ဇာတ်လမ်းရှည်မယ့် ဂလဲ့စားများ
Trump ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းဖို့ တာဝန်ယူညွှန်ကြားခဲ့တာ သူဖြစ်ပါတယ်ဆိုပီး ရှေ့နေချုပ် (AG -Attorney General) Merrick Garland က တရားဝင်ထုတ်ပြောခဲ့ပါတယ်။
ရှေ့နေ Merrick Garland ဆိုသူဟာ ဒီမိုကရက်သမ္မတ Bill Clinton လက်ထက် ၁၉၉၇ ခုနှစ် မှာ တိုက်နယ် တရားသူကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ ဒီနောက် ရီပတ်ဘလီကန်သမ္မတ George Bush နဲ့ ဒီမိုကရက်သမ္မတ Obama လက်ထက်အထိ အပြောင်းအလဲမရှိခဲ့ပါဘူး။
၂၀၁၆ ခုနှစ် အိုဘားမားလက်ထက်မှာ Supreme Court တရားသူကြီးတစ်ဦးကွယ်လွန်ခဲ့တယ်။ အဲဒီလစ်လပ်နေရာအတွက် Merrick Garland ကို အစားထိုးဖို့ အိုဘားမားက အမည်တင်သွင်းတယ်။ ဒီတစ်ကြိမ်ပါနဲ့ဆိုရင် Garland ကို အမည်တင်သွင်းတာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။ Supreme Court ဆိုတာ U.S.A. မှာ အမြင့်ဆုံးတရားရုံးဖြစ်တယ်။ အဲဒီမှာ တရားသူကြီးဖြစ်ပီဆိုရင် ရာသက်ပန်ဖြစ်ပါတယ်။ တရားသူကြီးတိုင်း လိုချင်တဲ့ ရာထူးဖြစ်ပါတယ်။
ဖြစ်ချင်တော့ အိုဘားမားရဲ့သမ္မတသက်တမ်းနောက်ဆုံးနှစ်ဖြစ်ပြီး အဲဒီနှစ်နိုဝင်ဘာလမှာ သမ္မတရွေးကောက်ပွဲရှိပါတယ်။ အဲဒီအချိန်က ဆီးနိတ်မှာ ရီပတ်ဘလီကန်တွေက လူများစုဖြစ်ပြီး ခေါင်းဆောင်ကတော့ Mitch McConnell ဖြစ်နေပါတယ်။ သမ္မတတစ်ဦးရဲ့ သက်တမ်းနောက်ဆုံးနှစ်ကို Lame Duck အချိန်၊ တနည်းအားဖြင့် အရေးကြီးတဲ့ ဥပဒေတွေချမှတ်တာတို့၊ အရေးကြီးတဲ့နေရာမှာ လူသစ်ခန့်တာတို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမလုပ်သင့်တဲ့အချိန်ဆိုပြီး McConnell ကအိုဘားမားကို ကြိုတင်ပြောထားပါတယ်။ ဒါပေမယ့် အိုဘားမားက လက်မခံပဲ Garland ကို Supreme Court Judge အဖြစ် အထက်လွှတ်တော်ထံ အမည်တင်သွင်းလိုက်ပါတယ်။ အထက်လွှတ်တော်ကိုချုပ်ကိုင်ထားတဲ့ ရီပတ်ဘလီကန် ဆီနိတ်တာ McConnell က Garland ကိုမဲခွဲအတည်ပြုရမယ်ကိစ္စကို နောက်သမ္မတအသစ်က ပြုလုပ်လိမ့်မယ်ဆိုပြီး မဲခွဲခြင်းကိစ္စကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ Hillary Clinton က ပြိုင်ဖက် Trump ကိုနိုင်မှာပဲဆိုပြီးထင်ကြေးတွေပေးနေကြချိန်ဖြစ်ပါတယ်။ မမျှော်လင့်ပဲ Trump အနိုင်ရပြီး သမ္မတဖြစ်သွားခဲ့ပါတယ်။ Trump ကလည်း လစ်ဟာနေတဲ့ Supreme Court Judge နေရာအတွက် သူကြိုက်တဲ့ Conservative Judge တစ်ဦးဖြစ်တဲ့ Neil Gorsuch ကိုအမည်တင်သွင်းလိုက်တဲ့အတွက် Garland တစ်ယောက် ဒီတစ်ချီလည်း အော်တိုမက်တစ် ပြုတ်သွားခဲ့ရပြန်ပါတယ်။
ဆိုတော့ သူ့သက်တမ်းတစ်လျှောက် သူဖြစ်ချင်တဲ့ Supreme Court Judge နေရာကို သုံကြိမ်တိုင်တိုင်လွဲချော်ခဲ့ရတာဟာ ရီပတ်ဘလီကန်တွေကြောင့်လို့ဆိုတာ ဘယ်လိုမေ့ပျောက်နိုင်ပါ့မလဲ။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ် မှာ Trump ပြုတ်ပြီး Joe Biden သမ္မတဖြစ်လာပါလေရော..။
၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်လွှတ်တော်ကို Trump ထောက်ခံသူတွေဝင်ရောက်စီးနင်းခဲ့တဲ့ ဆန္ဒပြပွဲအကြောင်းမှတ်မိကြမှာပါ။ အဲဒီအကြမ်းဖက်မှုကို နိုင်ငံတော်ပုန်ကန်မှုအဖြစ် Biden တို့ဒီမိုကရက်တွေက ပုံဖော်ပြီး Trump နဲ့တကွ ပါဝင်သူအားလုံးကို စုံစမ်းစစ်ဆေးမယ် ၊ ကြီးလေးတဲ့ပြစ်ဒဏ်တွေချရမယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ဖို့ တရားရေးဌာနက အရေးပါလာပါပြီ။ ဒီအချိန်မှာ Trump နဲ့ ပါဝင်ပါတ်သက်သူတွေကို ထိရောက်စွာအရေးယူဖို့လုပ်မယ်လို့ ကြွေးကြော်သူတွေအထဲမှာ Garland တစ်ယောက်လည်းရှေ့တန်းကပါဝင်လာတာ မထူးဆန်းပါ။
Clinton, Obama တို့ရဲ့ လက်စွဲ၊ Trump နဲ့ရီပတ်ဘလစ်ကန်တွေကို အပြတ်နှိမ်နင်းမယ့်တရားသူကြီး Garland ကို U.S. ရဲ့ ရှေ့နေချုပ် (Attorney General) တရားရေးဌာနရဲ့အကြီးအကဲအဖြစ် သမ္မတသစ် Biden က ၂၀၂၁ ခုနှစ် ဇန်နဝါ ၂၀ ရက် မှာ အမည်တင်သွင်းပြီး မတ်လမှာ ဆီးနိတ်ကအတည်ပြုခန့်အပ်လိုက်ပါတော့တယ်။
ဒါကြောင့် ဇန်နဝါရီ ၆ ရက် လွှတ်တော်ဆန္ဒပြပွဲမှာပါဝင်သူတွေဟာ အကြမ်းဖက် သမားတွေအဖြစ် အရေးယူခံနေရသလို Trump နဲ့သူ့လုပ်ဖော် ကိုင်ဖက်တွေကိုလည်း Pelosi ဦးစီးတဲ့ အောက်လွှတ်တော်ကနေ J6 ဆိုတဲ့ကော်မီတီဖွဲ့ပြီး ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။
ဒီမိုကရက်တွေအတွက် သတင်းဆိုးတစ်ခုက အခုလာမယ့် နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေက အနိုင်ရဖို့များတယ်လို့ခန့်မှန်းကြသလို၊ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း Trump သာအရွေးခံရလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက် သတင်းတွေ ထွက်ပေါ်နေတာပါပဲ။ ဒီမိုကရက်တွေအတွက် Trump သမ္မတပြန်လည်အရွေးမခံရရေးဟာ အရေးအကြီးဆုံးလုပ်ဆောင်ရမယ့်စီမံကိန်းကြီးဖြစ်ပါတယ်။
Trump ကို သမ္မတရာထူးတင်မက၊ U.S. ရဲ့ အစိုးရမည်သည့်ရာထူးကိုမှယူလို့မရအောင်လုပ်ဖို့အတွက် အလွန်ကြီးလေးတဲ့ ရာဇဝတ်ကြောင်းနဲ့ ပုဒ်မတစ်ခုခုတပ်ပြီး ထောင်ချနိုင်ဖို့ဒီမိုကရက်တွေ လုပ်ဆောင်ရပါမယ်။ ဒီတော့ နိုင်ငံခြားအစိုးရအတွက် သူလျှိုလုပ်မှု ဆိုတဲ့ဆွဲချက်ပုဒ်မ တပ်နိုင်ရင် ပြီးတာပဲမဟုတ်ပါလား။ အပြစ်ဒဏ်လည်းကြီးမားမယ်။ အမေရိကန်ပြည်သူတွေကလည်း Trump ကိုရှုံ့ချကြလိမ့်မယ်။ ဒါက ဒီမိုကရက်တွေရဲ့အထင်ပေါ့။ဒါကြောင့် သူ့အိမ်က ရှာဖွေသိမ်းဆည်းခဲ့တဲ့ စာရွက်စာတမ်းတွေအရ Trump ကို Espionage Act = နိုင်ငံခြားအတွက် သူလျှိုလုပ်မှုနဲ့ စုံစမ်းစစ်နေပြီဖြစ်တယ်လို့ ရှေ့နေချုပ် Garland က ခပ်တည်တည်နဲ့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
Trump အိမ်ကို FBI ကဝင်ရောက်စီးနင်းပြီးနောက်ရက်မှာ Trump အတွက်ရံပုံငွေအမြင့်ဆုံးစံချိန်တင်လက်ခံရရှိတယ်ဆိုတဲ့သတင်းတွေထွက်လာပါတော့တယ်။
Trump ဆိုတာ လွယ်လွယ်နဲ့အလျှော့ပေးတတ်သူတော့ မဟုတ်ပါဘူး။ U.S. သမိုင်းမှာ ပြစ်မှုအများဆုံးနဲ့ တရားရုံးတွေမှာ တရားအများဆုံးအစွဲခံရတဲ့ သမ္မတ၊ ရုရှား ရုရှားဆိုပြီး လုပ်ကြံဇာတ်လမ်းနဲ့ impeach လုပ်ခံရတဲ့သမ္မတ၊နိုင်ငံခြားခေါင်းဆောင်နဲ့ ဖုန်းပြောလို့ဆိုပြီး ဒုတိယအကြိမ် Impeach လုပ်ခံခဲ့ရတဲ့သမ္မတလည်း ဖြစ်ပါတယ်။ ပြစ်မှုအားလုံးကနေ အပြစ်မရှိ ကွင်းလုံးကျွတ်လွတ်ခဲ့တဲ့သမ္မတလည်း ဖြစ်နေဆဲပါ။ ရာထူးကဆင်းပြီးပြန်တော့ Pelosi လွှတ်တော်ရဲ့ J6 ကော်မီတီဖွဲ့ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ စုံစမ်းစစ်ဆေးနေတာ အရေးယူနိုင်လောက်တဲ့ ပြစ်မှုမယ်မယ်ရရမတွေ့သေးလို့ အခုနောက်ဆုံး ဝရမ်းထုတ်ပြီး သူနေတဲ့အိမ်ကိုဝင်ရှာကြတာဖြစ်ပါတယ်။
အကြိမ်ကြိမ်အပြစ်ရှာလို့မရတဲ့အပြင် နောက်ရွေးကောက်ပွဲမှာအနိုင်ရမယ့်သမ္မတပြိုင်ဖက်ဖြစ်တယ်လို့တစ်ပြေးနေတဲ့ Trump ဟာ ဒီတစ်ကြိမ်လည်း အခက်အခဲတွေကိုကျော်လွှားနိုင်မှာသေခြာပါတယ်။
Trump ဟာ အခုချိန်အထိ 2024 မှာ ဝင်ပြိုင်မယ် မပြိုင်ဘူးလို့ တရားဝင်ထုတ်မပြောသေးပါဘူး။ အကယ်၍သာ ဝင်ပြိုင်လို့ နောက်တစ်ကြိမ်သမ္မတဖြစ်ခဲ့ရင်တော့ Trump ရဲ့ ဒုတိယသမ္မတသက်တမ်းမှာ ပွဲကြမ်းကြီးတွေ တွေ့မြင်ရလိမ့်မယ်လို့ ထင်မြင်မိကြောင်းပါခင်ဗျား။
(Merrick Garland wikipedia ကိုမီငြမ်းပါသည်)
Thanks for reading~~
Thein Lwin
၂၀၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်