ကမ္ဘာကြီးက ဘယ်လောက်ဆိုးဝါးနေလဲ ??
အမေရိကန်သမ္မတဂျိုးဘိုက်ဒန်နှင့်တရုတ်သမ္မတဂျိုးရှီကျင်းပင်တို့ တရားဝင်လူသိရှင်ကြား ဆွေးနွေးတာ ဒီတစ်ကြိမ်နဲ့ဆိုရင် ( ၃ ) ကြိမ် ရှိပါပြီ။
ပထမအကြိမ်၊ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ( ၂ )ကြိမ်စလုံးမှာ မြန်မာ့အရေးပြောခဲ့ကြတယ်လို့ VOA သတင်းဌာနက သတင်းထုတ်ပြန်ပေမဲ့ မြန်မာနဲ့ပက်သက်တဲ့ဘာအကြောင်းပြောတယ်ဆိုတာ ဘာမှမထုတ်ပြန်ခဲ့ပါဘူး။ ပွင့်လင်းမြင်သာတဲ့အနေအထားလည်း မဟုတ်ခဲ့ပါဘူး ။ VOA သတင်းဌာနက ၎င်းတို့တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာ့အရေးပြောဆိုတယ်ဆိုပြီးရေးတာနဲ့ လူတွေက မြန်မာ့အရေးပြောတယ်ဆိုပြီး သတ်မှတ်လိုက်ကြတာပါ။
ဂျိုးဘိုက်ဒန်နှင့်ရှီကျင်းပင်တို့ရဲ့ ပထမဆုံးအကြိမ်ဆွေးနွေးခဲ့စဥ်ကတော့ ဦးကျော်မိုးထွန်းကို ၎င်းနေရာမှာပဲ ဆက်ထား/မထားနှင့် မြန်မာ့အရေးအပေါ် ဘယ်လိုဆက်ဆံပေးစေချင်တယ်ဆိုတာမျိုး ရှီကျင်းပင်က ဂျိုးဘိုက်ဒန်အား ပြောဆိုခဲ့ဟန်ရတယ်လောက်ပဲ တွက်ဆရပါတယ်။ အဲ့ဒါကလည်း ၎င်းတို့တွေ့ဆုံဆွေးနွေးပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဥ်ကို ခန့်မှန်းကောက်ချက်ချခြင်း ဖြစ်ပါတယ်။ ဘာကြောင့် အဲ့သည်လိုခန့်မှန်းရသလဲဆိုတော့ တရုတ်ပြည်ကခင်းတဲ့ "မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်"ဆိုတဲ့စကားနောက် အမေရိကန်အစိုးရက ကောက်ကောက်ပါအောင် လိုက်သွားခဲ့လို့ ထိုကဲ့သို့ကောက်ချက်ဆွဲရခြင်း ဖြစ်ပါတယ်။
ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးအသတ်ခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး ရီပက်ဗလစ်ကန်ထိပ်တန်းခေါင်းဆောင် မစ်မကော်နယ်က လူ့အခွင့်အရေးကိုစောင်းပေးပြောဆိုတဲ့ ဂျိုးဘိုက်ဒန်အနေနဲ့ ဒီကိစ္စကို ဖိအားပေးဆောင်ရွက်သင့်တယ်လို့ ပြောဆိုတိုက်တွန်းခဲ့ပေမဲ့ ဂျိုးဘိုက်ဒန်ဟာ ယနေ့အချိန်ထိ မြန်မာ့အရေးကိစ္စနဲ့ပက်သက်လို့ ဖွင့်ဟပြောဆိုခဲ့တာ မရှိပါဘူး။ အမေရိကန်နှင့်တရုတ်သမ္မတ နှစ်ယောက်တွေ့ဆုံဆွေးနွေးပွဲမှာလည်း မြန်မာ့အကြောင်း ပါခဲ့ဟန်မတူပါဘူး။ VOA သတင်းဌာနကတောင် သမ္မတနှစ်ယောက် မြန်မာ့အရေးဆွေးနွေးတယ်လို့ သတင်းမှာရေးတာ မတွေ့မိဘူး။
သမ္မတဂျိုးဘိုက်ဒန်ဆီက မြန်မာ့အရေးနဲ့ပက်သက်တာ တစ်စုံတစ်ရာအပြောင်းအလဲရဖို့ ၊ မျှော်လင့်ချက်ရနိုင်ဖို့ရာ ခဲယဥ်းတယ်ဆိုတာ မိမိတို့ကတော့အရင်ကတည်းက ကောက်ချက်ဆွဲရေးပြီးဖြစ်ပါတယ်။
NUG ရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်မှာ ခေါ်ယူတွေ့ဆုံခဲ့တာဟာ ကျောသပ်ရင်သပ် ခေါ်ယူနှစ်သိမ့်မှုမဖြစ်ပါစေနဲ့လို့လည်း ရေးခဲ့ဖူးတယ်။ဒါဟာလည်း ပြည်သူ့တော်လှန်ရေးဖက်က တိုးတက်လာတဲ့အခြေအနေတစ်ရပ်ပေါ်မှာ မယုတ်မလွန်အနေအထားတစ်ခုဖန်တီးတာဖြစ်နိုင်ကြောင်း ရေးခဲ့ပြီးပါပြီ။
ဟိုတလောက မြန်မာ့အရေးကို စိတ်ဝင်စားချင်ယောင်ဆောင်ပြသွားတဲ့အမေရိကန်နိုင်ငံခြားရေးအကြံပေး Derek Chollet ဟာ မြန်မာ့အရေးကို စကားလှလှလေးတွေမှုန်းခြယ်ပြောနေပေမဲ့ "လက်နက်ကူညီမလား"ဆိုတဲ့ အပြောင်းအလဲပေးနိုင်သောအရွေ့မေးခွန်းကို မေးလိုက်တော့ "ခွေးအ လှည်းနင်း"သလို ဖြစ်သွားတာကြည့်ရင် ရှီကျင်းပင်ချပေးထားတဲ့လမ်းကြောင်းမှာပဲ အသက်ဆက်နေရဆဲဆိုတာ မြင်သာပါတယ်။
မြန်မာ့အာဏာသိမ်းခံရသည့်အချိန်ကာလကတည်းက ဘယ်အဖွဲ့က ဘယ်လိုရှိတယ် ၊ ဘယ်သူတွေက ဘယ်လိုတုန့်ပြန်တာမျိုးတွေ ၊ စစ်ဘေးရှောင်တွေအတွက်လူသားချင်းစာနာထောက်ပံ့အကူအညီမရောက်လာပုံတွေ စသည်တို့ကို ဇာတ်စုံခင်းပြရရင် မျက်ရည်တွေ ဘူးသီးလုံးလောက် ကျရဖွယ်ရှိပါတယ် ။ Action ပါတဲ့ အပြောအဆို အကူအညီ အားရစရာကောင်းလောက်အောင် ရှိမနေသေးဘူးဆိုတာလောက်ပဲ မှတ်ထားကြပါစို့ ....
ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးအသတ်မခံရခင် စစ်ကောင်စီခေါင်းဆောင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံခဲ့သလို ၊ ရုရှားကိုသွားရောက်ပြီး ရုရှားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။၎င်းခရီးစဥ်ပြန်လာပြီးမှ စီရင်ခဲ့တာပါ။
၎င်းကြိုးပေးသတ်မယ်ဆိုတဲ့ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းအား ကမ္ဘာ့နိုင်ငံတွေက အသီးသီးက ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားကပဲ အတိုက်အခံဖက်က ထင်ရှားတဲ့ခေါင်းဆောင် ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးသတ်ဖြတ်ချင်းဟာ ကမ္ဘာကြီးကို သွေးတိုးစမ်းလိုက်တာပါပဲ ။အထူးသဖြင့် အမေရိကန်ကို ဖြစ်တယ်။ပိုမိုအထူးပြုရရင် အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ကို ဖြစ်တယ် ။
ဘာအတွက်လဲ ??
တရုတ်နှင့်အပေါင်းအပါတို့ရဲ့ရှေ့ဆက်မည့် နိုင်ငံရေး၊စီးပွားရေး ၊ စစ်ရေးအတွက် အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ရဲ့သဘောထားကို သေချာအောင်စမ်းသပ်တာ ဖြစ်နိုင်ပါတယ်။၎င်းစမ်းသပ်မှုအား တုန့်ပြန်လာမည့်ရလဒ်ကို အခြေခံပြီး ဥပမာ - ထိုင်ဝမ်ကို ကျူးတာတို့ ...( နုံခြာတဲ့ဂျိုးဘိုက်ဒန်လို အမေရိကန်သမ္မတလက်ထက်မှာ တိုင်ဝမ်ကို တရုတ်က အပိုင်သိမ်းချင်တဲ့စိတ်တော့ ဖြစ်မိမှာပဲ )
တခြားသော နိုင်ငံရေးအရွေ့ကြီးကြီးမားမားလုပ်ကြလိမ့်မယ်လို့ တွက်ဆရတာပဲ။ အဘယ်ကဲ့သို့သော နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး အရွေ့ဖြစ်ပေါ်လာမယ်ဆိုတာတော့ ပြောဖို့ ခက်တယ်။
ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးသတ်ပစ်လိုက်တယ် ၊ အဲ့ဒီတော့ ကမ္ဘာကြီးရဲ့တုန့်ပြန်မှုက ဘာလဲ ??
" ကန့်ကွက်ပါတယ် ၊ ရှုံ့ချပါတယ် ၊ နောက်ဒီလိုမလုပ်ပါနဲ့" တဲ့ ....
၎င်း စကားများအား ဖောဖောသီသီတွေ့ရပေမဲ့ NUG ကို ကူညီပါမယ်ဆိုတဲ့ Action ပါတဲ့စကား မတွေ့ရသေးပါဘူး။
တခါတလေ တွေးမိတယ်....
၁၉၆၂ ခုနှစ် အာဏာသိမ်းခံခဲ့ရစဥ်တုန်းလည်း ကမ္ဘာ့ခေါင်းဆောင်တွေဟာ ခုလိုပဲ ညာညှိကစားခဲ့ကြလေသလားလို့ပေါ့။
Deep State ကနေ ကမ္ဘာ့ပြည်သူတွေကို ဝါဒဖြန့်တဲ့ "အတုယူဖွယ်ရာကမ္ဘာ့ခေါင်းဆောင်များအကြောင်း" လောက်ကို ဖတ်ပြီး ဆုံးပါးသွားခဲ့ကြပြီဖြစ်တဲ့ ကျနော်တို့ရဲ့ဘိုးဘွားတွေဟာ ဒီမိုကရေစီအယောင်ဆောင် အတွင်းယုတ်ခေါင်းဆောင်တွေအကြောင်းမသိဘဲ အဟုတ်ကြီး မှတ်ချင်လည်း မှတ်ခဲ့ကြမှာပဲ။
လက်ရှိမြန်မာ့အရေး/အခြေအနေက ကိုယ့်အားကို ကိုးပြီး ရုန်းရမည့်အခြေအနေ ၊ အနေအထားတစ်ခုမှာပဲ ရှိနေဆဲဖြစ်ပါတယ်။
သို့ပေမဲ့ ..
စိတ်ဓာတ်မကျပါနဲ့...
အရင်းအနှီးကြီးသလောက်...
အမြတ်ကြီးကြီးရမည့်ပွဲပါ ။
ပြည်တွင်းက တော်လှန်ရေးအင်အား ၊ အရွေ့ ၊ လုပ်ကိုင်နိုင်စွမ်းအနေအထားဟာ အရှိန်ကောင်းကောင်းနဲ့ တိုးတက်လျက်ရှိပါတယ်။ ပြည်သူတွေရဲ့မြန်မာ့ရေးအပေါ်ထားတဲ့စိတ်ဟာ ပြည်တွင်းက တော်လှန်ရေးတိုးတက်မှုအခြေအနေပေါ်မှာပဲ မူတည်နေခဲ့တာကြောင့်ပါ ။
myanmar society 🇲🇲