုတိယအကြောင်းတစ်ခုကတော့ တရားအားထုတ်တဲ့အခါမှာ အနှောင့်အယှက် နည်းနည်း တွေ့ရလို့ပါဘုရား ။

ဇင်း ။ ။ သိပ်မမူးဘဲ စားကောင်းရုံလောက်ဆိုလျှင် ကိစ္စမရှိဘူးဟုတ်လား ။

ရွှေ ။ ။ တရားအားထုတ်ဖို့ အလုပ်မရှိတဲ့ လူများအဖို့မှာတော့ မှန်ပါတယ် ။ တရားအားထုတ်နေတဲ့ လူများအဖို့မှာတော့ နည်းနည်းလောက် သောက်မိလျှင်ပဲ စိတ်ထဲမှာသိပ်ပြီး မသန့်ရှင်းဘူးဘုရား ။ ကြည်လင်မှုလည်း နည်းနည်းလျော့တယ် ။ တပည့်တော်က အတွေးနဲ့ ပြောခြင်း မဟုတ်ပါဘူး ။ ကိုယ်တွေ့ပါဘုရား ။ သတိနည်းနည်း လွတ်တတ်ပါတယ် ။

ဇင်း ။ ။ သိပ်မူးမှ သတိလစ်တာ မဟုတ်လား ။

ရွှေ ။ ။ အဲဒီ သတိမျိုးကို မဆိုလိုပါဘုရား ၊ 
နာမ်ရုပ်ကို ရှုဆင်ခြင်တဲ့ သမ္မာသတိ လို့ ဆိုလိုပါတယ် ။

ဇင်း ။ ။ ဟုတ်ပြီ ၊ ပမာဒတရားကို ဆိုလိုတာပေါ့ ။ 
ဒါကြောင့် မြတ်စွာဘုရားက ဟောခဲ့တာကိုးဗျ ။ 
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာတဲ့ ဗျနော် ။

ရွှေ ။ ။ စောစောကတည်းက တပည့်တော်က ဒါကို
 လျှောက်လိုခြင်းပါဘုရား ။ မေ့လျော့ရုံ သက်သက်နဲ့တော့ အကုသိုလ်မဟုတ်ဘူး ။ သို့သော် တရားအားထုတ်ရေးအတွက်တော့ အနှောင့်အယှက် ဖြစ်ပါတယ် ။

ဇင်း ။ ။ ကြိုက်ပါ့ဗျာ ၊ ဦးပဉ္ဇင်းတို့ကတော့ ဒီလို ၀န်ခံလျှင် သဘောကျတာပါပဲ ။

ရွှေ ။ ။ တကာကြီး ရွှေဥဒေါင်းက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတယ်ဆိုတဲ့ လူများကို ရှင်းပြလိုက်ပါဘုရား ။ စလောင်းဖုံး ၂ ချပ်ကို တီးလျှင် ကွဲတတ်တာမှန်တယ် ၊ ကျားကိုက်တတ်တယ်ဆိုတာတော့ မမှန်ဘူးလို့ ဆိုလိုခြင်းပါ ။ ဒီအကြောင်းတွေကို တပည့်တော် ဖြောင့်ချက်ထဲမှာ ရေးပြရခြင်း အကြောင်းတစ်ခုကတော့ မသောက်တတ်တဲ့ လူတွေကို သောက်ချင်အောင် မဟုတ် ၊

အရက်ကလေးတစ်ခု ရှောင်ပြီး ကိုယ်ချင်းစာတရား မကပ်ဘဲ လုပ်ချင်ရာတွေလုပ်တဲ့ လူများက အသားယူနေကြတာတွေကို ရွံ့တွံတွံရှိလို့ မှန်တဲ့အတိုင်း တင်ပြခြင်းပါဘုရား ။

ဇင်း ။ ။ ကျေနပ်ပါပြီ တကာကြီး ၊ လိပ်ပတ်လည်သွားပါပြီ ။

(ရွှေဥဒေါင်း ၏ လူဖြစ်ရကျိုးနပ်ပါစေ နှင့် အတွေးအမြင် ဆောင်းပါးများ မှ ကောက်နှုတ်ဖော်ပြပါသည်။)


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း