စစ်တပ် ရင်ဆိုင်နေရသည့် မကြုံစဖူး ခြိမ်းခြောက်မှုနှင့် မဟာဗျူဟာမြောက် လွှမ်းမိုးမှု ကျဆုံးခန်း
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအရပ်ဘက် ခေါင်းဆောင်တွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။
သို့ပေမယ့် သူနဲ့သူ့နောက်လိုက်တွေအတွက် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက် မတွေးမိခဲ့ပါဘူး။
အာဏာသိမ်းတာကို ဆန့်ကျင့်ခုခံမယ့်သူအချို့ ရှိမယ်ဆိုတာကိုတော့ သူကြိုတွေးပြီးသားလို့ သေသေချာချာပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အရင်အာဏာရှင်ဟောင်း သန်းရွှေတောင် လုပ်နိုင်ရင် သူလည်းလုပ်နိုင်လိမ့်မယ် လို့ယုံကြည်ခဲ့ပုံပါပဲ။
သေချာပြောနိုင်တာက မင်းအောင်လှိုင်ဟာ လူတွေကို ရာဂဏန်းထက်ပိုပြီး ဖမ်း စရာမလိုသလို၊ အချို့ကို ချုပ်နှောင်ညှဉ်းပန်းနှိပ်စက်တာမျိုး၊ လက်နက်နဲ့ထိန်းသိမ်းရတာ၊ ဆန္ဒပြသူတွေကို အနည်းအကျဥ်း ပစ်ခတ်တာလောက်၊ အာဏာ သိမ်းတာကို ဆန့်ကျင်တွန်းလှန်လူထုကို ထိန်းချုပ်ဖို့မြို့ကြီးတွေမှာ ဒါဇင်နဲ့ချီတဲ့တင့်ကားတွေ ချီတက်ပြရုံလောက်နဲ့သာ ပြီးသွားလိမ့်မယ်လို့ တွက် ချက်ခဲ့ပုံ ရပါတယ်။
အဲ့ဒီအရာတွေအစား မင်းအောင်လှိုင် ယနေ့ရင်ဆိုင်နေတာကတော့ နိုင်ငံရေးနဲ့စစ်ရေးအရ စစ်တပ်ကို ဆန့်ကျင်တွန်းလှန်မှုတွေကို နေရာစုံမှာအဆက်မပြတ်ကြီးထွားလာနေတာပါပဲ။
ဒါဟာ ခေတ်သစ်သမိုင်းမှာ မြန်မာလူထုရော နိုင်ငံတကာမှာပါ မကြုံဖူးတဲ့အရာတစ်ခုပါ။ ဒီလေ့လာဆန်းစစ်မှုမှာတော့ စစ်ရေးအခြေအနေတွေကို ကျွန် တော်တို့အဓိကထား သုံးသပ်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ငါးလအတွင်း စစ်တပ်ကိုခုခံတွန်းလှန်ဖို့ ပုံစံနှစ်မျိုးနဲ့ ထွက်ပေါ်လာပါတယ်။ လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ လက်နက်မဲ့နည်းလမ်းပါ။ တစ်ခုနဲ့ တစ်ခုကလည်း ချိတ်ဆက်မှုရှိပါတယ်။
မင်းအောင်လှိုင်ရဲ့ စစ်တပ်က အကြမ်းမဖက်ဆန္ဒပြတွေသူကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းလိုက်ချိန်မှာတော့ လက်လုပ်သေနတ်တွေတပ်ဆင်ထားတဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တစ်နိုင်ငံလုံးအနှံ့ မှိုပွင့်တွေလို ထွက်ပေါ်လာပါတယ်။
ဒီလိုပုံစံနဲ့ အခြေတည်ဖွဲ့စည်းမှုတွေကို “ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” (PDF) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDF) လို့ အမည်ပေးခဲ့ကြပါတယ်။
အစပိုင်းမှာတော့ ဒီအဖွဲ့လေးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့အရပ်သားတွေကို စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုကနေ ကာကွယ်ဖို့အတွက်ပါ။ အခုတော့ ပြောင်းလဲသွားခဲ့ပါပြီ။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပိုမိုခေတ်မှီဆန်းသစ်လာပြီး စနစ်တကျစုဖွဲ့မှုတွေရှိလာပါတယ်။ အဆင့်မြင့်လက်နက်တွေနဲ့ လေ့ကျင့်မှုတွေလည်းရရှိလာကြတယ်။
ဂတ်စ်သေနတ်တွေနဲ့ ပိုက်ဗုံးတွေအစား တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ စနိုက်ပါတွေနဲ့ လက်ပစ်ဗုံးတွေကိုအသုံးပြုလာကြပါပြီ။
တီရှပ်နှင့်ဘောင်းဘီတိုတွေအစား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ဝတ်စုံအပြည့် အစုံ၊ Kevlar ကျည်ကာအင်္ကျီတွေနဲ့ ကြွားလုံးထုတ်နိုင်နေပါပြီ။ ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း စစ်တပ်အငယ်စားပုံစံနဲ့ အသွင်တူလာပါပြီ။
အရေးအကြီးဆုံးကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ရိုက် ရန်စတာမျိုးမရှိဘဲ စစ်တပ်ပစ်မှတ်တွေကို ခံစစ်ကနေ ထိုးစစ်အသွင်ယူပြောင်းပြီး လက်ဦးမှုယူ တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
ဒီအခြေအနေက စနစ်တကျဖွဲ့စည်းတည်ထောင်ထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ(EAO)နဲ့ ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်အတွက် သတင်းဆိုးတစ်ခုဖြစ်ပါတယ်။
အစီရင်ခံစာတစ်ချို့အရဆိုရင် ပူတာအို-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အမြှောက်သေနတ်တွေကို သုံးလာပါတယ်။ ပြည်တွင်းစစ်ပွဲတွေဆိုရင် ပုံမှန်အားဖြင့် ပရော်ဖက်ရှင်နယ် စစ်တပ်တွေသုံးလေ့ရှိတဲ့ အမြှောက်သေနတ်တွေကို သုံးနိုင်လာတာက ပြည်သူ့စစ်အဖွဲ့တွေအတွက် တိုက်ပွဲကို အဆုံးအဖြတ်ပေးတဲ့အရာ ဖြစ်လာနိုင်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်−မန္တလေး (PDF-Mandalay) ၊ ပြည်သူ့ကာကွယ်ရေးတပ်−ကလေး (PDF-Kalay) နဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ် (Chinland Defence Force-CDF) တို့ဆိုရင် ကိုယ်ပိုင်အမှတ်တံဆိပ်တောင် ရှိနေပါပြီ။
လွတ်လွတ်လပ်လပ် ကိုယ့်အစီအစဥ်နဲ့ ကိုယ်လှုပ်ရှားနေကြတဲ့ ဒေသကာ ကွယ်ရေးအဖွဲ့လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖြစ် ဖွဲ့စည်းလိုက်ချိန်မှာတော့ အဖွဲ့အစည်းအမည်တွေကိုပါ ပြောင်းလဲလိုက်ပါတယ်။
ဥပမာ စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ−မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့နယ်အတွင်းက အရပ်သားတိုက်ခိုက်ရေးသမားတွေနဲ့ စုဖွဲ့ထားတဲ့ တမူးမြို့နယ် လုံခြုံရေးအဖွဲ့ (TSG)ဆိုရင် နောက်ပိုင်းမှာ တမူး−ပြည်သူ့ကာကွယ်ရေးတပ် (Tamu-PDF) သို့မဟုတ် TPDF ဆိုပြီး အမည်ပြောင်း ဖွဲ့စည်းလိုက်တာမျိုးရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့အများအပြားဟာ သူတို့ထက်အတွေ့အကြုံရင့်ကျက်ပြီး ပြင်း ထန်တဲ့ တိုက်ပွဲတွေဆင်နွှဲခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီမှာ အဆင့်မြင့်စစ်သင်တန်းတွေကို တက်ရောက်ကြပါတယ်။
တချို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်တွဲပြီး စစ်တပ်ပစ်မှတ်တွေကို ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်တာမျိုးတွေ ပြုလုပ်လာကြပါတယ်။
စာရေးသူဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစတင်ပြီး ပြည်တွင်းပဋိပက္ခဖြစ်စဉ်ကို တိုက်ပွဲဖြစ်ပွားတဲ့ တည်နေရာတွေနဲ့ သတင်းအချက်အလက်တွေကတစ်ဆင့် သေသေချာချာ လေ့လာစောင့်ကြည့်နေပါတယ်။
လေ့လာမှုအရ လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ပစ်မှတ်တွေကို အကြီးစားပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အသေးစားတိုက်ခိုက်မှုအချို့ကိုတော့ ဒီလေ့လာမှုမှာ ထည့်မတွက်ထားပါဘူး။
ပူးပေါင်းတိုက်ခိုက်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေအဖြစ် ထွက်ပေါ်လာတဲ့ ပြည်သူ့စစ်တွေအတွက် အလွန်အဖိုးတန်ပါတယ်။
၂၀၂၁ ခုနှစ်စက်တင်ဘာလ ၇ ရက်မှာ ဒေသကာကွယ်ရေးတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲင်န်ယူ)ရဲ့ လက်နက်ကိုင်အဖွဲ့ -ကရင်အမျိူးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ပူးပေါင်းပြီး တနင်္သာရီတောင်ပိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာမှာ စစ်တပ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။
KNLA ဟာတပ်မတော်ကို ဆယ်စုနှစ်များစွာ တိုက်ခိုက်လာခဲ့တဲ့ အားကောင်းခိုင်မာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ KNLA နဲ့ ပူးပေါင်းတိုက်ခိုက်တာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက်တန်ဖိုးရှိတဲ့ တိုက်ပွဲအတွေ့အကြုံကို ရရှိစေသလို အခြားအဖွဲ့တွေကိုလည်း လက်ဆင့်ကမ်းနိုင်ပါသေးတယ်။
ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာလည်း လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defense Force−KNDF)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ စစ်တပ်ဖြစ်တဲ့ ကရင်နီစစ်တပ်တို့ ပူးပေါင်းတိုက်ခိုက်မှုဟာ တပ်မတော်ကို တော်တော်လေး အထိနာစေခဲ့ပါတယ်။
ကချင်ပြည်နယ်မှာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားကြီး ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ကေအိုင်အေသတင်းဌာနက ဖြန့်ချိလိုက်တဲ့ သီချင်းဗီဒီယိုတစ်ခုမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်သားတွေဟာ ကေအိုင်အေတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်တာမျိုးတွေ အပါအဝင် ရင်းရင်းနှီးနှီး နေထိုင်စားသောက်နေကြတာ ကိုတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝတ်စုံနဲ့ ကေအိုင်အေဝတ်စုံကို ပေါင်းစပ်ဝတ်ဆင်ထားသူ အချို့ကိုလည်း တွေ့ရပါသေးတယ်။
မကြာသေးမီက ပေါ်ထွက်လာတဲ့ အရေးပါတဲ့ နောက်ထပ်ပုံစံတစ်ခုကတော့ မတူညီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလိုက်တာပဲဖြစ်ပါတယ်။ ဒါက တော်တော်လေး အံ့အားသင့်စရာကောင်းပြီး အတူတကွ ပိုမိုခိုင်မာအားကောင်းမှုကိုလည်း ဖြစ်စေပါတယ်။
နောက်ဆုံး ဥပမာကတော့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက နီပေါဘာ သာစကားပြော တိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ ဂေါ်ရခါးကာကွယ်ရေးတပ်ဖွဲ့ (Gurkha Defence Froce )၊ စစ်ကိုင်းတိုင်းဒေသကြီးက တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Tamu-PDF) နဲ့ ချင်းပြည်နယ်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)တွေ မဟာမိတ်ဖွဲ့ပေါင်းစည်းလိုက်တာပဲ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသေးစားလေးတွေ စုစည်းပြီး အဖွဲ့ကြီးဖြစ်အောင် စုဖွဲ့လိုက်တာမျိုးလည်း ရှိနေပါတယ်။ ကယားပြည်နယ်မှာဆိုရင်လည်း ဒေသအလိုက် ဖွဲ့ထားတဲ့အဖွဲ့ငယ်လေးတွေက အားကောင်းတဲ့လက်နက်ကိုင်အဖွဲ့ KNDF အဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ KNDF ဟာ ကယားပြည်နယ်တစ်ကြောမှာ မင်းအောင်လှိုင်စစ်တပ်ကို ရဲရဲရင့်ရင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ပြုလုပ်နေပါတယ်။
ဥပမာပြောမယ်ဆိုရင် စက်တင်ဘာ ၂၇ ရက်နေ့က ဖယ်ခုံမြို့နယ် KNDF က ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်း ဆောင်ဖြောင်ကျေးရွာမှာ စစ်တပ်ယာဉ်တန်း ၄၅ စီးကို တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂၀ ဦးသေဆုံးခဲ့ပါတယ်။
အထူးသဖြင့် ရွေးကောက်ခံ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)က ၎င်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ပြီး နိုင်ငံတဝှမ်းရှိအခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စိတ်ဓာတ်ပိုင်းနဲ့ နိုင်ငံရေးအရ ပံ့ပိုးပေးတာမျိုးရှိပါတယ်။
သို့ပေမယ့် လှုပ်ရှားဆောင်ရွက်မှုအပိုင်းမှာတော့ အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုး မရှိပါဘူး။
အင်န်ယူဂျီရဲ့ ကာကွယ်ရေး၀န်ကြီးဌာနက သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြည်သူ့ကာ ကွယ်ရေး တပ်မတော်ဖွဲ့စည်းပုံကို အသေးစိတ်ထုတ်ပြန်ထားပါတယ်။ စစ်ဦးစီးချုပ်ရဲ့ တာဝန်ဝတ္တရားတွေ၊ စစ်တိုင်းမှူးတွေနဲ့ ဒေသဆိုင်ရာ စစ်ဦးစီးတွေလည်း ပါဝင်ပါတယ်။
သို့ပေမဲ့ အင်န်ယူဂျီ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲ့ အင်အား၊ ပိုင်ဆိုင်တဲ့ စစ်လက်နက်အမျိုးအစားတွေနဲ့ ပတ်သတ်ပြီးက တိတိပပ ရှင်းပြထားတာတော့ မရှိသေးပါဘူး။
အင်န်ယူဂျီ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် တည်ထောင်ရတဲ့ အကြောင်းရင်းကို ရှင်းပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံရဲ့စစ်တပ်ကို တရားဝင်စစ်တပ်အဖြစ် လူထုက လက်ခံနိုင်ခြင်းမရှိတော့ဘဲ ပြည်သူနဲ့ တိုင်းပြည်ကိုအမှန်တကယ်ကာကွယ်ပေးမယ့် စစ်တပ်ကို တောင်းဆိုခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ပါတယ်လို့ ရှင်းပြထားပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်−PDF က “ အရပ်သားထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့ ဖြစ်ရမည်”လို့ထပ်မံဖော်ပြထားပါတယ်။ ဒီအချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ တပ်မတော်(စစ်တပ်)ရဲ့ ရည်တည်မှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အများအပြားဟာ ဒေသအလိုက်စုဖွဲ့မှုပုံစံ နဲ့လှုပ် ရှားနေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တစ်ခုတည်းသော မဟာ ဗျူဟာ အမိန့်တစ်ခုအောက်မှာ တစုတစည်းတည်း လှုပ်ရှားဆောင်ရွက်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။
အမှန်တော့ ဒီလိုဖြစ်လာဖို့တောင် လိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသအလိုက် နိုင်ငံရေးလုံခြုံရေး လုပ်ဆောင်ကြတဲ့အဖွဲ့တွေဟာ ဗဟိုဦးစီးအဖွဲ့တွေထက် တိကျတဲ့ ရည်မှန်းချက်များတွေကို အောင်မြင်အောင် လုပ် ဆောင်တဲ့နေရာမှာ အမြဲတမ်း သာလွန်ထိရောက်လေ့ ရှိပါတယ်။
အင်န်ယူဂျီကတော့ လောလောဆယ် မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်းနဲ့ အနောက်ပိုင်းတိုင်းဆိုပြီး စစ်ဌာနချုပ်ငါးခု ပိုင်းခြားပြီး ပေါင်းစပ်အမိန့်ပေး လုပ်ဆောင်နေပါတယ်။
စစ်ဌာနချုပ်တစ်ခုချင်းစီမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ ရောနှောပါဝင်နေတာကို ကေအိုင်အေရဲ့ သီချင်းဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ဖွဲ့စည်းထားပါတယ်။
အင်န်ယူဂျီအနေနဲ့ သူ့ရဲ့ စစ်ရေးဖွဲ့စည်းပုံအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့− တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (PDF-EAO)ရဲ့ စည်းလုံးညီညွတ်မှုကို အရှိန်မြှင့်တင်လိုက်တာဟာ ထိရောက်မှုရှိပါတယ်။
အများစုဟာ မူလတည်ဆောက်ပြီးသား မဟာဗျူဟာ မဟာမိတ်ဘက်တွေ ဖြစ်နေတဲ့အပြင်၊ တိုက်ပွဲအတွေ့အကြုံ ရှိပြီးသားလည်းဖြစ် စနစ်တကျလက်နက်တပ်ဆင် ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပါဝင်မှုဟာ တော်လှန်ရေး နည်းဗျူဟာကို မြှင့်တင်နိုင်ဖို့ အထောက်အကူလည်း ဖြစ်ပါတယ်။
ဒီနည်းဗျူဟာက စစ်တပ်အတွက် အားနည်းတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ငယ်လေးကို ပစ်မှတ်ထား ရွေးချယ်တိုက်ခိုက်ဖို့ အခက်တွေ့စေပါတယ်။
ပေါင်းစည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်သလို ပျောက်ကျားစနစ်နဲ့ စစ်တပ်ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ အမည်မဖော်လိုတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။
အချက်အချာကျတဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးမြို့တို့ဟာ အမည်မဖော်လိုတဲ့အဖွဲ့တွေ ပျောက်ကျားစနစ်သုံး တိုက်ခိုက်တဲ့ အဓိကနေရာတွေဖြစ်လာပါတယ်။
တိုက်ခိုက်မှုအများစုကတော့ အသေးစားဗုံးဖောက်ခွဲတာ ၊ စစ်တပ်သတင်းပေးတွေ၊ စစ်တပ်အမှုထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာ မျိုးတွေဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မဟုတ်တဲ့ ပြောက်ကျားတိုက်ခိုက်မှုဆိုတာ ဘယ်လိုပုံစံလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလဲ ဆိုတာကို ဖြစ်ရပ်သုံးခုနဲ့ ရှင်းပြပါ့မယ်။
ပထမတစ်ခုကတော့ ၂၀၂၁ ခုနှစ်သြဂုတ် ၂၉နှင့် ၃၀ ရက်နေ့က ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ဆက်တိုက်ဗုံးပေါက်ကွဲမှု ၁၂ကြိမ်ရှိခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ပြင်းထန်တဲ့ပျက်စီးမှုကို ဖြစ်စေဖို့ ရည်ရွယ်ဟန် မဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ ဒုတိယအကြီးဆုံးမြို့ကြီးတွေမှာ တစ်ရက်တည်း ပေါက်ကွဲမှု ၁၂ကြိမ်ဖြစ်ပွားခဲ့တာဟာ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု မြင့်မားနေတယ် ဆိုတာကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။
ပျောက်ကျားတိုက်ခိုက်မှုတွေဟာ လူဦးရေထူထပ်တဲ့ အချက်အချာနေရာတွေမှာ ပြုလုပ်ခဲ့ပေမယ့် လူကိုထိခိုက်တာမျိုးတော့ မရှိခဲ့ပါဘူး။
သို့ပေမယ့် ဒီတိုက်ခိုက်မှုတွေက စစ်ကောင်စီတပ်တွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာစေပြီး မြန်မာလူထုကို အကာအကွယ်ပေးမယ် ဆိုတဲ့စစ်ကောင်စီကို သိက္ခာကျအောင်၊ အယုံအကြည်ကင်းမဲ့အောင် လုပ်ဆောင်တဲ့သဘောပဲ ဖြစ်ပါတယ်။
ဒုတိယအကြိမ်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဒုတပ်ရင်းမှူးအပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့တဲ့ ပျောက်ကြားတိုက်ခိုက်မှု ဖြစ်ပါတယ်။ ဒီလိုတိုက်ရိုက်တိုက်ခိုက်မှုဟာ (စစ်သားတွေ)ရဲ့ လုံခြုံရေးအသိကို ရိုက်ချိုးလိုက်နိုင်ပါတယ်။
အေးချမ်းတယ်လို့ ယူဆရတဲ့ မြို့ကြီးတွေအတွင်း လှည့်ပတ် သွားလာနေချိန်မှာတောင် သာမန်လူတွေထဲမှာ သူတို့ကိုတိုက်ခိုက်နိုင်တဲ့သူတွေ ရှိနေပါလားဆိုတဲ့ မလုံခြုံစိတ်ကို ဖြစ်ပေါ်စေပါတယ်။
တတိယတိုက်ခိုက်မှုကတော့ သြဂုတ် ၂၉ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ ဦးတင်လှိုင်ဆိုသူကို စစ်တပ်သတင်းပေးဆိုပြီး စွပ်စွဲလုပ်ကြံ သတ်ဖြတ်လိုက်တာပါ။
ဇနီးဖြစ်သူနဲ့အတူ ကားမောင်းနေစဉ် သေနတ်နဲ့ပစ်ခံလိုက်သူ ဖြစ်ပါတယ်။ သူဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးကတည်းက သတ်ဖြတ်ခံရတဲ့ ဒါဇင်ပေါင်းများစွာသော စစ်တပ်သတင်းပေးတွေထဲက တစ်ဦးသာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေအတွက် သတင်းပေးတွေကို ချေမှုန်းရေးဆိုတာ စစ်တပ်ရဲ့ ထောက်လှမ်းရေး စုဆောင်းတဲ့လုပ်ငန်းစဉ်ကို ဖျက်စီးတာကြောင့် အလွန်အရေးကြီးပါတယ်။
စစ်တပ်သတင်းပေးတွေက အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဒေသန္တရတပ်မှူးတွေထံ သတင်းပို့တဲ့အခါ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေသာမက ဆန္ဒပြခေါင်းဆောင်တွေရဲ့ နေရပ်လိပ်စာတွေနဲ့ အမည်တွေကိုပါ ပေးလေ့ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ ဆန္ဒပြခေါင်းဆောင်တွေဟာ အသတ်မခံရတောင် ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ညှဥ်းပန်းနှိပ်စက်ခံရတာတွေ ရှိလာပါတယ်။
မြန်မာစစ်တပ်အတွက် နောက်ထပ်အရေးကြီးတဲ့ ပြဿနာကတော့ တပ်တွင်းတော်လှန်ရေးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေက ဘက်ပြောင်းခိုလှုံခြင်းနဲ့ တပ်တွင်းသူလျှို လုပ်ဆောင်ခြင်းဆိုတဲ့ ပုံစံနှစ်မျိုးနဲ့ ဖြစ်ပေါ်နေတာပါ။
လွန်ခဲ့တဲ့လအနည်းငယ်အတွင်း စစ်တပ်ကိုစွန့်ခွာပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းသွားတဲ့ စစ်သားနဲ့ ရဲအရေအတွက်က ၂,၀၀၀နီးပါးရောက်ရှိနေပါပြီ။
၂,၀၀၀ထဲက တပ်ပြေး ၃၀ လောက်ဟာ သတင်းပတ်အနည်းငယ်အတွင်း ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းလိုက်ကြပါတယ်။
ချင်းပြည်နယ်တစ်ခုတည်းမှာ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းတဲ့ အချိန်ကတည်းက လက်ရှိအချိန်အထိ တပ်ကိုစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းသူအရေအတွက်က ၃၅၀အထိရှိနေပါပြီ။
စစ်တပ်ကို စွန့်ခွာလာကြတဲ့ စစ်သားအစုအဖွဲ့တွေဟာ သူတို့ရဲ့ ရဲဘော်ရဲဘက်အချင်းချင်းကူညီဖို့ ကူညီထောက်ပံ့ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာ တွစ်တာမှာတော့ “ပြည်သူ့စစ်သားများ” (People’s Soliders)ဆိုတဲ့ နာမည်နဲ့ စာမျက်နှာတစ်ခု ဖွင့်ထားပါတယ်။
နောက်အဖွဲ့တစ်ခုကတော့ စစ်သားနဲ့ရဲတွေ စုဖွဲ့ထားတဲ့ “ပြည်သူ့ရင်ခွင်” (People’s Embrace) ဖြစ်ပြီး မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ လူသိများထင်ရှားလာပါတယ်။
မြန်မာစစ်တပ်မှာ အခုလိုမျိုး စစ်သားဘဝကိုစိတ်မသန့်လို့ တာဝန်သိပြီး တပ်ကိုစွန့်ခွာလာကြသူ အများအပြားကို အရင်မတွေ့ခဲ့ဖူးပါဘူး။ အင်မတန် စိုးရိမ်ထိတ်လန့်စရာ ကောင်းတဲ့အခြေအနေက စစ်တပ်ဟာ သူ့ရဲ့စစ်တက္ကသိုလ်တွေကနေ လုံလောက်တဲ့ စစ်သားအသစ်တွေ ထပ်မံစုဆောင်းရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
စစ်တပ်ကို စွန့်ခွာလာကြတာတွေက စစ်တပ်ရဲ့ပုံရိပ်ကို ထိခိုက်ကျဆင်းစေရုံမက ထွက်ပြေးလာသူတွေကို တော်လှန်ရေး အင်အားစုအဖွဲ့ထဲ ပါဝင်စေတာကလည်း အဲ့ဒီအဖွဲ့တွေအတွက် အင်မတန်အကျိုးရှိစေပါတယ်။
စစ်သားဟောင်းတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်မှုကို အားကောင်းစေနိုင်တဲ့ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို သယ်ဆောင်လာပါတယ်။
ဥပမာ-စစ်ရေးဖြန့်ကျက်မှုပုံစံတွေ၊ ဒေသန္တရတပ်အင်အား၊ လက်နက်သိုလှောင်ရုံတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများစတဲ့ သတင်းအချက်အလက်တွေပါ။ ဒီလိုသတင်းအချက်အလက်တွေကို သိထားတာဟာ အင်အားမညီမျှတဲ့ မြေပြင်တိုက်ပွဲတွေမှာ အသာစီးရထားတဲ့ အဆင့်မှာရှိပါတယ်။
တပ်မတော်အတွက် တော်တော်လေး အထိနာစေတဲ့ တပ်တွင်းတော်လှန်ရေး အင်အားစုပုံစံ နောက်တစ်မျိုးကတော့ တပ်တွင်းမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ လူထုဘက်က အားပေးထောက်ခံ အလုပ်လုပ်ပေးနေသူတွေ ဖြစ်ပါတယ်။
သူတို့ကို “ဖရဲသီးစစ်သား” (Watermelon Soldiers) တွေလို့ ခေါ်ကြပါတယ်။ ဖရဲသီးရဲ့ အပြင်အခွံရောင်ဟာ အစိမ်းရောင်ဖြစ်ပြီး အတွင်းကတော့ အနီရောင်ဖြစ်နေတာမို့ ဖရဲသီးစစ်သားတွေလို့ ခေါ်ကြတာပါ။
စစ်တပ်ကိုစွန့်ခွာပြီး ဘက်ပြောင်းခိုလှုံတဲ့ နည်းလမ်းအစား တပ်အတွင်းကနေ သေးငယ်တဲ့တိုက်ခိုက်မှုတွေနဲ့ စစ်တပ်ကို ဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖရဲသီးစစ်သားများတွေဟာ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေ ရုံးစိုက်ရာ နေပြည်တော်ရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေး (ကကဝယ်) ညွှန်ကြားရေးမှူးရုံးကို ဗုံးဖောက်ခွဲလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ထိုသို့သော အတွင်းတိုက်ခိုက်မှုတွေဟာ တပ်မတော်အတွက် အဆုံးသတ် အခြေအနေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ သို့ပေမယ့် ဒီပုံစံကဆက်ဖြစ်နေမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဖရဲသီးစစ်သားတွေဟာ အထက်လူကြီးတွေရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို ရှောင်တိမ်းနေချိန်မှာ အတွင်းကနေ ဖျက်ဆီးမှုတွေ ဆက်လုပ်ဖို့ဆိုတာ သူတို့အတွက် အင်မတန်အန္တရာယ် များလွန်းပါတယ်။
ဒီလောက်ပြဿနာတွေ အများကြီးဖြစ်ပျက်ချိန်မှာ မင်းအောင်လှိုင်တစ်ယောက် အေးအေးချမ်းချမ်း အိပ်ပျော်နိုင်ပါ့လား။
အင်န်ယူဂျီက စစ်တပ်နဲ့ ခုခံစစ်ဆင်နွှဲမယ် လို့ကြေငြာလိုက်ပြီးနောက် မြန်မာ့လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဟာ လွန်ခဲ့တဲ့ခုနစ်လအတွင်း ယခင်ကထက် ပိုမိုတက်ကြွ လှုပ်ရှားလာပါတယ်။
လက်ရှိအချိန်မှာ တပ်မတော်ဟာ အရင်ကထက် ပိုမိုများပြားတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက တစ်ချိန်က မြန်မာနိုင်ငံရဲ့ များပြားလှသော စစ်မြေပြင်တွေမှာ ရပ်တည်ခဲ့ဖူးတဲ့ အင်အားအကြီးဆုံး စစ်တပ် တစ်ခုမဟုတ်တော့ပါဘူး။
ပိုဆိုးတာက လက်နက်ကိုင်အင်အားစုတွေဟာ ဗဟိုချုပ်ကိုင်မှုမရှိသလို နိုင်ငံအနှံ့ပြန့်ကျဲနေပေမယ့် လိုအပ်ရင် အချင်းချင်း ပူးပေါင်းဖို့ဆန္ဒရှိကြပါတယ်။
ဒီအချက်က တပ်မတော်ရဲ့ မဟာဗျူဟာချမှတ်သူတွေအတွက် လက်နက်ကိုင်အင်အားစုတွေကို ချေမှူန်းဖို့ အင်မတန်အခက်တွေ့စေပါတယ်။ ဒီတစ်ကြိမ်မှာတော့ တပ်မတော်ဟာ ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားနယ်မြေတွေက လက်နက်ကိုင်အင်အားစုဆီကသာမက သူ့ရဲ့ နိုင်ငံရေးအမာခံတွေလို့ ယူဆရတဲ့ ဗမာလူများစုရဲ့ တိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
သတင်းပတ်တိုင်း မင်းအောင်လှိုင်မှာ မအိပ်မပျော်တဲ့ညတွေ ရှိနေတယ်ဆိုတာ အသေအချာကို ပြောနိုင်ပါတယ်။
မင်းအောင်လှိုင်ဟာ ကြီးထွားလာတဲ့ အရပ်သားတော်လှန်ရေး အင်အားစုတွေကြောင့် ပူပန်သောကရောက်နေရသလို၊ အာဏာဆက်လက် ထိန်းချုပ်ထားနိုင်ရေးနဲ့ ပတ်သတ်ပြီး သူ့ရဲ့အရည်အချင်းအပေါ် သံသယဝင်စ ပြုလာတဲ့ လက် အောက်ငယ်သားတွေကလည်း အာဏာသိမ်းလာနိုင်တာမို့ ရတက်မအေး ဖြစ်နေရပါတယ်။
သူ့ကိုယ်သူ သန်းရွှေလို့ မှတ်ယူထားတဲ့ မင်းအောင်လှိုင်ဟာ အတိတ်ကဖြစ်ရပ်များလို ရန်ကုန်မြို့က လမ်းမထက်မှာ စစ်သေနတ်တွေ၊ တင့်ကားတွေချထားပြီး မြန်မာလူထုကို သူ့လက်အောက်မှာနေထိုင်ဖို့ အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နိုင်မယ် လို့ ထင်မှတ်နေခဲ့တာပါ။
အခုတော့ အဲ့ဒီအရာတွေအစား မင်းအောင်လှိုင်က စက္ကူကျားတစ်ကောင် ဖြစ်သွားပါပြီ။ ခမ်းနားလှတဲ့နန်းတော်ထဲမှာ လှောင်ပိတ်မိနေတဲ့ အာဏာရှင်ကြီးဟာ တစ်နေ့မှာ သူ့အိမ်တံခါးကို လာခေါက်မယ့် တော်လှန်ရေး အလားအလာတွေအပေါ် သွေးပျက်မတတ် ပူပင်သောက ရောက်လို့နေပြီပဲ ဖြစ်ပါတယ်။
Credit - Khit Thit Media
(Angshuman Choudhury ရေးသားသည့် Why the Myanmar military is facing its most serious challenge today ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန် တင်ဆက်ထားခြင်း ဖြစ်ပါသည်။)