ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း
ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟုခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက်သူနှင့် အိမ်ထောင်ကျနေထိုင်သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် တောင်တွင်းကြီးမှ ရောက်လာသော (သိုက်ဆရာ)ဦးကြာဥသို့ ဦးရွှေတုတ်နှင့် အပေါင်းအပါ ကိုးဦးတို့က မြို့တည်ရန် အခါပေးစာတမ်းတစ်ခုရေးပေးရန် တောင်းခံသည်။ တစ်ညအတွင်း မြို့တည်ရန် အခါပေးစာတမ်းတစ်ခုပြုစုပေးသည်။ ယင်းအခါပေးစာတမ်းအရ မြို့မတည်မီ ခုနစ်ရက်စောပြီးလျှင် ရှမ်းကန်တောင်ဘက် ဘုရားကိုးဆူတည်ရာ ဥာဏ်တော် ကိုးမိုက်စီရှိသည်။ ဘုရားတစ်ဆူလျှင် ဒါယကာကိုးယောက်စီတာဝန်ယူလျက် မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ဝ ရက်နေ့ နံနက် ၄ ချက်တီးအချိန်(နင်းကြမ်း)မြို့ကိုတည်ရန် ပန္နက်ရိုက်သည်။
ထိုသို့ ပန္နက်ရိုက်ပြီးလျှင် ဦးရွှေတုတ်က ရွာကိုးရွာမှ တစ်ရွာလျှင် တစ်ဦးကျစီခေါ်ယူ၍ အိုးသစ်အိမ်သစ်များ တည်ဆောက်စေသည်။၎င်းကိုးရွာမှ အိမ်သစ်ဆောက်သူများမှာ (၁) တောင်ဝင်ရွာသားကိုရွှေသား၊ (၂) ဆိပ်နန်တုံးရွာသား ဦးပသီ၊ (၃) သပြေတန်းရွာသား ဦးရွှေပေါက်၊ (၄) ကြက်ပြေးရွာသား ဦးစံမြ၊ (၅) မီးလောင်ကုန်းရွာသား ဦးမြတ်သူ၊ (၆) ရွာကောက်ကြီးသား ဦးရန်လုံ၊ (၇)သစ်တပ်ရွာသား ဦးသာချော၊ (၈) ရွှေပေးရွာသား ဦးရန်အောင်၊ (၉) ရေပြာရွာသား ဦးရန်ကင်းတို့ဖြစ်သည်။
မှတ်တမ်းများအရ ပျဉ်းမနားမြို့ကို အမည်သုံးမျိုး
နင်းကြမ်း။ နယ်ကျန်၊ ပျဉ်းမနားဟူ၍ သုံးမည်ရ မြို့ဟု အောက်ပါ အတိုင်း လေ့လာသိရှိရပါသည်။
နင်းကြမ်း......
ယခု ပျဉ်းမနားမြို့နှင့် မိုင် ၆ဝ အကွာတွင်ရှိသော လွယ်လုံ ၁၂ တောင်မှ ရှမ်းကုန်သည်များသည် နွား၊ ဝန်တင်များနှင့် ဆင်းလာပြီးလျှင် ယခုရွာကောက်အရပ်တွင် စခန်းချနားနေကြသည်။ ရွာကောက်အနီး စီးဆင်းသော ငါးလိုက်ချောင်းမှာ အကျယ် ၁ဝ တောင်မျှသာကျယ်သည်။ ယင်းငါးလိုက်ချောင်းကို ဖြတ်ကူးရန်အတွက် ကြမ်းဖြင့်ပြုလုပ်သော တံတားငယ်တစ်ခုတည် ဆောက်သည်။ နွားနှင့်လူများ နင်းသွားနိုင်သဖြင့်(နင်းကြမ်း)တံတားဟုခေါ်သည်။ ထိုအနီးအနားရှိ လူနေအုပ်စုကို နင်းကြမ်းရွာဟု ခေါ်ဆိုသည်။ မြို့တည်ပြီးသောအခါ (နင်းကြမ်း)မြို့ဟူ၍ ခေါ်တွင်သည်။
နယ်ကျန်.......
မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သိမ်းယူခဲ့သည်။ ကေတုမတီ ၅၅ မြို့နှင့် အောက်မြန်မာပြည်မှာ အင်္ဂလိပ်တို့ လက်အောက်ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်မြန်မာနယ်ခြား ကျောက်တိုင်ကို ယခုရေနီဘူတာမြောက်ဘက်အနီး အင်ပင်တွင် ကျောက်တိုင် စိုက်ထူသည်။ တောင်ငူ ၅၅ မြို့အနက် ၁၂ မြို့ကို ချန်ထားပြီး ပေးအပ်သဖြင့် နယ်ကျန် ၁၂ မြို့ဟူ၍ခေါ်တွင်သည်။ ၎င်းနယ်ကျန်မြို့များမှာ တောင်ညို၊ ဝါးနွယ်ကုန်း(ယခု လယ်ဝေး)၊ မင်းပြင်၊ ရန်အောင်မြင်၊ ဝက်ကမူ၊ သစ်တပ် တောင်ဝင်၊ ဇေယျသိမ် (ယခုအေလာ)၊ ရွှေမြို့၊ နင်းကြမ်း(ပျဉ်းမနား)၊ ပျဉ်းမနား (ယခုပျဉ်းမနားဟောင်း)၊ ပြကောင်း(ယခုကျည်တောင်ကန်)နှင့် ကျည်တောင့်ခေါမတို့ဖြစ်သည်။
နယ်ကျန် ၁၂ မြို့တွင် ယခုပျဉ်းမနားမြို့ဖြစ်သော (နင်းကြမ်း)မြို့သည် လူနေအိမ်ခြေအထူထပ်ဆုံး၊ လမ်းပန်းအဆက်အသွယ်အကောင်းဆုံးဖြစ် ခြင်းကြောင့် (နယ်ကျန်)မြို့ဟူ၍ ခေါ်တွင်သည်။ မြန်မာနိုင်ငံသမိုင်းတွင် မင်းတုန်းမင်းတရားလက်ထက် သမန်ဘန်းကြီးအား နယ်ကျန်မြို့ဝန်ခန့်လျက် ဦးအယ်မောင်အား မြို့သူကြီးခန့်ထားသည်ကို အထောက်အထားခိုင်လုံစွာ တွေ့ရှိရသည်။
ပျဉ်းမနား......
တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခု''ပျဉ်းမနား ဟောင်း''ဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၂၅ဝ ခုနှစ်တွင် မီးရထားလမ်းများစတင် ဖောက်လုပ်ခဲ့ရာ ယခုပျဉ်းမနားဘူတာရုံ၏အမည်မှာ နင်းကြမ်းဖြစ်သည်။ နင်းကြမ်းနှင့် မြင်းခြံမှာ အင်္ဂလိပ်ဘာသာအသံထွက်နီးစပ်သဖြင့် ချောစာများ ပို့ရာတွင်လည်းကောင်း၊ ရထားလက်မှတ်များပေးရာတွင်လည်းကောင်း၊ အမှုထမ်းများ ခန့်ရာတွင်လည်းကောင်း အမှားအယွင်းများခြင်းကြောင့် (နင်းကြမ်း)အမည်မှ (ပျဉ်းမနား)သို့ ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း (ရမည်းသင်း ဂေဇက်တီးယားမှ ကောက်နုတ်ဖော်ပြချက်)များအရ သိရှိရပါသည်။
ဝန်းရံထား
နေပြည်တော်ကို ဇမ္ဗူသီရိမြို့၊ ဇေယျာသီရိမြို့၊ ဥတ္တရသီရိမြို့၊ ပုဗ္ဗသီရိ မြို့နှင့် ဒက္ခိဏသီရိမြို့တို့ဖြင့် ဖွဲ့စည်းထားသည်။ နေပြည်တော် ပျဉ်းမနား၊ နေပြည်တော် တပ်ကုန်းနှင့် နေပြည်တော် လယ်ဝေးမြို့နယ်များဖြင့် ဝန်းရံထားပါသည်။
ပျဉ်းမနားမောင်နီသင်း စာမျက်နှာမှ ကောက်နုတ်ဖော်ပြပါသည်။
Credit - " NayPyiTaw - နေပြည်တော်"စာမျက်နှာ