မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့်ဧည့်သည်တော်ကြီးများ

 

၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်မှာ ရုရှားနိုင်ငံမှ ဒုရေတပ်ဦးစီးချုပ်ဟာ မြန်မာကို လာရောက်ခဲ့ပါတယ်။ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီဖွဲ့စည်းရန်နှင့် နှစ်နိုင်ငံဗဟိုဘဏ်များအကြား ကူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးတာတွေ ရှိတယ်လို့  သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

အဓိကအားဖြင့်တော့ အင်ဒို - ပစ္စိဖိတ် မဟာမိတ်တွေကို တန်ပြန်ရေးအတွက် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားပြောဆိုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကတည်းက  အကြမ်းဖက်ခေါင်းဆောင်ဟာ ရုရှားစစ်ဖက်ဆိုင်ရာအစည်းအဝေးသွားတိုင်း အဲ့ဒီအင်ဒို - ပစ္စိဖိတ်စာတန်းကြီးကို စင်ပေါ်တက်ပြီး ဖတ်ပြလေ့ရှိတာ မိမိသတိထားမိပါတယ်။အာရှတိုက်ရဲ့ဟိုဖက်ခြမ်းမှာရှိတဲ့နိုင်ငံနှင့်ဒီဖက်ခြမ်းမှာရှိတဲ့နိုင်ငံ နှစ်ခုရဲ့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့စိတ်ကူးကို  မိမိတော့ဖြင့် ပုံဖော်မရဘူး။

မိမိယူဆချက်အရတော့ တရုတ်ပြည်ကနောက်ရှိုနေပြီး  အမေရိကန်ကိုဟန့်ဖို့   ရုရှားပြည်နဲ့ဗန်းပြထားပုံရပါတယ်။တရုတ်ပြည်ရဲ့အကြံပေးချက်တွေကို အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်တာလို့ပဲ မြင်မိတယ်။

၎င်းရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံမှ နည်းပညာရှင်တွေ မြန်မာကိုလာရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်အား ရေဒါနည်းပညာပို့ချခဲ့တယ်လို့ သိရပါတယ်။၎င်းအကြောင်းအရာနဲ့ပက်သက်သောသတင်းတော့  တစ်စုံတစ်ရာထပ်မကြားမိဘူး။

၂၀၂၁ ခုနှစ်  နိုဝင်ဘာ( ၁ )ရက်နေ့မှာ အမေရိကန်ဝန်ကြီးဟောင်းနှင့်ကုလသံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန်ဟာ  မြန်မာပြည်ကိုလာခဲ့ပါတယ်။ရစ်ချက်ဆန်ဟာ ဒီမိုကရက်တစ်ပါတီ၏ ဒုတိယလူများစုခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အောက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ကိစ္စအတော်များများမှာ ဘေလ်ကလင်တန်နဲ့အနီးကပ်ပူးလုပ်ဆောင်ခဲ့ရာမှ ဘေလ်ကလင်တန်နဲ့ မိတ်ဆွေဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဘေလ်ရစ်ချက်ဆန်ဟာ နဝတ၊နအဖ အစိုးရလက်ထက်ကတည်းက ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။ရစ်ချက်ဆန်ရဲ့ခရီးစဥ်ကို စစ်ထောက်လှမ်းရေးဟောင်းများဖြစ်သည့် ဗိုလ်မှူးကြီးငွေထွန်းနှင့်လေတပ်မှ ဗိုလ်မှူးကြီးခင်မောင်သိန်းတို့က စီစဥ်ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ခရီးစဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နဲ့ ( ၃ )ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရပါတယ်။

အမေရိကန်နိုင်ငံသား သတင်းထောက်ဒန်နီဖန်စတာကို လွှတ်ပေးတာဟာ လူ့အခွင့်အရေးကို အလေးထားကြောင်း ပြသရာရောက်တယ်ဆိုပြီး ဘေလ်ရစ်ချက်ဆန်က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သိရပါတယ်။ခရီးစဥ်အတွင်းမှာလည်း မြန်မာအကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာကို လမ်းဖွင့်ပေးထားတယ်လို့ ယူဆကြောင်းလည်း ပေါ်ပေါ်ထင်ထင်လော်ဘီလုပ်ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒန်နီဖန်စတာဟာ ဘေလ်ရစ်ချက်ဆန် ရဲ့ နိုဝင်ဘာ( ၁ )ရက် နေပြည်တော်ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေကြောင့် ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၁၅) ရက်နေ့မှာ နေပြည်တော်ကို သူတို့နှစ်ဦး အတူရောက်နေကြပြီး  ဒန်နီဖန်စတာကို ပြန်ခေါ်သွားခဲ့တာလို့ စစ်ကောင်စီဘက်ကအတည်ပြုထားခဲ့ပါတယ်။အဲ့သည်လိုပြန်လွှတ်လိုက်တဲ့အပေါ်မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဗလစ်ကန်က ကြိုဆိုတယ်ဆိုပြီး ပြောခဲ့ပါတယ်။

၎င်းဖြစ်ရပ်အပေါ်မှာ ဘေလ်ရစ်ချက်ဆန်ကော ၊ အကြမ်းဖက်စစ်ကောင်စီကပါ  အပေးအယူလုပ်တာ တစ်စုံတစ်ရာမရှိဘဲ ပြန်လည်လွှတ်ပေးခဲ့တာလို့  သံပြိုင်ထွက်ခဲ့ပေမဲ့   ဂျိုးဘိုက်ဒန်အစိုးရရဲ့ပေါ်လစီတစ်စုံတစ်ရာမပါဘဲ အပြင်လူတစ်ယောက်အနေနဲ့ ကယ်ထုတ်သွားတာဟာ သံသယဖြစ်စရာပါ ။ "ကျောက်ယူပြန်" လား ၊ " ဒေါ်လာ"လား ။  အာဏာသိမ်းကိစ္စအတွက် အချိန်နည်းနည်းလောက် ဆွဲပေးထားဖို့  အပေးအယူပဲလုပ်ခဲ့သလား။Conspiracy Theory အရတော့ အားလုံး ဖြစ်နိုင်တာပါပဲ 🙂

၎င်းကိစ္စနဲ့ပက်သက်လို့ စဥ်းစားစရာ အချက် (  ၂  )ချက်ရှိပါတယ်။
( ၁ ) မြန်မာ့နိုင်ငံရေးအကြပ်တည်းမှာ အမေရိကန်နိုင်ငံသားက ကန့်လန့်ခံနေတာကို  အကြမ်းဖက်စစ်ကောင်စီဖက်က သူတို့နဲ့ရင်းနှီးလက်စရှိတဲ့ဘေလ်ရစ်ချက်ဆန်ကို ခေါ်ယူပြီး ရှင်းလင်းလိုက်တဲ့သဘောပါ။
(  ၂ ) မြန်မာ့နိုင်ငံရေးအကြပ်အတည်းမှာ တရုတ်ပြည်၏ပါဝင်ပက်သက်မှုကို ထိပ်တိုက်မတိုးလို၍ တဖက်လှည့်နဲ့  အမေရိကန်အစိုးရက  ဘေလ်ရစ်ချက်ဆန်ကို စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်  နိုဝင်ဘာ( ၉ )ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့  AA တို့  ထိတွေ့မှု  ဖြစ်ပွားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။အကြမ်းစစ်ကောင်စီရဲ့သတင်းပြန်ကြားရေးဌာနက AA နဲ့ထိတွေ့မှု ဖြစ်ခဲ့တာကို  ARSA နဲ့ထိတွေ့မှု ဖြစ်တာပါဟု  လီဆယ်ပြောခဲ့ပါတယ်။ ဘာကိုဖုံးကွယ်ချင်လို့  အဲ့သည်လိုလီဆယ်ပြောခဲ့တာလဲဆိုတဲ့အချက်က စဥ်းစားစရာ ကောင်းပါတယ်။

၎င်းအကြောင်းအရာဖြစ်ပြီးသည့်နောက်  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ( ၁၃ )ရက်ဝန်းကျင်မှာပဲ တရုတ်အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်း နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါတို့ တပြိုင်တည်းနီးပါး မြန်မာပြည်ကို ရောက်လာတာကတော့  ထူးခြားလှပါတယ်။
ရခိုင်မှာ ဂျပန်နှင့်တရုတ်ရဲ့အကျိုးစီးပွားတွေ ဘယ်လောက် ချထားသလဲ မဆိုနိုင်ဘူး🙂။ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တုန်းကတော့   သူတို့အကြိုက် ရခိုင်မှာစစ်ဖြစ်နေခဲ့ပြီးတော့  ယခုထိတွေမှုလေးနည်းနည်းဖြစ်တာကို  အသည်းအသန်ဂဲမှန်ပြနေကြတယ်။

ရောက်ရောက်ချင်းပဲ ဆာဆာကာဝါဟာ ရခိုင်ကိုပြေးပြီး  AA ခေါင်းဆောင်တွေအပါအဝင် အရပ်ဖက်ပါတီခေါင်းဆောင်တွေနဲ့  အပစ်ရပ်ဖို့  ဖြောင်းဖျပါတော့တယ်။ AA ဖက်ကလည်း ဖမ်းထားတဲ့ စစ်ကောင်စီတပ်သားတွေကို ချက်ချင်းလွှတ်ပေးခဲ့သလို  စစ်ကောင်စီဖမ်းထားတဲ့ရခိုင်နယ်သားတွေကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့တာ တွေ့ခဲ့ရပါတယ်။ထူးခြားတာက နိပွန်ဖောင်ဒေးရှင်းဥက္ကဌဆာဆာကာဝါရဲ့မြန်မာပြည်ခရီးစဥ်ဟာ ဂျပန်အစိုးရအား ကိုးစားမပြုဘူး ၊ ပက်သက်မှု မရှိဘူးလို့  ထုတ်ပြန်ခဲ့တာပါ။  
အဲ့ဒါဆိုဘယ်လိုအကြောင်းအရာကြောင့်ရောက်လာရသလဲ ?? ဘာကြောင့် ယခုမှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာရသလဲ ??

အာဏာသိမ်းခံရပြီး (၁၀) လတာအတွင်း ဒုတိအကြိမ်အဖြစ် တရုတ်အထူးကိုယ်စားလှယ် စွန်းကော်ရှန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ရှေ့ဆက်မည့်ခရီးအတွက် အကြမ်းဖက်စစ်ကောင်စီနဲ့ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာပြည်လာပြီး  အကြမ်းဖက်စစ်ကောင်စီကို တွေ့ဆုံခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ထိုင်းစစ်ဦးချုပ်ဟောင်း Prem Tinsulanonda ရဲ့မွေးစားသားခံယူထားသူဆိုတော့ အဲ့ဒီအပိုင်းကတော့ ဝေဖန်စရာတောင် မလိုဘူး ထင်ပါတယ်။

ရုရှား ၊ စင်္ကာပူ ၊ အမေရိကန် ၊ တရုတ် ၊ ဂျပန် ၊ ထိုင်းနိုင်ငံတို့က ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကနေ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီကို လာရောက်တွေ့ဆုံပွဲဖြစ်မြောက်အောင်  စီစဥ်ခဲ့တဲ့အစီအမံရဲ့ရည်ရွယ်ချက်က ဘာလဲ ??
( BBC နှင့် ဇော်မင်းထွန်းအင်တာဗျူးမှာ  စစ်ကောင်စီကို  နိုင်ငံတွေက လာတွေ့နေပါတယ်။စစ်ကောင်စီဟာ အထီးကျန်မဟုတ်ဘူးဆိုတာကို ထည့်ပြောသွားတာကို ထောက်ရှု့သောအားဖြင့် စစ်ကောင်စီအားလာရောက်တွေ့ဆုံတဲ့ဧည့်သည်တော်ကြီးများကိစ္စဟာ စစ်ကောင်စီရဲ့ပြည်ပမျက်နှာစာအား တဖန်ပြန်ဆွဲတင်ဖို့ ရည်ရွယ်ထားတဲ့ အကွက်ချစီစဥ်မှုဆိုတာ သိသာပါတယ် )

၎င်းအစီအမံအရွေ့မျိုးရောက်အောင် မြန်မာ့နိုင်ငံရေးအကြပ်အတည်းမှာ ထဲထဲဝင်ဝင် ပါဝင်ပက်သက်နေတဲ့ တရုတ်ပြည်ကပဲ စီစဥ်ခဲ့လေသလားဆိုတာ အတွေးပွားဖွယ်ဖြစ်ရပါတယ်။

နောက်တစ်ချက်က အကြမ်းဖက်စစ်တပ်အခြေအနေမကောင်းနိုင်တော့လို့ တရုတ်ပြည်မကြီးဟာ မြန်မာ့နိုင်ငံရေးကို ကုလားဖန်ထိုးဖို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွပ်ဖက်လာနေပြီလားဆိုတာလည်း စဥ်းစားစရာ ရှိပါတယ်။

တရုတ်အထူးကိုယ်စားလှယ် စွန်ကော့ရှန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ တရုတ်နှင့်အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အကြမ်းဖက်ခေါင်းဆောင်ကို ထည့်သွင်းရေးကိစ္စအတွက် ကြိုးပမ်းချက်တစ်ရပ်ဖြစ်လေမလားကတော့  စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့သလျက် ~~


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း