ထူး၍ မခြားနားသော ပတ်ပျိုး
အကြမ်းဖက်စစ်ကောင်စီဟာ အာစီယံရဲ့စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ငြင်းဆန်တဲ့လက္ခဏာတွေကြောင့် အာစီယံကနေ NUG ကို ဆက်သွယ်ဖို့အသင့်ရှိတယ်ဆိုပြီး အသံလွှင့်လိုက်တာမှာ အကြမ်းဖက်စစ်ကောင်စီက NUG ကို မဆက်သွယ်ဖို့ အာစီယံကို သတိပေးပါသတဲ့ ။ အဲ့လိုသတိပေးတဲ့အကြောင်း ပေါက်ကြားမှု ဖြစ်ရတယ်ဆိုတော့ အကြမ်းဖက်စစ်ကောင်စီအဖို့ မချောင်ပါဘူး။ အာစီယံကလည်း သိက္ခာဆယ်အရွေ့တွေနဲ့ တုန့်ပြန်လိမ့်မယ် ယူဆမိတယ်။
တရုတ် ၊ ရုရှား ၊ အမေရိကန် ၊ ဥရောပ ၊ အာစီယံ ၊ ကုလသမဂ္ဂများဟာ မြန်မာ့နိုင်ငံရေးအကြောင်း မသိလို့ ဝေဝေဝါးဝါးဖြစ်နေတယ်လို့ မထင်ကြပါနဲ့ ။ မြန်မာပြည်ထဲမှာ အပ်ကျတာကအစ သူတို့ သိပါတယ် ။ သူတို့ရဲ့ဂုဏ်သိက္ခာ ၊ ငွေကြေး ၊ နိုင်ငံရေး အကျိုးအမြတ်အတွက် မြန်မာ့နိုင်ငံရေးကို လက်ရှောင်နေကြတာပါ ။
မြန်မာ့နိုင်ငံရေးမှာ ဘက်နှစ်ဘက် ရှိသလို ကမ္ဘာ့နိုင်ငံရေးမှာလည်း ဘက်နှစ်ဘက် ရှိတာပါပဲ ။အားသာရာကို ခုန်ကူးမည့် ကြားနေတွေလည်း ရှိကြမှာပါပဲ။ NUG ၊ CRPH ၊ NUCC ခေါင်းဆောင်တွေဟာ အဲ့ဒါကိုသိပြီး စောကြောနိုင်ဖို့လိုပါတယ် ။ အဲ့ဒီ ဘက်နှစ်ဖက်ကြားမှာ သိမ်သိမ်မွေ့မွေ့ကစားနိုင်ဖို့လိုပါတယ် ။ အဲ့ဒါဆိုရင် NUG သွားနေတဲ့ ကမ္ဘာ့မျက်နှာစာက လမ်းပွင့်လာဖို့ ရှိပါတယ် ။
နွေဦးတော်လှန်ရေးအစမှာ ပြည်သူ၊ NUG နှင့် တော်လှန်ရေးအုပ်စုတွေဟာ နိုင်ငံတကာကို အားကိုး မျှော်လင့်ခဲ့ကြတယ် ။" ယူပါ ၊ ကယ်ပါ " တဆာဆာ အော်ခဲ့ကြတာပါပဲ။ ဒါကြောင့် နိုင်ငံတကာဟာ မင်းအောင်လှိုင်ကို နိုင်မြင်းလို့ ကနဦးသတ်မှတ်ခဲ့ကြတယ် ။သို့ပေမဲ့ NUG အစိုးရရဲ့ ခုခံတွန်းလှန်စစ်ကြေငြာပြီးနောက်မှာ NUG ကို နိုင်မြင်းဖြစ်သွားမလား တွက်ဆလာကြပြန်ပါတယ်။
ယနေ့လိုအချိန်မှာ အကြမ်းဖက်မင်းအောင်လှိုင်က ပြည်တွင်းအကြမ်းဖက်မှုတွေ ဖြေရှင်းပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းရတဲ့ လေသံလိုလို ၊ ခုခံတော်လှန်ရေးအစုအဖွဲ့ကိုအပုတ်ချသလိုလို လေသံတွေ ကြားလာနေရတယ် ။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မြန်မာ့နိုင်ငံရေးကို လုံးဝမထိန်းနိုင်တော့ဘူးဆိုတာ ဝန်ခံတဲ့သဘောတရားလို့ ရှု့မြင်မယ်ဆိုမြင်နိုင်ပါတယ်။ကိစ္စတစ်ခုကို အရေးအရာလုပ်ပြီး ထည့်သွင်းပြောကြားလာရပြီဆိုရင် ပေါ့ပေါ့တန်တန် မဟုတ်တော့လို့ပါပဲ ။
ဒါကြောင့် အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို နယ်ရုပ်အဖြစ် ကိုင်ကစားနေသူတွေအဖို့တော့ အကြီးအကျယ်လက်တွန့်သွားစေမှာ ဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းကိစ္စအတွက် သူတို့ချခင်းထားတဲ့ Ideology ဟာ သူတို့ကိုယ်တိုင်မထိန်းနိုင်ဘဲ ပြန်လန်ကျလာတာကို အကဲခတ်ကောင်းသူတွေအဖို့ သတိပြုမိမှာ ဖြစ်ပါတယ်။ဒါကြောင့်လည်း တရုတ်ပြည်ဟာ ယနေ့လို မယုတ်မလွန် အာစီယံလမ်းကြောင်းအရွေ့ကို ချခင်းရတာ ဖြစ်ပါတယ် ။
နောက်တစ်ခုက ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကိုသာမက အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကိုပါ ချွန်းအုပ်ဖို့ထိ ကြိုးပမ်းလာနိုင်တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အဲ့ဒီလိုယူဆပြီး နိုင်ငံရေးကစားကွက် ရွေ့ခဲ့မယ်ဆိုရင်လည်း လွဲနေအုံးမှာ ဖြစ်ပါတယ် ။ အဲ့ဒီအကြောင်းဆက်ရေးဖို့က အာစီယံနှင့်ကမ္ဘာ့နိုင်ရေးအရွေ့ကိုတော့ စောင့်ကြည့်ရမည့်အပိုင်းတော့ ရှိပါတယ် ။ အလုံးစုံကို စိတ်ချထားလို့ရတဲ့အနေအထား မဟုတ်ပါဘူး ...
ပြန့်ကျဲနေတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို တော်လှန်ရေးကြီးအတွင်းမှာရော ၊ တော်လှန်ရေးကြီးပြီးသည့်နောက်ပိုင်းမှာရော ငြိမ်သက်စွာ ထိန်းကြောင်းသွားနိုင်ဖို့ကတော့ တော်လှန်ရေးအစုအဖွဲ့တွေရဲ့အဓိက ရည်မှန်းချက်နှင့်အမျိုးသားညွတ်ရေးအစိုးရ ချမှတ်သောနိုင်ငံရေးပေါ်လစီတွေ ကိုက်ညီမှုရှိနေဖို့ လိုအပ်တယ်လို့တော့ မိမိမြင်ပါတယ်။
myanmar society🇲🇲