အစိုးရတစ်ရပ်ဆိုတာ ......
စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခံစစ်ကို တရားဝင်ကြေငြာလိုက်တာမှာ မလေးရှားက အာစီယံ၏ကျရှုံးမှုတစ်ခုအဖြစ်ပြောသွားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံတွန်းလှန်စစ် ဘယ်လောက်အလုပ်ဖြစ်လဲ သူတို့စောင့်ကြည့် လေ့လာနေကြတယ် ။၎င်းကြေငြာချက်နှင့်ပြည်သူ့ခုခံတွန်းလှန်စစ်အပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံတွေကလည်း ကမ္ဘာ့နိုင်ငံရေးကို အလိုက်သင့်မျောပါနိုင်အောင် ပြောင်းလဲလာတာကို တွေ့ရတယ်။
ဥရောပသမဂ္ဂက တချက်တွန်းလိုက်တာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီကို ဖယ်ချန်ထားရမှာပေါ့ဆိုတဲ့အဆင့် ဖြစ်သွားတယ် ။သို့သော် အာစီယံရဲ့ ၂၀၂၁ အောက်တိုဘာ ၁၆ရက်နေ့ထုတ်ပြန်ချက်ဟာ ကျေနပ်စရာမကောင်းလှပါ။နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ယောက် တက်ခွင့်ပေးမယ်ဆိုပြီး ကုလားဖန်တွေထိုးထားတာဖြစ်ပါတယ် ။ အာစီယံဟာ ဒီအချိုးပဲလာမယ်ဆိုတာ ကြိုမှန်းမိပါတယ်။ နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ယောက်ကို မြန်မာနိုင်ငံကိုယ်စားတက်ခွင့်ပြုမယ်ဆိုရာဝယ် ထိုသူဟာ တရုတ်ဖက်ယိမ်းမည့်သူလား ၊ အကြမ်းဖက်စစ်ကောင်စီဖက်ယိမ်းမည့်သူလားဆိုတာကလည်း မေးစရာ ရှိပါတယ် ။ ပြည်သူဖက်က မရပ်တည်နိုင်မည့် နိုင်ငံရေးပိုင်းကမဟုတ်တဲ့သူမျိုးဆိုရင် အဘယ်သို့ ရှိမည်နည်း ။
ဥရောပသမဂ္ဂ ၊ ကုလသမဂ္ဂ ၊ ရှီကျင်းပင် ၊ ဂျိုးဘိုက်ဒန် ၊ အာစီယံ ၊ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့နိုင်ငံရေးဆန္ဒကတော့ ပိုးနေမြဲကျားနေမြဲအတိုင်း ပြန်ဖြစ်ပြီး ပြည်တွင်းမှာ ပြန်တည်ငြိမ်သွားတာမျိုး ဖြစ်ချင်ပုံရပါတယ် ။
နိုင်ငံငယ်တွေဆိုတာ အင်အားကြီးနိုင်ငံတွေအလိုကျ ခေါင်းညိတ်ပြီးအလိုက်အထိုက်ဆက်ဆံရတဲ့အမျိုးပါ။အင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကသာ "မိမိတို့က ဒီလိုလေးဖြစ်ချင်တာ"လို့ပြောရင် လိုက်မလုပ်မည့်သူ မရှိပါဘူး။ဒါကြောင့်လည်း ဂျိုးဘိုက်ဒန် အလုပ်မဖြစ်ကြောင်း ရေးနေရသလဲဆိုတာ ကျနော့ရဲ့စာဖတ်ပရိတ်သတ်တွေ သဘောပေါက်ကြသူလည်း ပေါက်ကြမှာပါ။ မလိုမုန်းထားစိတ်နဲ့ ရေးနေတာတော့ မဟုတ်ပါဘူး ။ Key Point ကို ထောက်ပြယုံပါ ။
ဂျိုးဘိုက်ဒန်ကသာ "မြန်မာပြည်သူတွေနဲ့ရပ်တည်ရမှာပေါ့ ၊ ပြည်သူတွေရွေးချယ်ထားတဲ့တရားဝင်အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ် " ပြောလိုက်ရင် မြန်မာ့နိုင်ငံရေးဟာ ချောင်ချောင်လည်လည် ရှိခဲ့မှာ အမှန်ပါ ။
အဲ့လိုမဟုတ်ဘဲ ရှီကျင်းပင် ၊ ဂျိုးဘိုက်ဒန် ၊ ကုလသမဂ္ဂ ၊ အာစီယံတို့ပင်းပြီး ဘောလီဘောပုတ်တမ်းကစားနေလို့ မြန်မာ့အရေးဟာ ရှေ့မတက်နိုင်ဖြစ်နေရတာပါ ။ဒါဟာ အရမ်းရှင်းပါတယ်။
မြန်မာပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှု ဘယ်လောက်ရှိလဲ ၊ အစိုးရတစ်ရပ်ရဲ့နိုင်ငံရေးဉာဏနှင့်လုပ်ကိုင်ရည်ဘယ်လောက် ရှိလဲဆိုတာ တရုတ်တင်မက နိုင်ငံတကာက အမြဲတိုင်းတာနေတာ ဖြစ်ပါတယ်။အဲ့ဒီအပေါ်မူတည်ပြီး အောက်စီးကဝင်ရမလား ၊ အထက်စီးက ဝင်ရမလား ၊ တန်းတူထားဆက်ဆံရမလား ၊ ၂ ဖက်ချွန်ဝင်ရမလား ၊ သိုက်တူးရင် ရနိုင်မလားဆိုတာ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ပြည်ပရေးတင်လားဆိုတော့ မဟုတ်ဘူး ၊ ပြည်တွင်းရေးမှာလည်း အတူတူပါပဲ။ ဒါကြောင့်လည်း အခါအခွင့်သင့်ရင် အစိုးရတစ်ရပ်ဟာ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ကမ္ဘာကို ထုတ်ပြကို ပြရပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ ပြည်သူတွေနှင့်ပြည်သူအသံကို ငါးပိ၊ငါးချဉ်လောက်သဘောထားတာပါ။အစိုးရတစ်ရပ်မရှိတဲ့တော်လှန်ရေး၊စစ်ဆင်ရေးမျိုးသာ ဖြစ်ခဲ့ရင် ပုံဖျက်ခံရတာနဲ့ကို အောင်နိုင်ဖို့မလွယ်ကူပါဘူး။ပြည်သူ့တော်လှန်ရေးလုပ်တာတောင် အစိုးရတစ်ရပ်ရှိတော့ ပြည်သူ့အကျိုးအတွက် ခုခံပေးဖို့အတွက်အသုံးဝင်တာပေါ့ ။ဒါကြောင့်လည်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အာဏာသိမ်းတာမျိုးဖြစ်ခဲ့ရင် ပြည်သူဖက်က ခုခံပေးမည့်အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ တစိုက်မက်မက် တွန်းအားပေးရေးသားခဲ့ရတာလည်း ဖြစ်ပါတယ် ။
myanmar society🇲🇲