ဒဏ်ရာများအား ကုစားခြင်း
သူတို့အိမ်ပြန်ကြလေပြီ ။
ဘယ်သူတွေများ အိမ်ပြန်ကြတာပါလိမ့်??
ထိုသူတို့ဆိုသည်မှာ Ladakh ဒေသ၏ နယ်စပ်စည်းမှာ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့တဲ့ အိန္ဒိယ နှင့် တရုတ်တပ်ဖွဲ့တွေ ဖြစ်သည်။
အိန္ဒိယ-တရုတ် နယ်စပ်လိုင်းတလျောက်တင်းမာမှုပြဿနာဟာ ၂၀၂၀ မေလ ၉ ရက်နေ့ဝန်းကျင်က စတင်ခဲ့ပါတယ်။တင်းမာမှုဟာ ဟိမဝန္တာတောင်ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀၀ (၁၆,၄၀၀ ပေ) မြင့်သော Sikkim ရှိ NakuLa အနီးတွင်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။( ပုံတွင် ရှု့)
၎င်းတင်းမာမှုတွင် နယ်စပ် ဆစ်ခ်ကင်းရှိ နာကလာ အနီးတွင် တရုတ် (၇) ဦး နှင့်အိန္ဒိယစစ်သား (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟုစစ်တပ်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။တရုတ်နှင့်အိန္ဒိယတို့သည် ၁၉၆၂ ခုနှစ်တွင် နယ်စပ်စစ်ဆင်နွှဲခဲ့တာမျိုးလည်း ရှိတယ် ။ ၂၀၁၇ ခုနှစ်မှာ အငြင်းပွားကုန်းပြင်မြင့်နယ်စပ်လမ်းတိုးချဲ့ဖို့ကြိုးစားပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသေးတယ် ။
၎င်းတင်းမာမှုနဲ့ တပြိုင်တည်းလိုဖြစ်ခဲ့တဲ့ အိန္ဒိယနှင့်တရုတ်၏ နောက်ထပ်တင်းမာမှုကတော့ အိန္ဒိယ-ပါကစ္စတန် အငြင်းပွားဖြစ်နေတဲ့ ကတ်ရှ်မီးယားဒေသအနီးက Galwan တောင်ကြားမှာ ဖြစ်ခဲ့တာပါ ။( ပုံတွင် ရှု့ )
တရုတ်နိုင်ငံဖက်က တကယ့်နယ်စပ်အရှိလိုင်းကို ကျော်ပြီး အိန္ဒိယဖက်ခြမ်းမှာ အဆောက်အဦးတွေဆောက်ဖို့ ဘူဒိုဇာသုံးမြေညှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။၎င်းနယ်စပ်စည်းတင်းမာမှုမှာတော့ အိန္ဒိယဖက်က အယောက် ၄၀ သေကြေပြီး တချို့တွေလည်း ဒဏ်ရာရခဲ့ကြပါတယ် ။ တရုတ်တပ်တွေရဲ့ သေကြေမှုနှင့်ဒဏ်ရာရသူ ဘယ်မျှလောက်ရှိတယ်ဆိုတာကတော့ တရုတ်နိုင်ငံဖက်က သတင်းအမှောင်ချထားတာကြောင့် မသိရပါဘူး။
၎င်းအရေးနှင့် ပက်သက်၍ သုံးသက်ကောက်ချက်ဆွဲရလျှင် အကယ်၍ တောင်တရုတ်ပင်လယ် စစ်ရေးပြင်းထန်ချိန်မှာ တရုတ်အနောက်ပိုင်းကနေ ဝင်တွယ်မှာ စိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။သဘောကတော့ ဟာကွက်ဖြစ်နေတဲ့ တရုတ်ပြည်အနောက်ပိုင်းကို ကြိုကာထားတဲ့ သဘောဖြစ်ပါတယ်။၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်ဝန်းကျင်ခန့်က အိန္ဒိယ-အမေရိကန် မဟာဗျူဟာအရေးဆွေးနွေးမှုအပြင် လော့ခ်ဟိမာတင် နှင့် တာတာကုမ္ပဏီတို့ရဲ့ အိန္ဒိယလေကာမြင့်တင်ရေးစီမံချက်တွေကြောင့် တရုတ်ပြည်ရဲ့အနောက်ဖက်ခြမ်းဒေသတွေအတွက် စိုးရိမ်မှုမြင့်တက်ခဲ့တာလို့ ယူဆရဖွယ် ရှိပါတယ် ။(၎င်း တွေးဆချက်မှန်ကန်ကြောင်းကို တရုတ်ဟာ အခင်းဖြစ်ပွားခဲ့တဲ့ အိန္ဒိယနယ်စပ်အနီး တိဘတ်အခြေစိုက်လေကြောင်းကာကွယ်ရေးကို တိုးချဲ့အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်လျက်ရှိတာက ပြဆိုနေပါတယ် ။)
Ladakh မှာရှိတဲ့တရုတ်စစ်ရေးအင်အားကတော့ ပါကစ္စတန်တပ်တွေနဲ့ ပူးပေါင်းသွားနိုင်အောင်ထိ ရည်ရွယ်ထားဟန်ရှိခဲ့ပါတယ် ။ ကတ်ရှ်မီးယားအရေးကိုလည်း စွက်ဖက်ရင်းပေါ့ ။ ( တကယ့်အပြင်မှာလည်း တရုတ်-အိန္ဒိယနယ်စပ်အရေးတင်းမာချိန်မှာ ပါကစ္စတန်ဖက်က အလစ်ချောင်းတိုက်တာမျိုး ဖြစ်ခဲ့တယ် ။)
နောက်ထပ်တွေးဆလို့ရတဲ့ အိန္ဒိယ-တရုတ်နယ်စပ်ပဋိပက္ခအား တရုတ်ဖက်က ဖန်တီးရတဲ့အကြောင်းများကတော့ ကိုဗစ်-၁၉ လျော်ကြေး အာရုံလွှဲလိုခြင်း ၊ တရုတ်စီးပွားရေး ကျဆင်းမှုအား အာရုံလွှဲလိုခြင်း ၊ ဝူဟန်ဗိုင်းရပ်စ်ဇစ်မြစ်အား ပေကျင်းမှာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ အာရုံလိုလွှဲ ၊ မြောက်ကိုရီးယားက တောင်ကိုရီးကို ခုပဲ ထထုတော့မလိုလိုဖြင့် အာရုံလွှဲခဲ့ခြင်း ၊ ဟောင်ကောင်ကို အမျိုးသားလုံခြုံရေးဥပဒေ အတင်းပြဌာန်းပြီး ၁ ချက်ခုတ် ၂ ချက်ပြတ် အာရုံလွှဲခဲ့ခြင်းတို့ ဖြစ်ပါတယ် ။
တကယ်တော့ ဟောင်ကောင်ဆိုတာ အစကတည်းက တရုတ်ပိုင်သာ ဖြစ်ပါတယ် ။ ဒါကြောင့် ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းလိုက်နိုင်တာကလည်း အောင်ပွဲတစ်ရပ်တော့ မဟုတ်ပါဘူး ။ ပွဲဆူစေချင်ယုံသက်သက်သာ ဖြစ်ပါတယ်။သို့ပေမဲ့ ၎င်းအမျိုးသားလုံခြုံရေးဥပဒေပြဌာန်းချက်ကြောင့် အမေရိကန်ဖက်က ဟောင်ကောင်ကို ပိတ်ပင်တာတွေလုပ်မယ်ဆိုတဲ့အပိုင်းမှာ တဖက်နှင့်တဖက် အဘယ်မျှထိခိုက်နစ်နာမှုတွေ ရှိနိုင်မယ် မသိနိုင်ဘူး ။
၂၀၂၀ ဇွန်လ ၄ ရက်နေ့ ဝန်းကျင်ခန့်က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂.၃ ဘီလီတန်ဖိုးရှိ ရုရှားတိုက်လေယာဥ် ၃၃ စင်းဝယ်ယူခြင်းနှင့် တခြား ၅၉စင်း အဆင့်မြင့်တင်ခြင်း လုပ်ဖို့ လတ်မှတ်ရေးထိုးခဲ့ပါတယ် ။ နယ်စပ်စည်းအရေး တင်းမာတော့လည်း ဝယ်ရတော့တဲ့ သဘောရှိပါတယ် ။
၎င်းဝယ်ယူမှုနှင့် ပက်သက်ပြီး ရုရှားထုတ်စစ်လက်နက်တွေ ရောင်းရအောင် တရုတ်က ကူညီပေးခဲ့တာလို့ ဝေဖန်သူတွေ ရှိသလို ၊ အိန္ဒိယဟာ တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းမှာ ပူပေါင်းပါဝင်ခြင်းမရှိတာကြောင့် ပညာပေးတယ်ဆိုပြန်တယ် ၊ အိန္ဒိယရဲ့ ငွေတွေ ထွက်အောင် တဖက်လှည့်နဲ့ ကစားတယ်လို့လည်း ဝေဖန်သူတချို့လည်း ရှိပါတယ် ။ ဒေါ်လာ ၂.၃ ဘီလျီယံသော ပမာဏဟာ စတုတ္ထအင်အားကြီး နိုင်ငံဖြစ်သော အိန္ဒိယအဖို့ ထိခိုက်နစ်နာစေလောက်အောင် အရမ်းမများဟုသာ မိမိမြင်သည် ။
၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်ခန့်မှာ အိန္ဒိယမီဒီယာတွေကနေ တရုတ်နိုင်ငံဟာ နီပေါရွာတစ်ရွာကို သိမ်းပိုက်ထားပြီး ၎င်းသိမ်းပိုက်မှုအား တရားဝင်စေရန် နယ်နိမိတ်တိုင်များကို ဖယ်ရှားခဲ့သည်ဟု ဖွင့်ချခဲ့ပါတယ် ။ (နီပေါ-တရုတ်နယ်စပ်မျဉ်းကြောင်းမှာ Gorkha ခရိုင်ရှိ Rui ကျေးရွာဖြစ်ပြီး ယခုအခါတရုတ်တို့ အပြည့်အဝထိန်းချုပ်ထားပြီးလည်း ဖြစ်ပါတယ် ။ Rui ကျေးရွာအပြင်တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက်မြေများကို နီပေါနိုင်ငံရှိ ၁၁ နေရာတွင်သိမ်းပိုက်ထားပါသေးတယ် ။ တရုတ်နယ်စပ်ရှိ နီပေါခရိုင် ( ၄ ) ခုတွင် မြေဟက်တာ ၃၆ ဟက်တာခန့်ကိုတရုတ်က တရားမ၀င်သိမ်းပိုက်ထားခဲ့တာပါ ။ နီပေါအစိုးရဖက်ကတော့ ၎င်းအကြောင်းအရာနဲ့ ပက်သက်ပြီး ငြင်းဆိုခဲ့ပါတယ်)
ထိုသို့ အိန္ဒိယဖက်က သတင်းလွှင့်လိုက်ခြင်းက တရုတ်ရဲ့အရှိုက်ကို ထိသွားစေပါတယ် ။ နိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတယ်ဆိုတဲ့ ပုံရိပ်ကို ကမ္ဘာကို ပြသလို ဖြစ်သွားစေတယ် ။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေပါတယ်။ ဒါကြောင့် အိန္ဒိယ-တရုတ် နယ်စပ်တင်းမာမှုပြဿနာမှာ တရုတ်ဖက်က တိုးချဲ့မြေရခဲ့စေဦး (သို့ ) အိန္ဒိယစစ်သားတွေကို ပိုမိုသတ်စေခဲ့ဦးတောင် တရုတ်ဟာ ၎င်းပဋိပက္ခမှာ အရေးနိမ့်ခဲ့ရတယ်လို့ ဆိုနိုင်တယ် ။
နောက်ဆက်တွဲ အကျိုးဆက်အားဖြင့် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက် ဝန်းကျင်မှာ အိန္ဒိယ-တရုတ်ပဋိပက္ခကြောင့် အိန္ဒိယဖက်က Vivo နှင် Oppo အား ဆိုင်းငံ့ထားတာအပြင် Tik Tok အပါအဝင် တရုတ် application ၅၉ ပိတ်ပင်ခဲ့ပါတယ် ။ တချိန်တည်းမှာပဲ အမေရိကန်ကလည်း Tik Tok အပါအဝင် တရုတ် application တွေကို ပိတ်ပင်မယ်လို့ မိုက်ပက်ပီယိုက ဆိုနေပါသေးတယ် ။ ထိုသို့ပိတ်ပင်မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ကြီးကြီးမားမား ထိခိုက်သွားရတာမျိုး မရှိပေမဲ့ တဖက်တလမ်းဝင်နေတဲ့ ငွေဝင်ပေါက်တော့ ပိတ်သွားရပါတယ် ။ ကိုယ့်ထမင်းအိုးကို ကိုယ်ကိုတိုင်ရိုက်ခွဲတာနဲ့ အလားသဏ္ဍာန်တူပါတယ် ။
အိန္ဒိယ-တရုတ်နယ်စပ်အရေးတင်းမာမှုနဲ့ပတ်သက်လို့ အိန္ဒိယအပါအဝင် အာစီယံအသိုင်းအဝိုင်းက အပြစ်တင်ကြတယ်။တရုတ်ဟာ သောင်းကျန်းသူအဖွဲ့များကို ခေတ်မီလက်နက်တွေ ရောင်းချပေးနေတယ်လို့ မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကပါ ပါဝင်အပြစ်တင်လာတာတွေ့ရပါတယ် ။
လေကြောင်းဖြတ်သန်းပျံတာအပါအဝင် တရုတ်ရဲ့ထိုင်ဝမ် နှင့် တောင်တရုတ်ပင်လယ်တွင်း ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်တက်လာတဲ့အတွက်
အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောများဖြစ်သည့် Nimitz နှင့် Ronald Reagen တို့ ဦးဆောင်သော တိုက်ခိုက်ရေးတပ်ဖွဲ့စုသည် အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်လုပ်ဆောင်လာတာကတစ်ကြောင်း ၊ အိန္ဒိယ-တရုတ်နယ်စပ်ပဋိပက္ခမှာ အချိန်ရှည်ကြာလာတာနှင့်အမျှ တရုတ်ဖက်က အစွန်းထွက်မှုကို ကမ္ဘာကပိုမိုသတိထားမိလာတာကြောင့် ညှိနှိုင်းမှုပြုလုပ်ပြီး တပ်တွေပြန်ရုပ်သိမ်းဖို့ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ် ။
ကမ္ဘာ့နိုင်ငံရေးအရွေ့ရှေ့ဆက်ဘာဖြစ်မလဲ ??
အမေရိကန်-တရုတ် စစ်ဖြစ်မလား ။တရုတ်ဖက်ကမှ မိုက်ရူးရဲဆန်စွာမစခဲ့လျှင် မဖြစ်နိုင်ဟု မိမိယူဆမိသည်။ အသာစီးရနေသော အမေရိကန်အနေဖြင့် စတင်စစ်မက်ပြုနိုင်ချေ ရာခိုင်နှုန်းနည်းသည်ဟု ဆိုနိုင်သည် ။ စစ်မက်ဖြစ်ပွားဖို့ရန်အတွက် စစ်မက်ဖြစ်ပွားလောက်သော အာဏာရူးမိုက်မှု ( သို့ ) အများစုထောက်ခံသော အကြောင်းပြချက်ကောင်းလိုပါတယ် ။ ယနေ့ခေတ်လို စီးပွားရေးအသားပေးအားပြိုင်သော ခေတ်တွင် စစ်မက်ဖြစ်ဖို့ အတော်စဥ်းစားရမည့် အရာသာဖြစ်သည် ။
ထို့ကြောင့် တရုတ်ဖက်ကသာ အိမ်နီးချင်းနိုင်ငံတစ်ခုခုကိုသော်လည်းကောင်း ၊ အမေရိကန်ကိုသော်လည်းကောင်း စတင်ပြီး စစ်မက်မခင်းလျှင် စစ်မဖြစ်ဟု ဆိုနိုင်သည် ။ စစ်ဖြစ်လျှင် ရုရှားက တရုတ်ကို ကူနိုင်သလား ။ မကူဟုသာ မိမိယူဆသည် ။ စစ်ကူပေးရလောက်သော အကြောင်းပြချက်ကောင်း( သို့ ) ၁၀၀ ရာခိုင်နှုန်းအကျိုးအမြတ်ကောင်းရနိုင်သောအကြောင်းပြချက်ကောင်း လိုသည် ။ အာဏာကို အမိအရဖမ်းယူဆုပ်ကိုင်နေသော ရုရှားသမ္မတ ဘလာဒီမာပူတင်သည် သူ့နိုင်ငံစီးပွားရေးအကျခံပြီး မည်သူကိုမျှ ကူလိမ့်မည် မဟုတ်ပါ ။နိုင်ငံစီးပွားရေးကျလျှင် သူရယူထားသော ထိုင်ခုံပျောက်မည် ဖြစ်သည်။သို့သော် ပူတင်အနေဖြင့် တရုတ်အား စစ်လက်နက်တော့ အကြိုက်ရောင်းပေးနိုင်သည်။
ထိုကြောင့် လက်နက်စစ်ပွဲထက် ကုန်သွယ်ရေးစစ်သာ လိပ်ခဲတည်းလည်းဖြစ်ပြီး တအုံ့နွေးနွေး ဆက်လက်တောက်လောင်အုံးမည့် သဘောမျိုးသာ တွေ့ရသည် ။နောက်လာမည့် ခုနှစ်ရက်စွဲများတွင် အမေရိကန်၏ ထိန်းကြောင်းမှုဖိအားအောက်၌ တရုတ်သည် ရုန်းကန်၍ ဖွံ့ဖြိုးရဖို့ အလားအလာများစွာ ရှိ၏ ။
လက်ရှိ တရုတ်ရော ၊ အမေရိကန်ရော ၊ တခြားနိုင်ငံတွေရော ရင်ဆိုင်နေရတာဟာ ကုန်သွယ်ရေးစစ် နှင့် ကိုဗစ်-၁၉ တိုက်ပွဲက အပြန်ရရှိလာသောဒဏ်ရာများအား ကုစားရေးကာလ ဖြစ်ပါတယ်။ကုန်သွယ်ရေးစစ်ပွဲနှင့် ကိုဗစ်-၁၉ကြောင့် ရရှိလာသော ဒဏ်ချက်တွေကို ဘယ်နိုင်ငံက ဘယ်လိုအမြန်ကုစားနိုင်မလဲဆိုတဲ့ စိန်ခေါ်မှုကြီးကို နိုင်ငံတိုင်းလိုလိုက ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။( ထရန့်သည်လည်း ငြိမ်၍ နောက်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသလို ၊ ရှီကျင်းပင်သည်လည်း ထောက်ခံမှုမကျအောင် နှင့် လူထုစီးပွားရေးကျဆင်းမှုအား ဖြေသိမ့်ရန် ကျေးလက်ဒေသများသို့ စည်းရုံးရေးဆင်း၍ နေသည်ကို အထင်းသားတွေ့နိုင်သည် ။)
ဤကာလအား "ဒဏ်ရာများအား ကုစားခြင်း"လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ကောင်းမွန်စွာ ကုစားခွင့် မရအောင် ခြေထိုးခံတာမျိုးတွေ တဖက်နှင့်တဖက် လုပ်နိုင်တာတော့ ရှိသည် ။ဤသည်ကတော့ စောင့်ကြည့်ရမည့် အပိုင်းဖြစ်သည်။
myanmar society🇲🇲
မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့သလျက် ~~