ရန်ကုန်မြို့နှင့်ကမ္ဘာကျော်ဖရီးမေဆင်ဂိုဏ်း( Free Mason) (သို့) ပသျှူးခေါင်းပြတ်ဂိုဏ်း)
တလောက Blog မှာ Deep State အကြောင်းဖော်ပြတော့ Freemason အကြောင်းပါတာကို သတိပြုမိကြမယ် ထင်ပါတယ် ။တချိန်က မြန်မာပြည်မှာလည်း Free Mason အသင်းကြီး ရှိခဲ့ပါသတဲ့ 😳 ။ မိမိဖတ်မိတာလေးကို စာဖတ်သူတွေလည်း ဗဟုသုတတိုးအောင် ပြန်ဖော်ပြပေးလိုက်ရပါနော် ။
ရန်ကုန်မြို့နှင့်ကမ္ဘာကျော်ဖရီးမေဆင်ဂိုဏ်း
( Free Mason) (သို့) ပသျှူးခေါင်းပြတ်ဂိုဏ်း)
~~~~~~~~~~~~~~~~~~~~~~~~~~
ဖရီးမေဆင်ဂိုဏ်း (သို့မဟုတ်) တစ်ချို့က ပသျှူးခေါင်းပြတ်ဂိုဏ်း ဟု သိကြသည်။
အထူးသဖြင့် ကွယ်လွန်သူ စာရေးဆရာကြီး မင်းသိင်္ခ ၏ စနေမောင်မောင်ဇာတ်လမ်းများတွင် ထိုအသင်းကြီး နှင့် ပတ်သက်ပြီး အတော်များများသတိထားမိခဲ့ကြသည်။
ဆရာကြီး၏ ဇာတ်လမ်းများက စိတ်ကူးတန်ဆာဆင်ရေးဖွဲ့ခြင်းဆိုသော်လည်း ထို ဖရီးမေဆင်ဂိုဏ်းကတော့ အမှန်တကယ်ပင် ရှိခဲ့သော အသင်းကြီးဖြစ်လေသည်။
လွတ်လပ်သောပိသုကာဆရာ အသင်း ဟု အဓိပါယ်ရသော ထိုအသင်းသည် ၁၃ ရာစုနှင်တွင် စတင်ပေါ်ပေါက်သည်ဟု အကြမ်းအားဖြင့် မှတ်ယူကြသည်။
အဖွဲ့တည်ရှိကြောင်း အစောဆုံးအထောက်အထားမှာ ၁၇၁၇ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပသော အသင်း၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။
အသင်း၏ အဓိက ပင်မကျောရိုးများထဲမှ ပထမတစ်ခုမှာ ဘီစီ ၃၀၀ တွင် ပေါ်ပေါက်ခဲ့သော သင်္ချာပညာရှင် ယူကလစ်နှင့် ဘီစီ ၂၈၇ တွင် ပေါ်ပေါက်ခဲ့သည့် သင်္ချာပညာရှင် အာခိမိဒိ တို့၏ ကပ်ကုလပ်နှင့် ဂျီသြမေတြီ သင်္ချာပညာရပ်အပေါ် အခြေခံထားခြင်းဖြစ်သည်။
ဂမီရဆန်ဆန်၊ မှော်ဆန်ဆန် ဖွဲ့စည်းထားသည့် လျှို့ဝှက်အဖွဲ့အစည်းဟု အများက မြင်ကြသော်လည်း သိပံပညာနှင့် ဝိဇ္ဇာပညာရပ်များကို အခြေခံထားသည့် လူသားအဖွဲ့အစည်းဆိုင်ရာပညာရပ် အရင်းအမြစ်များကို ဆင့်ကဲထိန်းသိမ်းထားသည့် အဖွဲ့တစ်ခုသာဖြစ်သည်။
ရီနေဆန်းခေတ်ခေါ် ဥာဏ်အလင်းခေတ်တွင် အသင်းသည် လျင်မြန်စွာ ကြီးထွားလာပြီး ဗြိတိသျှအင်ပါယာ၏ နယ်ချဲ့စနစ်အအောင်မြင်ဆုံးကာလများနှင့်အတူ အသင်းသည် ကမာအနှံ့သို့ ဖြန့်ကျက်လာနိုင်ခဲ့သည်။
အသင်းခွဲများကို ကမ္ဘာအရပ်ရပ်ဖြန့်ကျက်လာနိုင်ပြီးနောက်တွင်တော့ အခြားကမ္ဘာဒေသများမှ အတွေးအခေါ်၊ ပညာရပ်များစွာ ထပ်မံပေါင်းစည်းပါ၀င်လာခဲ့သည်။
ဖရီးမေဆင်ဂိုဏ်းသည် တော်၀င်ဗိသုကာပညာရှင်များ စတင်ဖွဲ့စည်းခဲ့ပြီး အခြား ပညာရှင်အများအပြားလည်း ပါ၀င်ပြီး လျှို့ဝှက်သည်းဖို့ဆန်သော အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ ပါတီပွဲများ ကျင်းပခဲ့ကြသည်။
ထိုဂိုဏ်းတွင် ပါ၀င်သူအများစုမှာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ပညာတတ်များ ဖြစ်ပြီး မင်းစိုးရာဇာများ အထိ ပါ၀င်သည်။
အဖွဲ့၏ ရည်ရွယ်ချက်မှာ ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့သော ရှေးရိုးပညာရပ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းဖလှယ်ကြပြီး အဖွဲ့၀င်အချင်းချင်း ၏ လူမှုရေးရာ၊ စီးပွားရေးရာ၊ နိုင်ငံရေးရာကိစများတွင် ကိုယ်တတ်ကျွမ်းသော ဘာသာရပ်အသီးသီးမှ နေပြီး ကူညီပေးကြရန်ဖြစ်သည်။
ထို့ကြောင့် ၁၈ ရာစုနှောင်းပိုင်းတွင် ကမာပေါ်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီး မှ အသင်း၀င်များမှာ ထိပ်တန်းခေါင်းဆောင်များဖြစ်လာကြပြီး ကမာကြီး၏ သော့ချက်များကို ကြိုးကိုင်သူတွေ ဖြစ်လာကြ၏။
ပန်းပုပညာရှင် မိုက်ကယ်အယ်ဂျလို နှင့် ပန်းချီဆရာ၊ သိပံပညာရှင် လီယိုနာဒိုဒါဗင်ချီ တို့သည် ဖရီမေဆင် အသင်းသားများဖြစ်ကြသည်။
အမေရိကန်၏ ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ဝါရှင်တန်၏ ဖရီးမေဆင်အသင်း၀တ်ရုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံအရ ဂျော့ဝါရှင်တန်သည် အသင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖရီးမေဆင်၏ အမှန်တံဆိပ်များထဲမှ တစ်ခုဖြစ်သော တြိဂံထဲမှ မျက်လုံးတစ်လုံး၏ ပုံကို အမေရိကန်ဒေါ်လာတွင် ထူးထူးခြားခြားတွေ့ရသည်မှာလည်း စဉ်းစားဖွယ်ရာအချက်တစ်ခုဖြစ်သည်။
အမေရိကန်သမတများထဲမှ အချို့သည် ထိုဂိုဏ်းနှင့် ပတ်သက်လျက်ရှိသည်ဟူသော အထောက်အထားများကိုလည်း အချို့စာအုပ်များတွင်တွေ့ရသည်။
အထူးသဖြင့် ဂျော့ဝါရှင်တန်သည် သမတအဖြစ် ကျမ်းသစာကျိန်ဆိုသည့်အခါ ဖရီးမေဆင်ဂိုဏ်းသားများ အသုံးပြုသည့် ကျမ်းစာကို အသုံးပြုခဲ့သည်။
ထိုကျမ်းစာအုပ်ကို Georg Washington Inaugural Bible ဟု လူသိများ၏။
ယင်းကျမ်းစာအုပ်ကို ဂျော့ဝါရှင်တန်၏ နောက်ပိုင်း အမေရိကန်သမတများဖြစ်သော ဝါရင်ဂျီဟာဒင်း၊ ဒွက်ဒီအိုက်ဆင်ဟောင်ဝါ၊ ဂျင်မီကာတာ နှင့် ဂျော့ရ်ှဘုရှ် တို့ကလည်း ကျမ်းသစာကျိန်ပွဲများတွင် အသုံးပြုခဲ့သည်ကို တွေ့ရသည်။
မြန်မာပြည်နှင့် ဖရီးမေဆင်
…………………………………………………
၁၈၅၃ ခုနှစ် အင်္ဂလိပ်များ ရန်ကုန်ကို မသိမ်းမီကာလကပင် ဗြိတိသျှဖရီးမေဆင်ဂိုဏ်းသားများသည် ရန်ကုန်မြို့တွင် Star of Burma စံအိမ်တွင် ယာယီအသင်းရုံးကို ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံဂိုဏ်းခွဲ၏ လျှို့ဝှက်အမည်မှာ Star of Burma ဖြစ်သည်။
မော်လမြိုင်မြို့ရှိ ဂိုဏ်းခွဲသည် အသင်းချုပ်၏ ပထမဆုံး အသိအမှတ်ပြု Mason Lodge ကို ရရှိခဲ့ပြီး နံပါတ်မှာ EC 542 ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဖရီးမေဆင်ဂိုဏ်းသားများ၏ ထိုအစည်းအဝေးများအပေါ် မြန်မာရှင်ဘုရင်အစိုးရမှ စောင့်ကြည့်မှုများကြောင့် ငှားရမ်းထားသည့် ထိုအဆောက်အဦတွင် အသင်း၏ အစည်းအဝေးများကို ကျင်းပခြင်းမပြုတော့ပဲ ရန်ကုန်မြို့ နေရာအနှံတွင် လျှို့ဝှက်စွာ ပြုလုပ်ခဲ့ကြ၏။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးဆုံးပြီးသည့်နောက် မောင့်ဂိုမာရီလမ်းမှ အဆောက်အဦတစ်ခုကို ရူပီ တစ်သောင်းဖြင့် ၀ယ်ယူပြီး အသင်းရုံးခန်းကို တရား၀င်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါအဆောက်အဦသည် မီးရထားကုမ္ပဏီနှင့် နီးကပ်လျက်ရှိသောကြောင့် ဆူညံသံများပြီး အသင်း၏ တွေ့ဆုံပွဲများကို အနှောက်အယှက်ဖြစ်စေသဖြင့် အခြားနေရာသို့ ပြောင်းရန် ရှာဖွေကြပြန်သည်။
၁၉၀၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သွမ်မဆင်လမ်း(ယခု ဗိုလ်တစ်ထောင်ဘုရားလမ်း) ၌ Bro,H.W Walts ဦးဆောင်ကာ ဖရီးမေဆင် မြန်မာဂိုဏ်းခွဲအား စတင်အုတ်မြစ်ချဖွင့်လှစ်ခဲ့သည်။
ကမ္ဘာအရပ်ရပ်မှ ဖရီးမေဆင်ဂိုဏ်းများသည် အသင်းတည်ရှိရာ အဆောက်အဦ၏ တည်နေပုံကိုလိုက်ပြီး ဖရီးမေဆင်၏ စည်းကမ်းချက်များနှင့်အတူ တည်ဆောက်ကြရသည်။
အသင်းပိုင်အဆောက်အဦတိုင်းတွင် ယာဉ်ရထားရပ်ရန် ပေါ်တီကိုများပါရှိကြပြီး ပေါ်တီကို တိုင်လုံးများသည် ဂရိသင်္ချာပညာကို ကိုယ်စားပြုသည့် ခေါမကနုတ်ဒီဇိုင်းပါ တိုင်လုံး နှင့် ရောမသင်္ချာပညာရပ်ကို ကိုယ်စားပြုသည့် ရောမဒီဇိုင်း တိုင်လုံးများကို ပိသုကာအတတ်ပညာဖြင့် ထွင်းထားတတ်ကြသည်။
မြေညီထပ်တွင် ပါတီပြုလုပ်ရန် ခန်းမကြီးတစ်ခုရှိပြီး အကောင်းဆုံးကြမ်းခင်းများခင်းထားကြသည်။ အလင်းရောင်ရရှိစေရန် စက်ဝိုင်းခြမ်းပုံ မှန်ပြတင်းများလည်း တပ်ထားသည်။
ခန်းမနောက်တွင် ဘား၊ စားသောက်ခန်းစသည်တို့ရှိပြီး ထိုဘားစားသောက်ခန်းမတစ်နေရာတွင် အနောက်ဘက်စားဖိုဆောင်သို့ ဆက်သွယ်ထားသည့် လျှို့ဝှက်တံခါးတစ်ချပ်ရှိသည်။
ထိုတံခါးသည် အပေါ်ထပ်ရှိ ပင်မအစည်းအဝေးခန်းမကြီးနှင့်လည်း ဆက်သွယ်ထား၏။
စားဖိုဆောင်နှင့် ဘားခန်းအကြားတွင် အခြားလူမမြင်နိုင်စေရန် အမိုးရှည်များမိုးထားလေ့ရှိပြီး အရေးပေါ်အခြေအနေကြုံလာလျှင် ဘား၏ လျှို့ဝှက်တံခါးကို ဖွင့်ကာ ပင်မအဆောက်အဦကို စွန့်ခွာပြီး စာဖိုဆောင်မှတဆင့် တိမ်းရှောင်ရန် ဖန်တီးထားသည်။
အပေါ်ထပ်တွင် အဓိကအစည်းအဝေးခန်းမကြီးရှိပြီး တြိဂံပုံစံ သို့မဟုတ် စတုရန်းပုံစံ ကျားကွက်ပုံဆေးချယ်ထားသည့် ကြမ်းခင်းများ ခင်းထားကြသည်။
ခန်းမကြီး၏ အ၀င်တံခါးတွင်တော့ ဖရီးမေဆင်ဂိုဏ်း၏ အမှတ်အသားဖြစ်သော ကျင်တွယ်နှင့် ပေတံ တြိဂံပုံစံ ကြေးတံဆိပ်ကြီးကို တပ်ဆင်ထားလေ့ရှိသည်။
ပြင်ပမှာ မည်သူ မည်ဝါလာသည်ကို ချောင်းကြည့်ရသော အပေါက်ငယ်တစ်ပေါက်လည်း ပါ၀င်သေးသည်။
ပင်မအစည်းအဝေးကျင်းပရာတွင် အသင်းသားတို့၏ အရည်အချင်းအလိုက် အရောင်စုံခွဲထားသော ၀တ်ရုံရှည်ကြီးများကို ၀တ်ဆင်ကြရသည်။
အသင်း၏ ခေါင်းဆောင်ဖြစ်သော Lodge က အစည်းအဝေးခန်းမ၏ ထိပ်ဆုံးတွင် ကုလားထိုင်ရှည်ကြီးဖြင့် ထိုက်လေ့ရှိသည်။
သူ့ရှေ့စားပွဲတွင် ဖရီးမေဆင်ဂိုဏ်းမှ သမိုင်း၀င်ဂိုဏ်းခေါင်းဆောင်တစ်ဦးဦး၏ ဦးခေါင်းခွံရိုးရှိနေပြီး အစည်းအဝေးဆုံးဖြတ်မှုများတွင် ထိုဦးခေါင်းခွံကို တိုင်တည်ကာ ဆုံးဖြတ်လေ့ရှိကြသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အပြင်
ပဲခူး၊ မနလေး၊ ပုသိမ်၊ မော်လမြိုင် ၊ တောင်ကြီး၊ ပြင်ဦးလွင်၊ လားရှိုး၊ စစ်တွေ၊ ရေနံချောင်း စသော မြို့ကြီးများတွင် အသင်းရုံးခွဲများဖွင့်လှစ်နိုင်ခဲ့သည်။
အဆိုပါရုံးခွဲများသည်လည်း ဖရီးမေဆင်၏ ဒီဇိုင်းအတိုင်း ဆောက်လုပ်ထားသည့် အိမ်ကြီးများဖြစ်ကြ၏။
နိုင်ငံခြားသားများအပြင် ဆာမြဘူး၊ ဦးစိန်ထွန်းအောင် စသော ထင်ရှားသူများလည်း ဖရီးမေဆင်အသင်းတွင် ပါ၀င်ခဲ့ကြသည်။
ဖရီးမေဆင်ဂိုဏ်းသည် မြန်မာ့မြေပေါ်တွင် နှစ်ပေါင်းရာချီ လျှို့ဝှက်စွာရှင်သန်ခဲ့ပြီးနောက် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရ၏ အာဏာသိမ်းမှုအပြီးတွင် စောင့်ကြည့်မှု၊ ထိန်းချုပ်မှုများစွာတို့ဖြင့် ရပ်တည်ခဲ့ကြသည်။
၁၉၇၅ ခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ အသင်းအနေဖြင့် မည်သို့ မျှ ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ အသင်းပိုင် အိမ်ကြီးများအနက် အချို့အား ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ အချို့အားလည်း အစေခံများဖြင့်လည်းကောင်း ထားရစ်ကာ မြန်မာပြည်အသင်းခွဲကို အပြီးအပိုင်ဖျက်သိမ်းခဲ့တော့သည်။
ထိုကာလမှ စတင်ပြီး အသင်းကြီး အကြောင်းသည် ဒဏာရီပုံပြင်သဖွယ်ဖြစ်လာပြီး ပသျှူးခေါင်းပြတ်အသင်း၊ မှော်ပညာရှင်ကြီးများအသင်း အဖြစ်သာ မြန်မာပြည်သူများ ကြားဖူးနား၀အဆင့်သာဖြစ်လာတော့သည်။
အသင်းပိုင်အိမ်အချို့လည်း ပြည်သူပိုင်သိမ်းခံရခြင်း၊ လက်လွှဲရောင်းချခံရခြင်း ခံခဲ့ရပြီး အချို့မြို့များရှိ အိမ်ကြီးများမှာမူ သရဲခြောက်သည်ဟူသော သတင်းစကားများအရ ရောင်းချနိုင်ခြင်းမရှိပဲ ပိုင်ရှင်မဲ့ အိမ်ဟောင်းကြီးများအဖြစ် ကျန်ရစ်တော့သည်။
ကံကောင်းသည်တစ်ခုက အဆိုပါ ပိုင်ရှင်မဲ့ အိမ်ကြီးများသည် လူသူမနေသည်မှာ နှစ်ကြာသဖြင့် ဖရီးမေဆင်ဂိုဏ်း၏ အငွေ့အသက်အဆင်တန်ဆာများ ပျောက်ပျက်သွားခြင်းမရှိပဲ တည်မြဲနေခြင်းပင်ဖြစ်သည်။
ကျွန်တော်နှင့်မြန်မာပြည်မှဖရီးမေဆင်အိမ်များ
……………………………………............……..
ကျွန်တော်သည် ဖရီးမေဆင် နှင့် ပတ်သက်ပြီး ငယ်စဉ်ဘ၀ ကတည်းက စိတ်၀င်တစားရှိခဲ့၏။
စာဖတ်တတ်စအချိန်က မြန်မာစာအုပ်များတွင် ထိုအသင်းကို မှော်ဆန်ဆန်အသင်းတစ်ခုအဖြစ် စာရေးဆရာတို့က ရေးသားခဲ့ကြသည်။
ငယ်စဉ်ဘ၀တစ်လျှောက် မျက်နှာဖုံးများ၊ ၀တ်ရုံရှည်ကြီးများဖြင့် အစည်းအဝေးတက်ကြသော လျှို့ဝှက်လူသားကြီးများကို စိတ်ထဲစွဲလန်းခဲ့ရသည်။
သို့သော်ငြား စာဖတ်သက်အထိုက်အလျောက်ရလာပြီး နိုင်ငံတကာစာပေများနှင့် ရင်းနှီးခွင့်ရလာသော အခါ ထိုအသင်းသည် ကျွန်တော်သိထားသည့်အချက်များနှင့် ကွဲလွဲမှုများစွာရှိနေသည်ကို တွေ့ရသည်။
ထို့ပြင် ဖရီးမေဆင်ဂိုဏ်း သည် မြန်မာ့မြေပေါ်တွင် တည်ရှိခဲ့ပြီး အရှေ့တောင်အာရှတွင် စင်ကာပူပြီးလျှင် မြန်မာဖရီးမေဆင်ဂိုဏ်းသည် သက်တမ်းအရင့်ဆုံးဖြစ်နေသည်ကို လေ့လာတွေ့ရှိရခြင်းပင်။
ကုန်းဘောင်ခေတ်ကတည်းက မနလေးတွင် တရုတ်ဖရီးမေဆင်ဂိုဏ်း၀င်များစုဝေးရာ ဘုံကျောင်းတစ်ခု ရှိကြောင်းလည်း သိရသည်။
ကျွန်တော်သည် တစ်ဖက်က စာရေးရင်း တစ်ဖက်ကလည်း အယ်ဒီတာအလုပ်ကို လုပ်ကိုင်သူဖြစ်သည့်အလျောက် ခရီးများစွာထွက်ခဲ့ရသည်။
ထိုခရီးစဉ်များအတွင်း ဖရီးမေဆင်ဂိုဏ်းခွဲထူထောင်ခဲ့သည့် မြို့ကြီးများသို့ ရောက်သည့်အခါ ဖရီးမေဆင်နေအိမ်ကြီးများအကြောင်းကို ဝါသနာအရ ခြေရာခံလိုက်ခဲ့သည်။
ပထမဦးစွာ သွန်မဆင်လမ်း ခေါ် ဗိုလ်တစ်ထောင်ဘုရားလမ်းမှ ဖရီမေဆင် EC အမှတ် ၆၁၄ ၊ Burma of Star အိမ်ကြီး ကို ကျွန်တော် ခြေရာခံခဲ့သည်။
သို့သော်ငြား ထိုနေရာမှ အဆောက်အဦအတော်များများမှာ စစ်အတွင်းက ဗုံးဒဏ်ကြောင့် ပျက်စီးသွားခြင်းနှင့် အစိုးရအဆက်ဆက်တို့လက်ထက် ပြန်လည်ပြင်ဆင်မှုများ၊ အဆောက်အဦသစ်ဆောက်လုပ်မှုများကြောင့် ဖရီးမေဆင်၏ အချက်အလက်များ ဘာဆိုဘာမှ ရှာဖွေ၇န် မဖြစ်နိုင်တော့ချေ။
ပဲခူးမြို့ ဂိုဏ်းခွဲ တည်ရှိသည့် Lodge ၁၇၅၁ အဆောက်အဦမှာမူ ကျွန်တော်၏ ဇာတိမြို့ဖြစ်သည့်အတွက် အချိန်ပေးရှာဖွေနိုင်ခဲ့သည့်။
သို့သော်ငြား..ပဲခူးမြို့၊ ရွှေမောဓောဘုရားလမ်းမှ ထိုအိမ်ကြီးသည်လည်း နှစ်ပေါင်းများစွာ လူမနေသော အိမ်အဖြစ် ရှိခဲ့ရာမှ ယခုအခါ အထပ်မြင့်ကုန်တိုက်ကြီးတစ်ခုဖြစ်နေသည်ကို တွေ့ရပြန်သည်။
မော်လမြိုင်မြို့ရှိ အသင်းခွဲအိမ်ကြီးအကြောင်းကိုမူ မိတ်ဆွေတစ်ချို့ထံမှ တဆင့် စုံစမ်းခဲ့သည်။
ထိုအိမ်ကြီးမှာ ယခုအခါ ပါတီတစ်ခု၏ ရုံး အဖြစ် ပြောင်းလဲထားပြီး ပြင်ဆင်မှုများကြောင့် အတည်ပြုရန် မလွယ်ကူတော့ချေ။
ဖရီးမေဆင်နှင့် ပတ်သက်ပြီး မြန်မာပြည်တွင် ကျန်ရစ်မည့် အထောက်အထားတစ်ခုကို တွေ့ချင် မြင်ချင်စိတ်က ကျွန်တော့်ကို ကြီးစိုးထားပါသည်။
သို့သော်ငြား ခေတ်ကာလအခြေအနေအပြောင်းအလဲများကြောင့် ထိုအခွင့်အရေးကား ရှားပါးခဲ့ရ၏။
နောက်ဆုံးတွင်တော့ ကျွန်တော်၏ မျှော်လင့်ချက်ကား မထင်မှတ်ပဲ အကောင်ထည်ဖော်နိုင်ဖို့ရာ ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် လအနည်းငယ်က ကျွန်တော်သည် မနလေးသို့ အလုပ်ကိစတစ်ခုဖြင့် သွားရောက်ခဲ့သည်။
မန္တလေးမှ မိတ်ဆွေဖြစ်သူ ကိုမီးစ
က်ကြီး နှင့် စကားစပ်မိကြရင်း ပြင်ဦးလွင်တွင် ပသျှူးခေါင်းပြတ်အိမ်ဟု နာမည်ကြီးသော အိမ်ကြီး တစ်လုံး ရှိကြောင်း သတင်းရခဲ့၏။
ကိုမီးစက်ကြီးထံ အကူအညီတောင်းကာ နောက်တစ်နေ့တွင် ပြင်ဦးလွင်သို့ ကျွန်တော်တို့ တက်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့ခံဖြစ်သော ပိသုကာ ကိုကျော်သူရထွန်း ထံကျွန်တော်တို့ ရောက်သွားကြသည်။
ကိုကျော်သူရထွန်းသည် ထိုအိမ်ကြီးအား သေချာလေ့လာခဲ့ပြီး ထူးခြားချက်များကို ပြောပြနိုင်၏။
အထူးသဖြင့် ပေါ်တီကို တိုင်လုံများမှ ဂရိအနုပညာနှင့် ရောမအနုပညာဟန်အကြောင်း ပြောပြသည့်အခါ ကျွန်တော့်အတွက် ထိုအိမ်သည် ဖရီးမေဆင်၊ ပြင်ဦးလွင်အိမ်ဖြစ်ကြောင်း ပိုမိုသေချာသွားခဲ့သည်။
ပြင်ဦးလွင်မြို့ ဖရီးမေဆင်ဂိုဏ်းခွဲနေအိမ်ကို ၁၉၂၅ ခုနှစ်တွင် စတင်ခဲ့တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ထိုကာလက ဗြိတိသျှအစိုးရအရာရှိများသည် နွေရာသီကာလများတွင် မေမြို့ ခေါ် ပြင်ဦးလွင်တွင် ရက်ရှည်အနားယူလေ့ရှိကြသည်။
ထိုမြို့တွင်ပင် အုပ်ချုပ်မှုဆိုင်ရာကိစ္စ အ၀၀များကို ပြုလုပ်ကြသည်။
ထို့ကြောင့် ပြင်ဦးလွင် ဂိုဏ်းခွဲသည် အရေးပါသော နေရာတစ်ခုဖြစ်လည်းဖြစ်သည်။
ပြင်ဦးလွင်၊ ....... ရပ်ကွက်တွင် ရှိသော ထိုနေအိမ်သို့ ကျွန်တော်တို့ ရောက်ရှိခဲ့ကြသည်။
သတင်းစကားများအရ ထိုအိမ်၏ လက်ရှိပိုင်ရှင်မိသားစုများက ထိုအိမ်သည် ဖရီးမေဆင်ဂိုဏ်းအိမ် ဖြစ်ခဲ့ဖူးသည်ကို လူသိမခံချင်ကြ။
သရဲခြောက်သောအိမ်အဖြစ် နာမည်ကြီးနေသည့်အပြင် ဖရီးမေဆင်ကဲ့သို့သော် လျှို့ဝှက်အဖွဲ့တစ်ခုနှင့် သက်ဆိုင်ခဲ့သည်ဆိုသည့်အချက်ကြောင့် ရောင်းချမရသည်ကို စိုးရိမ်ဟန်တူပါသည်။
အိမ်မဲမဲကြီးကို ကျွန်တော်တို့ စတင် မြင်လိုက်ရသည်။
အိမ်ရှေ့တွင် တန်းလျားတစ်ခုရှိသည်။
ထိုတန်းလျားထဲမှ ဟိနူအမျိုးသမီးတစ်ဦး ကလေးချီ ပြီး ထွက်လာပြီး အိမ်ထဲသို့ ၀င်မရကြောင်း ကျွန်တော်တို့ကို ပြောသည်။
သူ့ယောင်္ကျားသည် မျိုးရိုးစဉ်ဆက် ထိုအိမ်ကြီးကို စောင့်ရှောက်ခဲ့ရသည်ဟုလည်း ဆို၏။
ကျွန်တော်တို့က သူ့ယောင်္ကျားနှင့် တွေ့ခွင့်တောင်း၏။
သူယောင်္ကျားဖြစ်သူ ဟိနူကုလားအဖိုးကြီးတစ်ဦး မကြာမီ ရောက်လာသည်။
လူငယ်လေးများ မကြာခဏလာရောက်တတ်ပြီး အိမ်အတွင်း ဓာတ်ပုံရိုက်ကြတာ သရဲခြောက်သည့် အိမ်ကြီး ဟု ဖေ့ဘွတ်တွင် ရေးသားကြသဖြင့် အခြားလူစိမ်းအ၀င်မခံတော့ကြောင်း၊ ဒီအဆောက်အဦသည် အိမ် မဟုတ်ပဲ ဆော်လမွန်ဘုရားကျောင်းဖြစ်ကြောင်း ကုလားအဘိုးကြီးက ဆိုသည်။
ဖရီးမေဆင်ဂိုဏ်း၀င်တို့၏ အထွဋ်အမြတ်မှာ ဆော်လမွန်ဘုရင်ကြီးဖြစ်သည့်အတွက် ကုလားအဖိုးကြီး ပြောသည့်အချက်နှင့် သွားညီနေပြန်သည်။
ကျွန်တော်တို့သည် ဖရီးမေဆင်ညီအစ်ကိုများ၏ ဆော်လမွန်ဘုရားကျောင်းများကို လေ့လာနေသည့် အဖွဲ့ဖြစ်ကြောင်း ရှင်းပြသောအခါ အဘိုးကြီးက အိမ်အတွင်း လိုက်ပြရန် သဘောတူညီလိုက်၏။
ထင်သည့်အတိုင်းပင်
အိမ်၏ ပေါ်တီကို အောက်ကို ၀င်သည်နှင့် ညာဘက်အခြမ်းတွင် ဂရိလက်ရာ ခြင်္သေ့ရုပ်ခံ တိုင်လုံး တစ်ခု၊ ညာဘက်ခြမ်းတွင် ရောမကြာပွင့်ပုံစံ တိုင်လုံးတစ်ခုကို စတွေ့ရတော့၏။
ထိုကား ဖရီးမေဆင်အိမ်များ၏ သင်္ကေတ။
အိမ်သည် အလွန်အိုဟောင်းနေ၏။
အောက်ထပ်မှ ကြမ်းခင်းများမှာ ကျွံကျလုနီးပါးဖြစ်နေပြီဖြစ်သည်။
သို့သော်ငြား အောက်ထပ်ရှိ ပါတီကျင်းပရာခန်းမ နှင့် ဘားတို့မှာ အကောင်းအတိုင်း ကျန်နေရစ်သည်။
အတွင်းရေးမှူးရုံးခန်းထားသည့်နေရာကိုလည်း ဖရီးမေဆင်အိမ်များဖွဲ့စည်းပုံအတိုင်း တသွေမတိမ်းတွေ့ရ၏။
အပေါ်ထပ် အစည်းအဝေးမတက်မီ ၀တ်ရုံများလဲရသော အခန်း ဟု ယူဆရသည့် အခန်းကတော့ ကုလားအဘိုးကြီး မိသာစု ၏ ပစည်းအစုတ်များထားရာအခန်းဖြစ်နေချေပြီ။
လှေကား ခနော် ခနဲ များကို ဖြည်းဖြည်းချင်းတက်ကာ ကျွန်တော်တို့ အပေါ်တက်သို့ ရောက်လာခဲ့သည်။
ပင်မအစည်းအဝေးခန်းမသို့ ၀င်ရာ တံခါးပေါက်တွင် ချောင်းကြည့်ပေါက်လေးတစ်ပေါက်ရှိသည်။
ထိုချောင်းကြည့်ပေါက်အထက်တွင်တော့ ကျွန်တော် မျှော်လင့်ထားသောအရာ။
ဖရီးမေဆင်ဂိုဏ်း၏ အထိမ်းအမှတ် ကြေးတံဆိပ် အရာကြီး။
ကျင်တွယ်နှင့် ပေတံပေါင်းစပ်ထားသော တြိဂံပုံစံ ကြေးတံဆိပ်ကြီး တစ်ခု ဒီနေရာမှ ာရှိခဲ့ဖူးသည် ဟု ကုလားအဘိုးကြီးက ဆိုပြန်ပါသည်။
''၁၉၆၅ မှာ ကျွန်တော်အသက် ရှစ်နှစ်ပါ။ အဒေါ်က ဒီအိမ်က အစေခံပေါ့။
ကျွန်တော်က အဒေါ်နဲ့ အတူနေတာ။ ဒီကို တစ်နှစ်သုံးခါလောက် ဘုရားလူကြီးတွေ အစည်းအဝေးလုပ်ကြတယ်။
ကျွန်တော်တို့က အစားအသောက်တွေ စားပွဲထိုးပေးရတယ်။ အပေါ်ထပ်ကိုတော့ အစေခံတွေ တက်ခွင့်မရှိဘူး။
ဒါပေမယ့် ဟိုဘက်ခြမ်းမှာ အောက်က မီးဖိုဆောင်နဲ့ ဆက်သွယ်ထားတဲ့လှေကားလေးရှိတယ်။
အဲ့ဒီလှေကားက တက်ကြည့်ရင် အစည်းအဝေးခန်းကို မြင်ရတယ်ဗျ။ ကျွန်တော် ငယ်ငယ်က သူတို့ အစည်းအဝေးကို ချောင်းကြည့်ဖူးတာမှတ်မိတယ်။
ခေါင်းစွပ်အပြာကြီးနဲ့ လူကြီးက ဟိုးထိပ်မှာ ကုလားထိုင်အမြင့်ကြီးနဲ့ ထိုင်တယ်။ လက်ထဲမှာ ဓါးရှည်လည်းကိုင်ထားတယ်။
သူ့ရှေ့မှာ အရိုးခေါင်းကြီး။
သူတို့က အင်္ဂလိပ်လိုပဲ ပြောကြတော့ ကျွန်တော် ဘာမှတော့ နားမလည်ဘူး။''
ကုလားအဖိုးကြီး ဦးမောင်မြင့် ၏ စကားများက ဖရီးမေဆင်၏ အတိတ်နေ့စွဲများကို ကျွန်တော့်မျက်စိ ထဲ ကွက်ကွက်ကွင်းကွင်းမြင်စေခဲ့သည်။
ပင်မအစည်းအဝေးခန်းမကြီးကား အတော်ပင် ယို့ယွင်းနေချေပြီ။
မျက်နှာကျက်မှ အမိုးမလုံမှုကြောင့် မိုးရေတိုက်စားကာ ကြမ်းတို့ကား ဆွေးမြေ့နေပြီ။
သို့သော်ငြာ ကြမ်းပြင်ပေါ်တွင်တော့ ဖရီးမေဆင်ခန်းမများ၏ အမှတ်သညာဖြစ်သော အဖြူ၊ အမည်း စတုရန်းနှင့် တြိဂံပုံကျားကွက်များက မပျက်မယွင်းရှိနေဆဲ။
''ဒီအိမ်ကြီးမှာ သူတို့ နောက်ဆုံးအစည်းအဝေးလုပ်သွားတာ ဘယ်အချိန်လည်း ဦးမောင်မြင့်''
''၆၈ ခုနှစ်လောက်ကထင်တယ်။ ကျွန်တော် ဆယ့်တစ်နှစ်သားရှိပြီ။ ဘုရားကျောင်းလူကြီးနည်းနည်းပဲလာတော့တယ်။ အဲ့ဒီနောက်ပိုင်းတော့ အခု ဒီအိမ်ပိုင်ရှင်မိသားစုကို အပြီးလွှဲသွားကြတယ်''
''ဒီအိမ်ပိုင်ရှင် မိသားစု ဆိုတာက''
''ဦး.(..)..ပိုင်တာ။ သူကလည်း ဒီဘုရားကျောင်းအသင်း၀င်တစ်ယောက်ပဲ..သူနဲ့ လွှဲခဲ့တော့ သူပဲ ပိုင်ရှင်ပေါ့..နောက်ပိုင်း သူ့ မိသားစုတွေကလည်း ဒီအိမ်ကြီးထဲက တချို့ပစည်းတွေကို ဖြုတ်သိမ်းသွားပြီး ကျွန်တော်တို့ကို အစောင့်ထားရစ်တာပဲ''
ပင်မအစည်းအဝေးခန်းမ၏ အနောက်ဘက်တွင် အခန်းငယ်တစ်ခုရှိပြန်သည်။
ထိုအခန်းငယ် ထဲ ကျွန်တော်၀င်ကြည့်လိုက်သည့်အခါ ပျက်ယွင်းနေသော တံခါးတစ်ပေါက်ကို တွေ့ရပြန်သည်။
တံခါးကို ဆွဲဖွင့်လိုက်လျင် အောက်ထပ်သို့ ဆင်းသော လှေကားတစ်ခုကို တွေ့ရ၏။
လှေကားအတိုင်းဆင်းသောအခါ အမိုးတ၀က်တစ်ပျက်မိုးထားသည့် လမ်းကြောင်းတစ်ခုကို တွေ့ရပြီး လမ်းကြောင်းတိုင်းလျှောက်သွားသောအခါ စားဖိုဆောင်ဟုခေါ်သော အဆောင်ငယ်တစ်ခုသို့ ရောက်သွား၏။
ထိုအဆောင်ကားအိမ်အနောက်ဘက် ခြံစည်းရိုးနှင့် ကပ်လျက်။
ဖရီးမေဆင်အစည်းအဝေးများတွင် အခြားအခြေအနေထူးတစ်ခုဖြစ်လာပါက အရေးပေါ် ပြေးထွက်သည့် လမ်းကြောင်းပင်ဖြစ်သည်။
သုံးနာရီနီးပါး လေ့လာပြီးသောအခါ ထိုအိမ်ကြီးသည် ဖရီးမေဆင်ဂိုဏ်း၏ အိမ်ကြီးဖြစ်ကြောင်း အောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည်။
သမိုင်းအထောက်အထားများတွင် ပါရှိသော ဖရီးမေဆင်၏ လက်စလက်နများကို ထိုအိမ်ကြီးတွင် တွေ့ရှိရသည်။
ထိုအိမ်ကြီးသည် မြန်မာနိုင်ငံတွင် ဖရီးမေဆင်ဂိုဏ်း အခြေပြုခဲ့ဖူးသည်ဟူသော သင်္ကေတတစ်ခုပင်။
လျှို့ဝှက်လွန်းသော ထိုဂိုဏ်းသည် ယခုခေတ်တွင်လည်း မြန်မာပြည်တွင် အခြေချနေပြီဖြစ်ကြောင်း ၊ ရန်ကုန်မြို့တွင်ပင် အတိအကျတည်ရှိနေကြောင်း အင်တာနက်ဆိုဒ်တစ်ချို့ကလည်း ဖော်ပြထားကြသည်။
မြန်မာပြည်၏ လက်ရှိ ဖရီးမေဆင်အဖွဲ့၀င် ဘရားသားတစ်ဦးသည် ကျွန်တော့်ဆောင်းပါးကို ဖတ်မိသည်ဆိုလျှင် ယခင်က ဖရီးမေဆင်၏ သမိုင်း၀င်နေအိမ်ကြီးများအား ပြန်လည်ထိန်းသ်ိမ်းနိုင်ရေး ကြိုးပမ်းလ်ိမ့်မည်ဟု ယုံကြည်မိပါသည်။
နောက်ဆက်တွဲ
…………………….....
ကျွန်တော်၏ ယခုဆောင်းပါးကို Real Lives Real Stories မဂဇင်းတွင် ဖော်ပြပြီးမကြာမီပင် ဆရာကြီး ဦး သိန်းဖေမြင့် ၏ သားဖြစ်သူ အန်ကယ်လ်ခွန်သာမြင့်က ကျွန်တော့်ထံ ဖုန်းဆက်လာပါသည်။
အန်ကယ်လ်သည် စက်မှုတကသိုလ်ကျောင်းသားဘ၀က အဆိုပါ အသင်းသို့ ၀င်ခဲ့ဖူးကြောင်း ပြောပြပါသည်။
'အသင်းထဲကို စ၀င်တော့ ကျိန်စာတွေ ဆိုရတယ်။ ဒီအသင်းအကြောင်း ပေါက်ကြားရင် မြေထဲပင်လယ်ထဲမှာ အရိုးကြေမွပြီးသေပါစေတို့ ဘာတို့ ကျိန်ရတယ်။
အန်ကယ်လ်ကလည်း ငယ်တုန်းရွယ်တုန်းဆိုတော့ မယုံကြည်ဘူး။
ဒါကြောင့် စူးစမ်းချင်စိတ်နဲ့၀င်တာ။ ပြီးတော့ အသင်းထဲမှာ ၀တ်ရုံကြီးတွေ ၀တ်ရတယ်။ သူ့အဆင့်အလိုက်ပေါ့။
ပါတီတွေလည်း မကြာခဏလုပ်သလို နိုင်ငံတကာက ဘရာသားလို့ခေါ်တဲ့ ခေါင်းဆောင်တွေလည်း တစ်နှစ်ကို တစ်ယောက်တော့ လာတတ်ကြတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲနုတ်ဆက်တဲ့အခါမှာတောင် ကိုယ့်ကို အသင်း၀င်မှန်းသိအောင် လက်ကို ဘယ်လိုပုံစံအနေအထား နဲ့ နှုတ်ဆက်ရတယ်ဆိုတာက အစသင်ပေးတယ်။
ဒါမှ အသင်း၀င်အချင်းချင်းမှန်သိတဲ့အခါ လိုအပ်တဲ့ အကူအညီပေးနိုင်တာတဲ့။
ပထမ သုံးလေးနှစ်တော့ အစည်းအဝေးတွေဆို သွားလိုက်ပါသေးတယ်။ ဂွတလစ် ထိပ်မှာ သူတို့ပိုင် အဆောက်အဦရှိတယ်။ အဲ့ဒီမှာပေါ့။
နောက်ပိုင်းကျ အန်ကယ်လည်း သွားမတက်ဖြစ်တော့ဘူး။
သူတို့လည်း အပြီးအပိုင်ဖျက်သိမ်းသွားတယ်။
မောင်ရင့် စာ ဖတ်ပြီး သတိရသွားလို့ အဲ့ဒါလေး ဖုန်းဆက်ပြောပြတာ''
ဖရီးမေဆင်၏ နောက်ဆုံးမျိုးဆက်ကို မှီလိုက်သော အန်ကယ်လ် ဦးခွန်သာမြင့် ၏ ပြောစကားများကို ထပ်မံဖြည့်စွက်ပါသည်။
(ပြင်ဦးလွင်နေအိမ်မှာ ကာယကံရှင်ပိုင်ရှင်များ ထံ ခွင့်တောင်းရန် အခွင့်မသာခဲ့သဖြင့် အိမ်လိပ်စာနှင့် ပိုင်ရှင်အမည်နာမများကို ကျင့်၀တ်အရ ချပ်လှပ်ထားခဲ့ပါသည်။
ကျွန်တော် လက်လှမ်းမီသမျှ တတ်နိုင်သမျှ လေ့လာထားခြင်းသာဖြစ်သဖြင့် အသင်းနှင့် ပတ်သက်ပြီး အနည်းငယ်ကွဲလွဲမှုများရှိနိုင်ပါသည်။ အသင်းနှင့်ပတ်သက်ပြီး ပိုမိုသိထားသူများအနေဖြင့်လည်း ကျွန်တော်၏ အားနည်းချက်များကို ဖြည့်စွက်ပေးမည်ဟု မျှော်လင့်ပါသည်)
Credit to : ခက်ဇော် @ ဗြိတိသျှကိုကိုမောင်(The Real Lives Real Stories)
Credit : all photos