Googleကုမ္ပဏီကိုအမေရိကန်အစိုးရတရားစွဲ
နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Google ကို စီးပွားရေး လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမေရိကန် တရားရေးဝန်ကြီး ဌာနက တရားစွဲဆိုလိုက်ပါတယ်။
Google ဟာ ဈေးကွက်ထဲ ကြီးစိုး ထားနိုင်တဲ့အနေအထားကိုအသုံးချပြီး ယှဉ်ပြိင်ဆိုင်မှုတွေကို ချိုးနှိမ်တဲ့ အတွက် ပြည်ထောင်စု ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲပြီး အခုလို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
အများက မျှော်လင့်ထားပြီး ဖြစ်တဲ့ ဒီ တရားစွဲဆိုချက်ကို တနင်္လာနေ့က ကြေညာတဲ့အချိန်မှာ အမေရိကန် တရားရေး ဝန်ကြီး ဌာနက Google ဟာ အွန်လိုင်း အချက်အလက် ရှာဖွေရေးနဲ့ ကြော်ငြာ အသုံးပြုရာမှာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ဖို့ သူရဲ့ ကြီးစိုးထားနိုင် တဲ့ အနေအထားကို မလျော်မကန် အသုံးချခဲ့တယ်လို့ ပြောပါတယ်။
နှစ် ၂၀ အတွင်း အမေရိကန် နည်းပညာ လုပ်ငန်းမှာ သိပ်ထူးခြား အရေးပါတဲ့ အခုတရားစွဲဆိုချက်အပေါ် Google ဟာ တစ်စုံတစ်ရာ တုန့်ပြန် မှတ်ချက်ပြုတာ
မရှိသေးပါဘူး။
Google က အွန်လိုင်းမှာ ကြီးစိုးထားတဲ့ အနေအထားကို မမှန်မကန် အသုံးချပြီး အမြတ်များများရဖို့နဲ့ စားသုံး သူတွေကို ထိခိုက်စေဖို့ ယှဉ်ပြိုင်မှုကို ချိုးနှိမ်တာတွေကို လုပ်ဆောင်နေတယ်လို့ စားသုံးသူ ရှေ့နေတွေနဲ့ လွှတ်တော် အမတ်တွေ စွပ်စွဲပြောဆိုနေတာ အတော် ကြာပြီ ဖြစ်ပါတယ်။
အခု တရားစွဲဆိုမှုက နည်းပညာ ကုမ္ပဏီကြီးတွေအပေါ် အမေရိကန် အစိုးရရဲ့ လက်ဝါးကြီး အုပ်မှု တိုက်ဖျက်ရေး အရေးယူ ဆောင် ရွက် ချက်ထဲတွေက တစ်ခု ဖြစ်လာမှာပါ။ လောလောဆယ် အမေရိကန် တရားရေး ဝန်ကြီးဌာနက Apple၊ Amazon နဲ့ Facebook ကုမ္ပဏီတွေ ဈေးကွက် လက်ဝါးကြီး အုပ်မှု ရှိ-မရှိကိုလည်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Google ရဲ့ ပြိုင်ဘက်တွေရဲ့ ဝန်ဆောင်မှုကို ရယူ အသုံးပြုတဲ့ အွန်လိုင်း ဈေးကွက် လုပ်ငန်း ကြော်ငြာသူတွေရဲ့ Websites တွေကို ပိတ်ပင် မှုနဲ့ ၂၀၁၉ ခုနှစ်တုန်းက ဥရောပ သမဂ္ဂကလည်း Google ကို ဒဏ်ငွေအမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင်၊ ၂၀၁၇ခုနှစ်တုန်း က ၂.၆ ဘီလီယံနဲ့ ၂၀၁၈ ခုနှစ်တုန်းက ၄.၉ ဘီလီယံ ဒဏ်ငွေ အသီးသီး ချမှတ်ခဲ့ဖူးပါတယ်။
Google က အွန်လိုင်း သတင်းအချက်အလက် ရှာဖွေရေး ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ပြောထားဖူးပါတယ်။
( 21,Oct, 2020 )
#google #apple #amazon #facebook
#lawsuit #voaburmese
Credit: VOA Burmese News
_____=====_______======_____
တရားစွဲခံရတဲ့ အကြောင်းအရင်းဇစ်မြစ် 👇