IDEA CAN CHANGE THE WORLD
IDEA CAN CHANGE THE WORLD
အတွေးအခေါ်စိတ်ကူးတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ် ။ အတွေးအခေါ် စိတ်ကူးဟု ဆိုရာဝယ် ကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ် ( သို့မဟုတ် ) ဆိုးတာလည်း ဖြစ်ချင်ဖြစ်မယ်။အတွေးအခေါ်ကောင်းတွေဟာလည်း ကမ္ဘာကကြီးကို ပြောင်းလဲစေနိုင်သလို ၊ အတွေးအခေါ်ဆိုးတွေဟာလည်း ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပါတယ်။
အတွေးအခေါ်စိတ်ကူးဟာ ကမ္ဘာကြီးပြောင်းလဲစေနိုင်ဆိုတဲ့စကားဟာ အရမ်းကြီးကျယ်လွန်းသွားပြီလို့ သင်ထင်ကောင်းထင်နိုင်စရာ ရှိပါတယ်။
ယခင်ခေတ်ဟောင်းမှာတော့ အတွေးအခေါ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်ဆိုတဲ့စကားဟာ မှန်ချင်မှမှန်နိုင်ပေမဲ့ ယနေ့ခေတ်လို နည်းပညာခေတ် ၊ ကမ္ဘာကြီးကရွာကြီးအသွင်ဆောင်နေတဲ့ခေတ်မှာ မဖြစ်နိုင်စရာ မရှိပါ။ ဆိုကြပါစို့ ... မြန်မာ့နိုင်ငံရေးမှာသင်ဟာ အကျော်အမော်တစ်ယောက်မဟုတ်ခဲ့ရင်တောင် သင်ချပြတဲ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတစ်ပုဒ် လူကြိုက်များ ရေပန်းစားသွားပြီး Policy Makers တွေပါတွေ့ရှိ အကြိုက်တွေ့ပြီး အသုံးချနိုင်ခဲ့လို့ မြန်မာ့နိုင်ငံရေး ပြောင်းလဲသွားခဲ့တယ်ဆိုရင် မြန်မာ့အရေးနဲ့ဆက်စပ်တဲ့ ကမ္ဘာ့အရေးပါ လိုက်ပါပြောင်းလဲသွားနိုင်တာမျိုးပါ ။
မြန်မာ့အရေးမှာ အကြမ်းဖက်စစ်ကောင်စီရော၊NUG အစိုးရအပေါ်ရော သုံးသပ်ချက်တွေ ရေးမယ်ဆိုရင် များများစားစား ထွက်လာမှာ အမှန်ပါ ။
သို့သော်လည်း မိမိကိုယ်တိုင်က မြန်မာနိုင်ငံသားဖြစ်တာရော ၊ ဓမ္မဝါဒီဖြစ်တာရော ၊ နိုင်ငံနှင့်လူမျိုးဖက်ပဲ လိုက်တာရောကြောင့် ( အထူးသဖြင့်နွေဦးတော်လှန်ရေးကာလမှာ) ရေးသင့်တာပဲ ရေးပြီး ထိန်ချန်သင့်တာ ထိန်ချန်ရေးတွေ ရှိတာကတော့ ဝန်ခံရမှာ ဖြစ်ပါတယ် ။
နိုင်ငံနှင့်လူမျိုးအတွက် အရေးပါတဲ့ တချို့ကိစ္စတွေမှာ NUG ကို ဝေဖန်ပေးတဲ့အခါမျိုးတွေ ရှိပါတယ် ။ တချို့သော Fan တွေက တော်လှန်ရေးကိုဦးဆောင်တဲ့အစိုးရကို ဝေဖန်အကြံပေးတာကို မကြိုက်တာ တွေ့ရတယ်။မကြိုက်လည်း မတတ်နိုင်ပါ ။နိုင်ငံနှင့်လူမျိုး အကျိုးမျှော်ကိုးပြီး ထောက်ပြဝေဖန်ခြင်းသာ ဖြစ်ပါတယ် ၊ အပုတ်ချခြင်း မဟုတ်ပါ ။
မြန်မာ့အရေးကို ဖေဖော်ဝါရီတစ်ရက်ကနေ နည်းနည်းလောက် ပြန်ကောက်ရရင် -
•ဖြတ်တောက်ခြင်း•
စစ်ရေးမှာ အသုံးချတဲ့ ဖြတ်လေးဖြတ်ကြီး နိုင်ငံရေးထဲ ဆွဲသွင်းလာကတည်း အကြမ်းဖက်စစ်တပ် ကိုယ်ကျိုးနည်းတော့မယ်ဆိုတာ ရိပ်မိနေတယ် ။
တိုင်းပြည်ရဲ့ရေသောက်မြစ်ကို ဖြတ်လေးဖြတ် စစ်ဆင်ရေးဝင်မှတော့ ကိုယ်ကျိုးနည်းပြီဆိုတာ ဗေဒင်မေးရင် ဆန်ကုန်နေမယ် ။ မိမိကိုယ်တိုင်က တခြားနိုင်ငံခေါင်းဆောင်ဆိုရင် တမျိုးပေါ့ ။အဲ့ဒါတောင်မှ သူများနိုင်ငံကို ဖိနှိပ်ဖြတ်တောက်တာ လုပ်ရင် ကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကို လာရောက်ရိုက်ခတ်နိုင်သလားတွေ တွေးဆပြီး လုပ်ရမှာပါ။ခုဟာက ကိုယ်ကိုတိုင်က ဒီနိုင်ငံရဲ့ ရေမြေစားသောက်မှီခိုနေရတာကို ကိုယ့်ရဲ့ပြိုင်ဖက်ကို ယှဥ်ပြိုင်လိုစိတ်နဲ့ ကိုယ်နေတဲ့နိုင်ငံကို ဖြတ်လေးဖြတ် စစ်ဆင်ရေးဝင်မှတော့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလိုပါပဲ။ခုချိန်ထုတ်ပြောလည်း ဆေးမမီတော့ဘူးဆိုတာသိလို့ ထုတ်ပြောတာပါ ။
•ယုံကြည်မှုအား ရယူခြင်း•
မဲခိုးတယ်လို့ စွပ်စွဲပြီး အာဏာထိန်းတယ်လို့ လီလှော်စကားဆိုတယ်။အဲ့ဒီတော့ ပြည်သူအများ ဆန္ဒပြကြတယ် ။ အဲ့ဒီအထိကို ပြည်သူ အချဥ်မပေါက်သေးဘူး။ လူ( ၁၀၀၀)ကျော်သတ်၊လူ(၇၀၀၀) ကျော်ဖမ်း၊ရွာမီးရှို့ ၊ ဓားပြတိုက် ၊ ခိုးဆိုးလုယက် ၊ ညဉ်းပန်းသတ်ဖြတ်လိုက်တဲ့နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ယုံကြည်မှုတည်ဆောက်ရေး အပိုင်းဟာ လုံးဝပြိုကျသွားတယ်။ကိုယ့်နတ်နေကိုင်းကို ကိုယ်ပြန်ချိုင်လိုက်သလို ဖြစ်သွားတယ်။တဖြည်းဖြည်းချင်းအချိန်ဆွဲပြီး ထောက်ခံမယ် ကြံရွယ်ထားတဲ့ ကမ္ဘာ့နိုင်ငံတွေတောင် ထွေးထုတ်ရခက်၊မြိုချရခက် ပက်လက်လန်ကုန်တယ်။အခုချိန်မှာ ပြည်သူတွေက အရမ်းဓာတ်ချဥ်ပေါက်နေကြပြီ။အမြစ်ဖြတ်တော်လှန်မှ ဖြစ်မှာပါကွာဆိုတဲ့ ခံယူချက်တွေက ခိုင်မာသွားပြီ။ခုချိန်ထုတ်ပြောလည်း ဆေးမမီတော့ဘူးဆိုတာ သိလို့ ထုတ်ပြောတာပါ။
• မျက်နှာဖုံးများ ကွာကျခြင်း •
မြန်မာပြည်မှာ အကြမ်းဖက်စစ်တပ်ကြီးစိုးထားတဲ့ကာလဟာ ရှည်ကြာနေပြီ ဖြစ်လို့ ကမ္ဘာ့နိုင်ငံရေးကို စိုးမိုးထားတဲ့အသင်းအပင်းတွေနဲ့ ချိတ်ကောင်းကောင်း ချိတ်မိနေနိုင်တယ်ဆိုတာ သံသယပွားစရာ မလိုပါဘူး။ကမ္ဘာ့အရေးမှာ ကမ္ဘာ့နိုင်ငံရေးကိုင်လှုပ်ကစားသူတွေဟာ မြန်မာ့အရေးကို သူ့တို့လိုချင်သလို ထိန်းကြောင်းကစားရာကနေ မြန်မာ့အကြမ်းဖက်စစ်တပ်ရဲ့စုတ်ချာမှုကြောင့် သူတို့ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေပါ ကွာကျကုန်ရတဲ့အဆင့်ထိ ဖြစ်လာရတယ်။ ခုချိန်ထုတ်ပြောလည်း ဆေးမမီတော့ဘူးဆိုတာ သိလို့ ထုတ်ပြောတာပါ ။
Globalists တွေအဖို့ အောင်လှိုင်လေးတစ်ကောင်ကြောင့် ဒုက္ခရောက်ရတဲ့အချိန်တွေ ရှိလာနိုင်စရာ ရှိပါတယ် ။
တခြားသော ရေးစရာတစ်ပုံတစ်ပင် ရှိပေမဲ့
အကန့်အသတ်ရှိတာမို့ ဒီမျှလောက်နဲ့ ရပ်နားထားပါရစေ ~~
myanmar society🇲🇲
စနစ်ဟောင်းထဲမှာ ကိုယ့်ထက်အရင် အနှစ် (၄၀) လောက် လေ့လာ၊လေ့ကျင့်ထားသူတစ်ယောက်ကို သူ့အပိုင်နယ်ထဲဝင်ပြီး သူ့နည်းနဲ့ယှဥ်ပြိုင်ထိုးသတ်ရမယ်ဆိုရင် ကိုယ်ဖက်က ရှုံးနိုင်ခြေများပါတယ် ။ အဲ့ဒီလို ဝင်ကစားတာကို မိမိကိုယ်ကိုစတေးပြီး အနာခံထိုးသတ်တယ်လို့ ခေါ်ပါတယ်(ဥပမာ-ဒေါ်အောင်ဆန်းစုကြည်လို)။ ယှဥ်ပြိုင်မထိုးသတ်လို့ကလည်း မရဘူး၊ယှဥ်ပြိုင်ထိုးသတ်မှ ရမယ်ဆိုတဲ့အနေအထားမှာ စနစ်ဟောင်းမှာ ကျင့်သားရနေသူကို စနစ်သစ်ထဲခေါ်ယူထိုးသတ်နည်းက အကောင်းဆုံးပါပဲ။စနစ်သစ်ထဲမှာ သူရော ၊ ကိုယ်ရောက Newbie ဖြစ်ပါတယ် ၊ ဉာဏ်သာသူက အနိုင်ရမှာ ဖြစ်ပါတယ် ။