ဖက်ဒရယ်ဒီမိုကရေစီဟု ဆိုရာဝယ်
ဖက်ဒရယ်ဒီမိုကရေစီဟု ဆိုရာဝယ် ဖက်ဒရယ်သည်"တင်းတောင်း" ဆိုလျှင် ဒီမိုကရေစီဟာ အနားသပ် "အကွတ်"ဖြစ်ပါတယ်။ ထို့ကြောင့် ဖက်ဒရယ်ဟုဆိုလျှင် ဒီမိုကရေစီသည် တွဲလျက်ပါကို ပါရမည့်အရာ ဖြစ်သည်ဟု ဆိုချင်သည်။
ဖက်ဒရယ်ဒီမိုကရေစီဆိုရင် သက်ဆိုင်နယ်မြေအသီးသီး၌ လွပ်လပ်စွာ ခွဲဝေအုပ်ချုပ်ကြတယ်လို့ အကြမ်းအားဖြင့် နားလည်မိကြမှာပါ။ ထူးခြားတာက မြန်မာ့ဖက်ဒရယ်ရေးရာမှာတော့ "အမျိုးသားရေး"ဆိုတဲ့ကိစ္စက အပိုဆောင်းပါနေတယ်လို့ ဆိုရမည် ထင်ပါတယ်။
ဖက်ဒရယ်သည် "အမျိုးသားတန်းတူညီရေး "အား ထိုက်သင့်သလောက် ဖြစ်ထွန်းစေ ဖြစ်ပေါ်စေနိုင်ပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း တန်းတူညီမျှရေးအတွက် မခြုံငုံမိနိုင်ပါဘူး။
အမျိုးသားတန်းတူညီမျှရေးဆိုသော ဝေါဟာရသည် တိုင်းရင်းသားမျိုးနွယ်စုများအား ခိုင်းနှိုင်းခေါ်ဆိုဟန် ရှိပုံရသည်။ သွေးမနှောသော တိုင်းရင်းသားစစ်စစ်သီးသန့်များအား ရည်ရွယ် ဟန်ရှိသော စကားရပ်ဖြစ်ပုံရသည်။ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်အခွင့်အရေးအားဆိုလိုပုံ မရပေ။
ထိုသို့ဆိုလျှင် ကပြားဖြစ်သောတိုင်းရင်းသားများ၊တိုင်းရင်းသားမဟုတ်သော နိုင်ငံသားများအတွက် အခွင့်အရေးသည်လည်း လိုဦးမည် ဖြစ်သည်။ထိုသို့သော နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား စောင့်ရှောက်ပေးနိုင်သော အရာသည်က ဒီမိုကရေစီသာ ဖြစ်သည်။
ဖက်ဒရယ်ရလျှင် ဖက်ဒရယ်ရသောပြည်နယ်သည် ၎င်းတို့ပြည်နယ်နှင့်တိုင်းရင်းသားအကျိုးစီးပွားအား ဦးတည်ရေးဆွဲကြမည်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းပြည်နယ်တွင်မှီတင်းနေထိုင်သော တခြားသောတိုင်းရင်းသားများနှင့်ပြည်သူများ၏ အခွင့်အရေးအား စဥ်းစားပေးသော အရာသည်လည်း လိုပေဦးမည်။
တိုင်းရင်းသားတစ်ဦးဦးသည် အခြားပြည်နယ်တစ်ခုခုတွင် သူ၏ပင်မပြည်နယ်က ပြဌာန်းထားသော တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးမည်လားဆိုသော အမေးကလည်း မေးစရာ ရှိပါသေးသည်။
သို့တည်းမဟုတ် တိုင်းရင်းသားတစ်ဦးဦးသည် အခြားပြည်နယ်၌ မှီတင်းနေထိုင်စဥ် သူ့၏မူလတိုင်းရင်းသားပြည်နယ်၏အခွင့်အရေးမရသည့်တိုင် ၎င်းမှီတင်းနေထိုင်ရာ ပြည်နယ်မှပြဌာန်းထားသော ထိုပြည်နယ်၏ တိုင်းရင်းသားအခွင့်အရေးအား တန်းတူအပြည့်အဝရမည်လားဆိုသည့် အမေးကလည်း မေးစရာ ရှိပါသည်။
ဘယ်တိုင်းရင်းသားမှ မဟုတ်သော နိုင်ငံသားခံယူထားသူသည်လည်း တိုင်းရင်းသားအခွင့်အရေးအပြည့်အဝ မရသည့်တိုင် လူတစ်ဦးချင်းစီတိုင်းရရှိထိုက်သည့် ဒီမိုကရေစီအခွင့်အရေးတော့ ဆုံးရှုံးမနေသင့်ပေ ။
ထိုသို့သော အရာများအားထိန်းညှိပေးနိုင်ဖို့အတွက် ဒီမိုကရေစီသည် မည်၍မည်မျှ အရေးကြီးသည်ကို သိနိုင်သည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဟုဆိုလျှင် ပြည်ထောင်စုဖွဲ့စည်းပုံ ၊ ပြည်ထောင်စုအဆင့် ထိန်းချုပ်မှု၊ပြည်နယ်အဆင့် ထိန်းချုပ်မှု၊အကျိုးစီးပွားဆိုင်ရာခွဲဝေမှု ၊ဘဏ္ဍာရေးဆိုင်ရာ ခန့်ခွဲမှု၊ နယ်ပယ်ဆိုင်ရာပြဌာန်းမှု ၊ ပါတီဆိုင်ရာပြဌာန်းမှု ၊ ရွေးကောက်ပွဲဆိုင်ရာပြဌာန်းမှု ၊ အာဏာခွဲဝေမှု ၊ ကာကွယ်ရေးဆိုင်ရာပြဌာန်းမှု ၊ လုံခြုံရေးဆိုင်ရာပြဌာန်းမှု ၊ နယ်စပ်ကာကွယ်ရေးဆိုင်ရာပြဌာန်းမှု ၊ အစိုးရယန္တယား လည်ပတ်စီးဆင်းပုံ ၊ လုပ်ပိုင်ခွင့်ဆိုင်ရာခွဲဝေမှု ၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှု ၊ အကောက်ခွန်ဆိုင်ရာ ပြဌာန်းမှု ၊ ကုန်သွယ်ရေးဆိုင်ရာပြဌာန်းမှု ၊ ယဥ်ကျေးမှုဓလေ့ထုံးတန်းစဥ်လာဆိုင်ရာပြဌာန်းမှု စသည်ဖြင့် ဆွေးနွေးညှိနှိုင်းစရာတွေများစွာ ရှိပါတယ် ။
"ဖက်ဒရယ်ရရင်ပြီးရော ဒီမိုကရေစီမဖြစ်ချင်နေပါစေ၊ ဒီမိုကရေစီထက် ဖက်ဒရယ်က ပိုအရေးကြီးတယ်"ဆိုတဲ့ အပြောမျိုးတွေ မိမိကြားဖူးသည်။
ဖက်ဒရယ်ရရင် ငါ့ခေါင်းဆောင်က ငါတို့ကောင်းကျိုးလုပ်ပေးမှာပဲဆိုသည့် ယုံကြည်မှုနဲ့ ပြောဟန်တူသည်။ခေါင်းဆောင်ဆိုသောအရာသည် ဖောက်ပြန်တတ်သော၊ပြောင်းလဲတတ်သော၊အပြောင်းအလဲရှိတတ်သော သဘောသဘာဝရှိသည်ကို မိမိတို့မေ့ထား၍ မဖြစ်ပေ။ဖက်ဒရယ်ရပြီး ဒီမိုကရေစီမကျင့်သုံးဘဲ ထင်ရာစိုင်းလျှင် #အာဏာရှင်စိတ်ဓာတ် ပါပဲ။
ဖက်ဒရယ်ရပြီး ကိုယ့်တိုင်းရင်းသားအရေးသာ မြှင့်တင်ပြီး ၎င်းပြည်နယ်အတွင်းမှီတင်းနေထိုင်သော တခြားသောတိုင်းရင်းသားလူမျိုးများနှင့်ပြည်သူတွေ ဘာဖြစ်ဖြစ်အတွေးကလည်း #အစွန်းရောက်အမျိုးသားရေးဝါဒ ပါပဲ။ ၎င်းအတွေးမျိုးတွေ "ပြည်မ" တင်မက တောင်တန်းဒေသရှိတိုင်းရင်းသားများကြားမှာပါ ကျယ်ပြန့်နေခြင်းအား စိတ်မကောင်းစွာ တွေ့မြင်နေရတာ ရင်လေးမိပါသည်။
မည်သည့်နိုင်ငံရေးစနစ်၌ပင်ဖြစ်ပါစေ...
နိုင်ငံသားတစ်ဦးတစ်ယောက်ချင်း၏ အခွင့်အရေးအပြည့်အဝမပေးနိုင်လျှင် ဒီမိုကရေစီမဖြစ်သောကြောင့် လွပ်လပ်ရေးရပြီဟု မဆိုနိုင်သေးပါ ။
မည့်သည့်နိုင်ငံရေးစနစ်၌ပင်ဖြစ်စေ ...
နိုင်ငံရေးသမားများ၊ဥစ္စာဓနရှင်များ၊အာဏာဆုပ်ကိုင်ထားသူများ၊လက်နက်ရှိသူများက နိုင်ငံရေးကို ဆုပ်ကိုင်ထားကြတာ ဖြစ်ပါတယ်။ သာမန်အရပ်သားပြည်သူတွေရဲ့ဘဝအား လုံခြုံစေနိုင်တာက ဒီမိုကရေစီသာ ရှိပါတယ်။
ဒါကြောင့် အသစ်တည်ဆောက်မည့် နိုင်ငံတော်သစ်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီဘောင်ကို ကျယ်ကျယ်ပြန့်ပြန့်ဆုပ်ကိုင်ထားနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ခုလို ရေးတာ၊ပြောတာကို ဖက်ဒရယ်ကိုအကြောင်းပြုပြီး ကိုယ်ကျိုးစီးပွားရှာဖို့ကြံစည်နေသော အတ္တလောဘသမားတွေကတော့ ကြိုက်ကြလိမ့်မယ်တော့ မထင်ဘူး။
myanmar society🇲🇲