နိုင်ငံရေးဇာတ်ညွှန်းများ


ဂီတမှာဆိုရင်  မျှော်သံဆိုတာ ရှိတယ်...

သဘောက  ဒီတီးလုံးတီးပြီးရင်  ဘာတီးလုံး၊ဘယ်လိုတီးလုံး လာလောက်တယ်ဆိုတာမျိုးပေါ့ ၊  ခုရိုက်ထားတဲ့ပုံမှာလည်း  မျှော်လင့်ပုံရိပ်ဆိုတာ ရှိတဲ့သဘောပဲ  ဒီပုံရိပ်ဒီအတိုင်းအတာနဲ့ဆိုရင်  ထိုအမျိုးသမီးဟာ  ချောလောက်တယ်၊လှလောက်တယ်ဆိုတဲ့  မျှော်လင့်ပုံရိပ်ပေါ့ ။ 

မျက်နှာလည်း တကယ်ထွက်ပြရော  မှန်းထားသလို  မဟုတ်ဘဲ   ဂေါ်နေရင်  ( သို့မဟုတ် ) ထင်တာထက်  ပိုချောနေရင်  ဟာ ! ဟင် ! တောက် ! ကျွတ်တွေ  ဖြစ်သွားတတ်တယ် ...

ဂီတ၊စာပေ၊အနုပညာမှာလည်း  ထိုနည်းတူ ရသ'ကိုဖန်တီးပေးနိုင်စွမ်းရှိသလို  နိုင်ငံရေး ၊  စစ်ရေးမှာလည်း  ထိုနည်းတူပါပဲ ...

အဲ့သည်လို လူတွေရဲ့မျှော်မှန်းထားတဲ့စိတ်ကူးကို  အသုံးချပြီ  တစ်ဆစ်ချိုးပြောင်းတာကို  Trick ( လှည့်ကွက် ) လို့ခေါ်ပါတယ်။

အကျိုးစီးပွားအတွက်အလို့ငှာ  လူတွေရဲ့မျှော်မှန်းစိတ်ကူးကို အသုံးချပြီး  တစ်ဆစ်ချိုးပြောင်းလဲတာမျိုးကို  နယ်ပယ်အသီးသီးမှာ  အသုံးပြုလေ့ရှိတတ်ကြပါတယ် ။

လက်ရှိမြန်မာ့နိုင်ငံရေးမှာ လေ့လာကြည့်မယ်ဆိုရင် 
တဖက်မှာ   "အာဏာသိမ်းဇာတ်ညွှန်း"ကို  ရေးခဲ့ကြသလို   အခြားတစ်ဖက်မှာလည်း  "နွေဦးတော်လှန်ရေးဇာတ်ညွှန်း"ကို ရေးခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးဟာ  အာဏာသိမ်းဇာတ်ညွှန်းရဲ့ဇာတ်ကောင်အနေနဲ့သွပ်သွင်းပြီး ဝါးမြိုပစ်ဖို့  စစ်ကောင်စီက  ကြိုးပမ်းနေသလို   အာဏာသိမ်းမှုကို  နွေဦးတော်လှန်ရေးရဲ့ဇာတ်ကောင်အနေနဲ့သွပ်သွင်းပြီး  ဝါးမြိုပစ်ဖို့  အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပြည်သူလူထုက  ကြိုးပမ်းနေကြတယ်။

ရုပ်ဝတ္ထုတိုးတက်မှုဆိုတာ  စိတ်ကူးစိတ်သန်းတွေအပေါ်မှာ  အခြေတည်ဖြစ်ပေါ်ပါတယ်။ 

မိမိရေးထားတဲ့ဇာတ်ညွှန်း  အဖျားရှူးမသွားဖို့ ၊ ဇာတ်အိမ်ကောင်းဖို့ ၊ ထောင့်စေ့စေဖို့ ၊ ကိုယ့်ဇာတ်ကိုယ်နိုင်ဖို့  နှင့်  တခြားသူရေးထားတဲ့ဇာတ်ညွှန်းကိုပါ  မိမိဇာတ်အိမ်ထဲထည့်ပြီး  ထိန်းချုပ်အဆုံးသတ်ဖို့ဆိုတာဟာ   "စိတ်ကူးစိတ်သန်း အတွေးအခေါ် ကောင်းတွေ" များစွာရှိဖို့လိုပါတယ် ။ 

ဇာတ်ညွှန်းရဲ့   "စ ၊ လယ် ၊ ဆုံး"  လုံးချင်း ပိုင်ပိုင်နိုင်နိုင်၊ ခွဲခြမ်းစိပ်ဖြာ  သဘောပေါက်နားလည်ထားဖို့  လိုအပ်တယ်။

ထိုသို့မဟုတ်ရင်တော့  ကျရှုံးဇာတ်ညွှန်းအဖြစ်  သမိုင်းတွင်ရစ်လိမ့်မယ်။

မိမိရေးသားထားသော ဇာတ်ညွန်းအား မည်သူကမှတော့ ကျရှုံးဇာတ်ညွှန်းအဖြစ်  သမိုင်းတွင်ရစ်တာလိုလားကြမည်တော့  မဟုတ်ပေ....

အဲ့သည်တော့ (   ၂  ) ဖက်စလုံးက ဇာတ်ညွှန်း၊ဇာတ်ကွက်တွေကို  တစ်ချက်ဆက်လေ့လာကြည့်ပါစို့ ... 

စစ်ကောင်စီရဲ့အာဏာသိမ်းဇာတ်ညွှန်းရဲ့ ပွဲဦးထွက်မှာပဲ   ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့အစိုးရကို  အာဏာသိမ်းတာဖြစ်တယ်။ အစိုးရခေါင်းဆောင်တွေကို ဖမ်းလိုက်ကတည်းက  အာဏာသိမ်းတာ အထမြောက်သွားတဲ့သဘောပဲ ။ အဲ့သည်တော့  သူ့ရဲ့နောက်ဆက်တွဲ အစီအစဥ်အရ  အာဏာထိန်းတယ်လို့   ထုတ်ပြန်တယ်။ပြည်သူတွေ  မကျေနပ်ဘူး ၊  လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တယ် ၊ ဆန္ဒပြကြတယ်။  

ဆန္ဒပြတဲ့ပြည်သူတွေကို  "ခေတ်ပြောင်းအောင်  ခေါင်းပစ် " ဆိုပြီး  ရက်ရက်စက်စက်  နှိမ်နင်းခဲ့ကြတယ်။တက်ကြွလှုပ်ရှားတဲ့ခေါင်းဆောင်တွေကို  စစ်ကြောရေးပို့ပြီး  နှိပ်စက်၊သတ်ဖြတ်တယ်။ အပြစ်မဲ့ပြည်သူ သောင်းချီပြီး  ဖမ်းဆီးတယ် ။ ကိုဗစ်ကပ်လှိုင်းအတွင်းမှာ  ပြည်သူတွေကို လစ်လျူရှု့ပြီး  နှိမ်နင်းတယ်၊ပြည်သူတွေ သောင်းချီသေကြေပျက်စီးခဲ့ရတယ်။

ပြည်သူတွေက မိမိကိုယ်ကို ကာကွယ်ဖို့လုပ်ချိန်မှာ ရပ်ရွာ၊ အိုးအိမ်တွေကို  မီးရှို့တယ် ။  ပြည်သူ့စည်းစိမ်ကို  လုယက်တယ် ၊  အပြစ်မဲ့ပြည်သူ  ထောင်ချီပြီး  သတ်ဖြတ်တယ်။ massacre အမူအကျင့်တွေ ကျင့်သုံးတယ် ၊  slaughter  battle  field စနစ်တွေ သုံးတယ် ။ ၎င်းနည်းနာတွေဟာ စစ်ရေးမှာ အကြမ်းတမ်းဆုံး နည်းနာတွေဖြစ်ပါတယ် ၊ လက်ကုန်လုပ်တဲ့သဘောမျိုးပေါ့ ။ နားလည်လွယ်အောင် ပြောရရင်  သွေးအေးအေးနဲ့ သတ်ဖြတ်တယ် ၊  လူမျိုးသုဥ်းသတ်ဖြတ်တယ်  ဆိုပါတော့ ....

ဒါတောင် စစ်ကောင်စီဆီမှာ နျူးကလီးယားမရှိလို့ ၊ ရှိရင်  ကျဲလောက်တယ်။

ကြမ်းပြ ၊ ရမ်းပြရင်  ကြောက်ပြီး ငြိမ်သွားမလားဆိုပြီး   ဖြဲခြောက်တဲ့သဘောမျိုးပါပဲ။

စစ်ကောင်စီရဲ့ဇာတ်ညွှန်းဟာ  ပွဲဦးထွက်မှာကတည်းက  နိုင်ငံရေး၊စစ်ရေးကို  ဘီးလူးဆိုင်းတီးပြီး  ထွက်လာတာ  ဖြစ်ပါတယ်။  Graph ဆွဲရင် အမြင့်ကနေ   စဆွဲရမဲ့သဘောပေါ့ ။ အရပ်စကားနဲ့ပြောရရင်   Flow အမြင့်ကြီး စထွက်ထားခဲ့တာ  ဖြစ်တယ် ....

အဲ့သည်တော့  ရှေ့ဆက်ဘာဖြစ်တွေလာနိုင်မလဲ ??

လောကနိယာမ သဘောတရားအရ  အမြင့်ကနေ  ပြန်ကျမဲ့သဘောတရားပါပဲ။  ရေရှည်ရှေ့ဆက်သွားနိုင်ဖို့အထွက်  မြင့်နေတဲ့ Flow  ကို  ပြန်ချရမယ် ၊  မြင့်နေတဲ့ Flow အား အတင်းဆုပ်ကိုင်ထားမယ်ဆိုခဲ့ရင်လည်း  ထိန်းသိမ်းနိုင်စွမ်း ၊  ခံနိုင်ရည်စွမ်း ကုန်ခမ်းချိန်မှာ  အလိုလိုလျော့ကျလာမှာ  ဖြစ်ပါတယ်။

မကြမ်းနိုင်တဲ့အချိန်ရောက်လာရင် စစ်ကောင်စီဖက်တော်သားတွေရဲ့စိတ်ဓာတ်ဟာ ပျက်ပြားစပြုလာမှာ ဖြစ်ပါတယ်။ "ငါတို့အရင်တုန်းက  ကြမ်းချင်တိုင်း  ကြမ်းခဲ့တာတောင်  မနိုင်တာ ၊ အခုငါတို့မကြမ်းနိုင်မှတော့  နိုင်မှာမဟုတ်တော့ပါဘူး" ဆိုတဲ့  အတွေးအခေါ် သိပ်သည်းဆ  မြင့်လာတာနဲ့အမျှ   ပြိုကျသွားနိုင်ချေ ရှိတဲ့အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

အဲ့သည်တော့  ပြန်အကျမှာ  နိုင်ငံရေးသဘောတရား  အလျော့အတင်းတွေ  သူတို့လုပ်လာဖို့  ရှိပါတယ်။ ဖမ်းထားတဲ့သူတွေ  လွှတ်ပေးမယ်၊  ဖမ်းထားတဲ့ခေါင်းဆောင်တွေကို  အသုံးချပြီး  ကုလားဖန်ထိုးကြည့်မယ်၊သူ့ရဲ့တရားဝင်မှု တက်လာအောင် ရွေးကောက်ပွဲစိတ်ကူးတွေ ကြံစည်မယ်၊ခေါင်းဆောင်တွေအားလုံးပါဝင်တဲ့  ဆွေးနွေးပွဲဆိုတာမျိုးတွေ လုပ်လာမယ်။အလျော့ပေးသယောင် အရိပ်ပြပြီး   အားမွေးမယ် ၊  အလျော့ပေးသယောင်  အရိပ်ပြပီး  အချိန်ဆွဲမယ် ။ 

သူတို့ဘယ်လိုပဲ  အပျော့ဆွဲနဲ့ဟန်ဆောင်ပြီး ချော့မြူနေပါစေ   ၂၀၀၈ အခြေခံဥပဒေကိုတော့  စစ်ကောင်စီက  လက်လွှတ်မှာ မဟုတ်ပါဘူး။ ၂၀၀၈  အခြေခံဥပဒေကို သူတို့လက်လွှတ်ရတာနဲ့   အခွံကျွတ်တဲ့ခရုဆံ ဖြစ်သွားမယ်ဆိုတာ  သူတို့ ကောင်းစွာနားလည်သဘောပေါက်ပြီး  ဖြစ်ပါတယ် ။

စစ်ကောင်စီကို ရင်ဆိုင်ရာမှာ  စစ်ကောင်စီရဲ့စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်ပုံ ၊ ကာယပိုင်းဆိုင်ရာတုန့်ပြန်ပုံ ၊ ဉာဏပိုင်းဆိုင်ရာ တုန့်ပြန်ပုံ ၊  ပြုမူလုပ်ကိုင်လေ့ရှိသောအလေ့အထတွေကို လေ့လာပြီး   တန်ပြန်ထိုးနှက်နိုင်ဖို့လိုပါတယ်။ အားနည်းချက်တွေကိုလေ့လာဖို့လိုသလို  အားသာချက်တွေကိုလည်း လေ့လာဖို့လိုပါတယ်။များသောအားဖြင့်   အားနည်းချက်တွေကို  အာသာချက်တွေနဲ့   အကာအကွယ်ပေးဖုံးအုပ်ထားတတ်ကြတာက များပါတယ်။အဖွဲ့အစည်းတိုင်းမှာ အားနည်းချက်ဆိုတာက  ရှိစမြဲပါ။ မြင်အောင် ကြည့်တတ်ဖို့တော့လိုပါတယ်။

စစ်ကောင်စီရဲ့ပြည်ပ  မျက်နှာစာကို  ကြည့်မယ်ဆိုရင်   တရုတ် ၊ ရုရှား ၊  အာစီယံတို့က  သူ့ကို ထောက်ကန်ပေးထားခဲ့တယ်။ အမေရိကန်ကတော့ CCP နဲ့ပင်းပြီး  ထိထိရောက်ရောက်ဆောင်ရွက်တာမျိုး  မရှိခဲ့ပါဘူး။ စစ်ကောင်စီကို ထောက်ကန်ပေးထားတယ်ဆိုသော်ငြား ခဏအတွက်သာ ဖြစ်နိုင်တာမျိုးပါပဲ ၊ ရေရှည်မှာ စစ်ကောင်စီကိုယ်တိုင် မရပ်တည်နိုင်ရင်  မီးခဲလိုပူတဲ့အရာမို့   မပူခင်ပြန်လွှတ်ချမဲ့သူချည်းပါပဲ ။ 


အိယောင်ဝါး   ကုလသမဂ္ဂကတောင်  " မြန်မာ့အရေးမှာ  ကုလသမဂ္ဂအပါအဝင်  နိုင်ငံတကာအဖွဲ့အစည်းတွေ  အားလုံးက  ပျက်ကွက်ခဲ့တယ်လို့ "  ဝန်ခံနေရပြီဖြစ်ပါတယ်။

သဘောကတော့ ကမ္ဘာကြီးကို  ထိန်းကြောင်းနေတဲ့စနစ်ကြီးဟာ  ခေတ်မမီတော့ဘူး ၊ ယိုယွင်းနေပြီ ၊ ခေါင်းဆောင်တွေဟာ ပျက်စီးနေပြီ ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတော့ဘူးလို့   ဝန်ခံတဲ့သဘော သက်ရောက်ပါတယ် ။  

အဲ့သည်တော့   ရှိရင်းစွဲစနစ်ကြီးကို တည့်မက်အောင်  ပြုပြင်ကြမလား၊ တာဝန်ယူမှု တာဝန်ခံမှု  ရှိတဲ့ခေါင်းဆောင်တွေ နေရာအစားထိုးကြမလား ၊ စနစ်သစ်နဲ့အစားထိုးမှ  ဖြစ်မှာတော့မှာလားဆိုတာ  မေးစရာ၊စဥ်းစားစရာ  ဖြစ်လာပါတယ်။

လက်ရှိလူပြောများနေတဲ့ကွမ်တန်စနစ်ဆိုကရော ကောလဟလ လား ?? 
နောက်နောင်  ဖြစ်လာနိုင်ခြေ ရှိသော ရှေ့ပြေးနမိတ်လား  ??
ယိုယွင်း ပျက်စီးနေတဲ့စနစ်ကို  အစားထိုးကုစားနိုင်ဖို့  အသင့်ဖြစ်ရဲ့လား ??
စမ်းသပ်ဆဲလား ??

စိတ်ဝင်စားစရာများစွာနဲ့  စောင့်ကြည့်ရအုံးမည့်  အရာတစ်ခုအဖြစ်  ပဟေဠိဖြစ်နေဆဲ ....


မြန်မာ့နွေဦးတော်လှန်ရေး ဇာတ်ညွှန်းကို  လေ့လာကြည့်မယ်ဆိုရင်လည်း ___

၁၉၆၂ ခုနှစ် ၊  ၁၉၈၈ ခုနှစ် ၊ ၁၉၉၀ ခုနှစ် ၊ ၂၀၀၇ ခုနှစ်တွေ စသည့်ဖြင့်   အရင့်အရင်က  မကျေနပ်လည်မှုတွေ ပေါက်ကွဲတာဖြစ်တယ်လို့  ယေဘုယအားဖြင့်  အဲ့သည်လို ပြောမယ်ဆိုကလည်း ပြောနိုင်ပါတယ်။ 

နွေဦးတော်လှန်ရေးရယ်လို့ ဖြစ်လာမည့် နိုင်ငံရေးရိုက်ခတ်မှုဟာ   ၂၀၁၉ ခုနှစ် အစောပိုင်းမှာ တဖြည်းဖြည်းအားကောင်း လာတယ်လို့  ဆိုနိုင်ပါတယ်။ ထိုကဲ့သို့ အားကောင်းလာရခြင်းအကြောင်းအရင်းကလည်း  စစ်ကောင်စီရဲ့  ဘင်္ဂလီ(ရိုဟင်ဂျာ)အရေးမီးမွေးမှု ပြဿနာကြောင့်   ပြည်သူတွေကို  နိုင်ငံရေးဂယက်ထဲ တွန်းပို့သလို  ဖြစ်သွားတာကနေ  အခြေပြုဖြစ်ပေါ်လာတယ်လို့   သုံးသပ်လို့ရပါတယ်။ 

၎င်းရခိုင်အနောက်တံခါးပေါက်နိုင်ငံရေးပြဿနာဟာ  ပြည်သူတွေရဲ့နိုင်ငံရေးအသိကို  ခပ်ကြမ်းကြမ်းလှုပ်နိုးရာရောက်သလို ၊ နိုင်ငံရေးကိုလေ့လာဖို့   အကြောင်းဖန်လာစေတာမျိုးလည်း ​ဖြစ်ပါတယ်။ 

 အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ​ကြောင့်   မြန်မာ့နိုင်ငံရေးတင်မက   ကမ္ဘာ့နိုင်ငံရေးကိုပါ  ထိတွေ့လေ့လာခွင့်ရပြီး   ပြည်သူတွေရဲ့နိုင်ငံရေး အသိအမြင်၊နိုင်ငံရေးရေချိန်ဟာ  တရှိန်ထိုး  တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ တချို့သောပြည်သူတွေရဲ့နိုင်ငံရေးအသိဟာ ကမ္ဘာ့မြန်မာ့နိုင်ငံရေးကို  ချိန်ထိုးစဥ်းစားနိုင်လောက်အောင်ထိ   နိုင်ငံရေးရေချိန်  မြင့်တက်လာတာ တွေ့ခဲ့ရပါတယ်။

NLD ပါတီ  ရွေးကောက်ပွဲ ဝင်ပြိုင်တာ ၊ ၂၀၁၆ ခုနှစ်မှာ  ဒေါ်အောင်ဆန်းစုကြည်  ရွေးကောက်ပွဲ ဝင်ပြိုင်တာ စသည်ဖြင့်  အဲ့ဒါတွေကတော့  ပါတီနိုင်ငံရေးစီးကြောင်းရဲ့အကျိုးသက်ရောက်မှုတွေလည်း  ရှိပါတယ် ။ ဒါပေမဲ့  ၎င်းအပိုင်းက ပါတီနိုင်ငံရေးလမ်းကြောင်းမို့လို့  ၎င်းအပိုင်းကိုတော့  စာရှည်နေမစိုးလို့  ထည့်သွင်းပြီး  မရေးတော့ပါဘူး။( ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင်  အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းမယ် စသည်ဖြင့်   NLD ပါတီမှာက Plan တွေ  ချထားပြီးသားဖြစ်နေတာမျိုးလည်း  ရှိနေခဲ့တာပါ )

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ  မတိုင်ခင်မှာ ပြည်သူအချို့ဟာ   စစ်ကောင်စီဟာ  အာဏာသိမ်းနိုင်ခြေ  များလာပြီဆိုတာ  ရိပ်စားမိလာပြီ  ဖြစ်ပါတယ်။နဂိုကတည်းကလည်း စစ်ကောင်စီဟာ ယုံစားလို့ရတဲ့အစားထဲမှာ ပြည်သူက သွတ်သွင်းမထားခဲ့ပါဘူး။ 

မတော်လို့  အာဏာသိမ်းတာမျိုးဖြစ်ခဲ့ရင်  ပြည်တွင်း/ပြည်ပ ဖိအားကို  ဒိုင်းအဖြစ် ကာကွယ်ပေးမည့်အစိုးရတစ်ရပ်တော့  ရှိနေမှ ဖြစ်မယ်လို့ တွက်ခဲ့ကြတယ်။ ဒါကြောင့်လည်း   ၂၀၂၀ ခုနှစ်  နိုဝင်ဘာ( ၈ )ရက်နေ့ ရွေးကောက်ပွဲကို   ကိုဗစ်ကပ်ရောဂါကြောင့် ၊ ကြံ့ဖွတ်ပါတီရဲ့ အထွေထွေရွေးကောက်ပွဲအား နောက်ရွေ့ဆိုင်းမှုကို   လက်မခံပဲ  သတ်မှတ်ရက်မှာ ကျင်းပဖို့   အတင်းတွန်းအားပေးပြီး   ကိုဗစ်ကပ်ရောဂါကာလမှာ  ရဲရဲဝင့်ဝင့်  မဲပေးခဲ့ကြတာလည်း  ဖြစ်ပါတယ်။ နေရာအများစုမှာ  NLD ပါတီက  တစုတစည်းတည်းနိုင်မှလည်း   အစိုးရတစ်ရပ်  ဖွဲ့နိုင်မှာဖြစ်လို့  ဗမာတိုင်းရင်းသားများတင်မက  တခြားမျိုးနွယ်စု တိုင်းရင်းသားများကပါ  သိရှိစည်းလုံးနိုင်ခဲ့တာ  တွေ့ရတယ်။ 

ကျဥ်းထဲကြပ်ထဲ၊အရေးပေါ်ကာလမျိုးမှာ  ပါတီ  ၃ ၊ ၄ ခုပေါင်းမှ  အစိုးရဖွဲ့နိုင်မည့် အနေအထားမျိုးဟာ  ပြည်သူတွေအတွက်  အာမခံချက်မရှိနိုင်ဘူးဆိုတာကို  ပြည်သူတွေက  နားလည်ကြတယ်။  ဒါကြောင့်လည်း NLD ကို သောင်ပြိုကမ်းပြိုနိုင်အောင်  ဝိုင်းမဲပေးခဲ့ကြတာ  ဖြစ်ပါတယ်။ တကယ်လို့  အာဏာသိမ်းခဲ့ရင်  ရွေးကောက်ခံအစိုးရတစ်ရပ်တော့  ရှိနေမှ  ဖြစ်မယ်ဆိုတဲ့နိုင်ငံရေးအရွေ့ကို တချို့သောပြည်သူတွေက  တွက်ချက်ပြီး  ဖြစ်ပါတယ်။ ( လက်ရှိအချိန်မှာ  အဲ့ဒီအချိန်တုန်းက NO VOTE  အော်ခဲ့တဲ့   ဆယ်လီတွေရဲ့သွေးဆောင်ဖြားယောင်းမှုက  မှန်သလား ၊  ပြည်သူတွေရဲ့ NLD ကို  မဲဝိုင်းထည့်မယ်ဆိုတဲ့အကြံအစည်က  မှန်သလားဆိုတာ သိနိုင်တယ် ) 

၂၀၂၀  ခုနှစ်  အထွေအထွေရွေးကောက်ပွဲအပြီးမှာ   စစ်ကောင်စီ နှင့် သူ့၏လက်ကိုင်ဒုတ် (၃၄)  ပါတီတို့ဟာ  ဘယ်လိုမှ  အခြေအနေ  မဟန်တာကြောင့်   အာဏာလက်မလွတ်ချင်တဲ့စစ်ကောင်စီဟာ အာဏာမသိမ်းဘူးဟု   မှတ်ယူလို့မရဘူးဆိုတဲ့စကားတွေ  စပြောလာသလို  ၊  လမ်းမတွေပေါ်မှာ  အာဏာသိမ်းဖို့   စစ်ရေးပြင်နေပြီ  ဖြစ်ပါတယ်။(စစ်ကောင်စီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး သူ့အား သမ္မတနေရာပေးဖို့တောင်းတာတို့  ၊ ကာချုပ်နေရာ သက်တမ်းထက်တိုးပေးဖို့တောင်းဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုတဲ့အကြောင်းကတော့  အာဏာသိမ်းမှုအထမြောက်ပြီးမှ  ပေါ်ထွက်လာတဲ့သတင်း တွေလည်း  ရှိပါတယ် )

အဲ့သည်လို  စစ်ရေးပြတာကို  လူမှုပလက်ဖောင်းပေါ်မှာ "သိမ်းရဲသိမ်းကြည့်"ဆိုပြီး  ကြိမ်းမောင်းတဲ့ ပြည်သူတွေရဲ့အသံကို  စစ်ကောင်စီဟာ  အရမ်းကို  လျော့တွက်ခဲ့ပုံရပါတယ် ။(အရင့်အရင်  အာဏာသိမ်းတုန်းကလိုပဲ  နည်းနည်းလောက်  ပစ်ပြပြီး  ခြိမ်းခြောက်လိုက်ရင်  ငြိမ်သွားလိမ့်မယ်လို့   စစ်ကောင်စီက ယူဆသလို၊ ခုလောက် ပြဿနာ ကြီးထွားသွားလိမ့်မယ်လို့လည်း  မထင်ခဲ့ဘူးလို့  တရုတ်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ  စစ်ကောင်စီက  ဝန်ခံခဲ့ပြီး  ဖြစ်ပါတယ် )

၂၀၂၁  ခုနှစ်  ဖေဖော်ဝါရီ   ( ၁  ) ရက်နေ့မှာ  စစ်ကောင်စီဟာ  အာဏာရအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ပါတယ်။ အင်တာနက်တွေ ၊ ဖုန်းလိုင်းတွေ  ဖြတ်တောက်ပြီး  အာဏာသိမ်းလိုက်တာကြောင့်   အစပိုင်းမှာတော့  ပြည်သူတွေဟာ တဒင်္ဂငြိမ်သက်သွားကြတယ် ။ ငြိမ်သက်စွာ နိုင်ငံရေးအခြေအနေအား  အကဲခတ်နေကြတယ်လို့  ဆိုရမယ်ထင်ပါတယ်။ စစ်ကောင်စီက ထည့်တဲ့ ( ၇၂ )  နာရီ ဂျင်း' မိတယ်ဆိုတာကတော့  မဟုတ်ပါဘူး။ ကိုမင်းကိုနိုင် လွတ်သွားတယ်ဆိုတဲ့သတင်းလည်း  ကြားရတယ် ... " ဟ .. ဒါဆိုရင်  မဆိုးသေးဘူး" လို့  တွက်ကြတယ်။ ( ဒါပေမဲ့  အာဏာသိမ်းခံရတဲ့နေ့  ညနေပိုင်းမှာပဲ  ရန်ကုန်မြို့ရဲ့လမ်းတချို့မှာ  ဆန္ဒပြနေကြပြီ  ဖြစ်ပါတယ်။ ဖုန်းလိုင်း ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခြင်းဟာ  ဌာနဆိုင်ရာတွေ လည်ပတ်ဖို့  ခက်ခဲစေတာကြောင့်  ဖေဖော်ဝါရီ (  ၃  ) ရက်နေ့  မနက်ပိုင်းမှာ  ဖုန်းလိုင်း ပြန်ဖွင့်ပေးပြီ  ဖြစ်ပါတယ် ။ ရန်ကုန်မြို့မှာ  (  ၃  ) နေရာလောက်ဆန္ဒပြနေပြီလို့   သိရတယ် ။ ခန့်မှန်းအင်အား  ၁၅၀၀၀ ရှိမယ်ဆိုပါတယ် )

( ၄ ) ရက်နေ့မှာ စည်ပင်ဧည့်ရိပ်သာမှာ ပိတ်မိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က  အငတ်ခံ ၊ အသေခံဆန္ဒပြမယ်  လုပ်နေကြလို့ .... ပြည်သူတွေ အာရုံစိုက်လာတာကို  မလိုလားတဲ့စစ်ကောင်စီဟာ  ရွေးကောက်ခံကိုယ်စားလှယ်တွေကို  စည်ပင်ဧည့်ရိပ်သာက  မထွက်ရင်  ရိုက်နှက်၊ပစ်ခတ်ပြီး  နှင်ထုတ်မယ် ​ဆိုပါတယ် ။ 

လွှတ်တော်ကိုယ်စားလှယ်တွေကို  လွတ်ရာကျွတ်ရာ  ပြေးဖို့ ၊ အသက်မသေရင်   ဆက်လုပ်လို့ရသေးကြောင်း  ပြည်သူတွေက  ဝိုင်းဝန်းဖြောင်းဖျကြတယ် ။ ( ၄ ) နေ့ရက်ရဲ့  ညနေပိုင်းမှာပဲ   CRPH  ဆိုပြီး  ဖွဲ့လိုက်ကြတယ် ။ (  စစ်ကောင်စီဖက်တော်သားများဟာ  ၎င်းအပေါ်မှာ  ရယ်ပွဲ ဖွဲ့ကြလေရဲ့  ၊   ဒါပေမဲ့  ရွေးကောက်ခံကိုယ်စားလှယ်တွေကို   အဲ့သည်လို လွှတ်ပေးလိုက်တာဟာ  စစ်ကောင်စီကိုအကြီးအကျယ်  နောင်တရစေခဲ့တယ်ဆိုရင်  မှားမယ် မထင်ဘူး )

တဖြည်းဖြည်းနဲ့   မြို့ကြီးတွေမှာ   စုဝေးပြီး ဆန္ဒပြတာများများလာ တာတွေ့ခဲ့ရပါတယ် ။  ပြည်သူတွေဟာ  ငြိမ်သက်စွာ  ဆန္ဒပြနေကြဆဲသာ  ဖြစ်ပါတယ်။ 
ပြည်သူတွေဖက်က တောင်းဆိုတာ (  ၂ ) ချက်တည်းသာ ဖြစ်ပါတယ် ။အဲ့ဒီအချိန်တုန်းက ဆန္ဒပြပြည်သူတွေဟာ များများစားစား တောင်းဆိုခဲ့တာမျိုးတော့  မဟုတ်ပါဘူး။

( ၁  ) အမေစု ၊ သမ္မတကြီး  နှင့် ဖမ်းဆီးထိန်းသိမ်းထားသောခေါင်းဆောင်များ  ချက်ချင်းလွှတ် ...

(  ၂  ) ဒီမိုကရေစီ  ရရှိရေး  ... ဒို့အရေး  ... အရေးတော်ပုံ  အောင်ရမည်တို့ ဖြစ်ပါတယ်။

နေပြည်တော် ၊ သပြေကုန်းအဝိုင်းဆန္ဒပြပွဲမှာ  မမြသွဲ့သွဲ့ခိုင်  သေနတ်နဲ့အပစ်ခံရလို့  ကျဆုံးသွားပြီး  ကမ္ဘာ့သတင်းတွေမှာ  ပါလာရာကနေ   ပြည်သူတွေရဲ့    မဟာဗျူဟာ (  ၂ ) ရပ်ဟာ  စတင်လူလွှင့်လှုပ်ရှားလာတာ တွေ့ခဲ့ရတယ် ။

(  ၁  ) တွဲတိုင်းမှာ စက်ခေါင်းရှိတယ် ။
(  ၂   )  နွေဦးတော်လှန်ရေးတို့  ဖြစ်ပါတယ် ။

( ၁ ) "တွဲတိုင်းမှာ  စက်ခေါင်း ရှိတယ်"ဆိုတဲ့   ခွန်အားပေးစကားဟာ   ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတကြီး နှင့်  အထင်ကရ နိုင်ငံရေးခေါင်းဆောင်တွေ  ထိန်းသိမ်းခံထားရလို့  သိမ်ငယ်စရာ မလိုဘူး ၊   ကိုယ်တိုင်ဟာလည်း  ခေါင်းဆောင်တွေဖြစ်တယ်ဆိုတဲ့ မဟာဗျူဟာကျတဲ့ နိုင်ငံရေးသဘောပါတဲ့ စကားတစ်ရပ်ဖြစ်ပါတယ် ။  ( ကိုမင်းကိုနိုင်ဟာ  ၎င်းအချိန်တုန်းက  NUCC မှာ  မပါသေးတာကြောင့်  သူပြောတဲ့စကားကို ပြည်သူ့အသံ၊ပြည်သူ့မဟာဗျူဟာလို့ သတ်မှတ်ရခြင်း  ဖြစ်ပါတယ်။ နောက်ပိုင်းမှာ  GSC  လိုဟာမျိုးဖွဲ့စည်းဦးဆောင်ဖို့  လုပ်ကြတယ် ၊  ပြည်သူက  အဲ့ဒါကို  ရှေ့တန်းတင်  Role  ပေးဆောင်ရွက်တာကို  မလိုလားဘူး ၊ အဲ့ဒါကြောင့်  GSC  ဟာ  နောက်ကွယ်ကနေပဲ   ယနေ့အချိန်ထိ   ဆန္ဒပြပွဲတွေကို  အကောင်အထည် ဖော်ပေးနေကြတာ တွေ့ရတယ် ။ ကိုမင်းကိုနိုင်ရဲ့   တွဲတိုင်းမှာ  စက်ခေါင်း ရှိတယ်ဆိုတဲ့စကားဟာ ( ၆ )လလောက်ထိတော့  အရှိန်ကောင်းကောင်းနဲ့ သက်ရောက်မှု ရှိနေခဲ့တာ  ဖြစ်ပါတယ် ။ )

(  ၂  ) နွေဦးတော်လှန်ရေးဆိုတဲ့စကားရပ်ကို နိုင်ငံရေးအမျှော်အမြင်ရှိတဲ့ပြည်သူအချို့က ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ (  ၂၀ ) ရက်နေ့ဝန်းကျင်လောက်က စတင်ပွဲထုတ်လိုက်တဲ့မဟာဗျူဟာကျတဲ့ စကားရပ်လည်း ဖြစ်ပါတယ်။( နောက်ပိုင်းမှာ  ပြည်သူတွေက  ၂၀၂၁ ခုနှစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများအား  " နွေဦးတော်လှန်ရေး" ဆိုတဲ့  စကားရပ်အသုံးအားခေါ်ဝေါ်သုံးစွဲခြင်းပြုကြလို့   အမျိုးသားညီညွတ်ရေးအစိုးရက  "နွေဦးတော်လှန်ရေး"လို့  သတ်မှတ်ခဲ့တာကိုလည်း  တွေ့ရတယ် )

 "နွေဦးတော်လှန်ရေးမဟာဗျူဟာ"ဟာ   "တွဲတိုင်းမှာ စက်ခေါင်းရှိတယ်"ဆိုတဲ့စကားနဲ့  တပြိုင်တည်းလို  ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ် ၊ အစပိုင်းမှေးမှိန်နေပေမဲ့  ခေတ်ပြောင်းအောင် ခေါင်းပစ်ဆိုပြီး  ဆန္ဒပြပြည်သူကို စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ပစ်ခတ်နှိမ်နင်း ဖြိုခွဲခံခဲ့ရပါတယ် ။ ထိုလုပ်ရပ်အပေါ်မှာ  ပြည်သူတွေဟာ အရမ်းပေါက်ကွဲခဲ့ကြတယ် ၊ အထူးသဖြင့်  လူငယ်တွေပေါ့ ။ 

ထိုသို့ စနိုက်ဘာနဲ့ပစ်ခတ်ဖြိုခွဲခြင်းက  အက်ကြောင်းရာပေးထားခဲ့သော မဟာဗျူဟာမြောက်တော်လှန်ရေးလမ်းကြောင်းပေါ်ကို ဦးတည်ရွေ့လျားသွားစေခဲ့တာလည်း  ဖြစ်ပါတယ်။ Plan - A အလုပ်မဖြစ်တဲ့နောက်မှာ  Plan - B  သို့  ကူးပြောင်းသွားခြင်းလို့  ဆိုနိုင်ပါတယ် ။ တော်လှန်ရေးကဏ္ဍဟာ တဖြည်းဖြည်းနဲ့   ပိုမိုထင်ရှားလာပြီး  ယနေ့အချိန်ထိ  အောင်မြင်ပြီး အလုပ်ဖြစ်နေဆဲ   ဖြစ်ပါတယ် ။ 

တော်လှန်ရေးဆိုတဲ့စကားရပ်ဟာ  အရမ်းကျယ်ပြန့်ပါတယ် ။၎င်းစကားရပ်၏အနက်အဓိပ္ပာယ်ဟာ  အင်္ဂါစုံတဲ့ အစိုးရအဖြစ်   ဖြစ်တည်လာရေး ၊ ပြည်ပနိုင်ငံ/အဖွဲ့အစည်းများ၏ဖိအားများမှ  ကာကွယ်ပေးရေး ၊ ပြည်သူတွေရဲ့ရင်တွင်းစကားများအား ပြည်ပနိုင်ငံများကို ပြောပြနိုင်ရေး ၊ တပ်မတော်ဖွဲ့စည်းရေး ၊ လက်နက်တပ်ဆင်ရေး ၊ တော်လှန်ရေးအင်အားစုများ စည်းလုံးရေး ၊ အာဏာရှင်ဖြုတ်ချရေး စသည့် ကြောင်းရင်းများစွာ ပါဝင်ပါတယ် ။

တော်လှန်ရေးဆိုသော စကားရပ်နဲ့အညီ  ပြည်စုံခိုင်မာသည်ထက်  ခိုင်မာအောင်  တည်ဆောက်နိုင်ခြင်းကလည်း တော်လှန်ရေးခေါင်းဆောင်များနှင့်ဦးဆောင် အဖွဲ့အစည်းများအပေါ် မူတည်နေပြီး  တော်လှန်ရေး၏အောင်မြင်ရာ အောင်မြင်ကြောင်း အထောက်အပံ့ဖြစ်စေမယ်ဆိုတာကိုတော့  ဘယ်သူမှငြင်းကြလိမ့်မယ်  မထင်မိဘူး။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့နိုင်ငံရေးအရွေ့  ရွေးချယ်မှုလမ်းကြောင်း  မှန်ကန်ခဲ့ခြင်း၏အကျိုးကျေးဇူးဟာ  နွေဦးတော်လှန်ရေးအား များစွာအထောက်အကူ ပြုစေခဲ့တာ ဖြစ်ပါတယ် ။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအားဆန့်ကျင်သော နွေဦးတော်လှန်ရေးမဟာဗျူဟာအရွေ့ကနေ   NUCC ၊ CRPH ၊ NUG ၊ PDFs  ဆိုပြီး  ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့ပါတယ် ။ ယနေ့အချိန်ထိတော့   အရှိန်အဟုန် ကောင်းကောင်းနဲ့ အောင်မြင်နေဆဲ  ဖြစ်တယ်လို့  မှတ်ချက်ပေးလို့ရမယ်  ထင်ပါတယ်။

သို့ပေမဲ့   အဲ့သည်လို အောင်မြင်မှုလေးရလာဖို့အတွက်  တဖက်မှာလည်း အသက်တွေ ၊ ဘဝတွေ ၊ အနာဂတ်တွေ ၊ အိုးအိမ်စည်းစိမ်တွေနဲ့  ယနေ့အချိန်အထိ  ပေးဆပ်ရင်းနှီးထားရတာကိုတော့   ရင်နာနာနဲ့ ပြောရမှာ ဖြစ်ပါတယ် .. 😢


စစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့်   တိုင်းရင်းသားလက်နက်ကိုင်တွေ  အခြေချကြတဲ့  ပြည်နယ်တွေဖက်ကို  CRPH  လွှတ်တော်ကိုယ်စားလှယ်တွေ နှင့် လက်နက်စွဲကိုင်တော်လှန်မှကို ဖြစ်တော့မယ်လို့  သံဓိဌာန်ချထားတဲ့လူငယ်၊လူရွယ်တွေ  တိမ်းရှောင်သွားခဲ့ခြင်းဟာ   "နွေဦးတော်လှန်ရေး" ရဲ့  ဒုတိယတစ်ဆစ်ချိုး  အပြောင်းအလဲလို့   ယူဆမယ်ဆိုက  ယူဆလို့ရနိုင်မယ်  ထင်ပါတယ်။

တိမ်းရှောင်သွားခဲ့ကြတဲ့ CRPH လွှတ်တော်ကိုယ်စားလှယ်တွေက  NUG အစိုးရကို  မွေးဖွားပေးလိုက်သလို    စစ်ပညာသင်ဖို့  သွားရောက်ကြတဲ့လူငယ်လူရွယ်တွေဟာလည်း  PDFs အနေနဲ့  ပြန်လာခဲ့ကြတာ ဖြစ်လို့ပါပဲ။


NUG  တစ်ခုတည်းဆိုရင်တော့  စစ်ကောင်စီဖက်ကပြောခဲ့သလို  "လေထဲကအစိုးရ" ဆိုတာမျိုး  ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့   NUG  နှင့် PDFs တွဲလိုက်တဲ့အခါမှာတော့   လေထဲက အစိုးရမဟုတ်တော့တာကို  စစ်ကောင်စီကိုယ်တိုင်က လက်ခံလာရတဲ့အခြေ ဆိုက်ရောက်ခဲ့ရတာ အများသိဖြစ်မှာပါ။PDFs များသည်လည်း NUG ရဲ့ အကာအကွယ်အား အပြန်အလှန်ရရှိတာကြောင့် တပ်မတော်အသွင်သဏ္ဍာန် ဖြစ်ထွန်းလာခဲ့ရခြင်း ဖြစ်ပါတယ်။

ပြည်သူအများစုက ထောက်ခံ၊အားပေးတဲ့အဖွဲ့အစည်းတွေဖြစ်တာကြောင့်လည်း  CRPH , NUCC , NUG နှင့်  PDFs တို့ ကြိုးစားမှုကအရာပိုရောက်တာလည်း ပါပါတယ်။

ပြည်နယ်တွေကို  နွေဦးတော်လှန်ရေးမှာ  ပူးပေါင်းပါဝင်ပေးကြဖို့  တောင်းဆိုကြတဲ့အခါမှာ  ပြည်နယ်တွင်နေထိုင်ကြသောပြည်သူများဖက်က  တောင်းဆိုတာ (  ၃  )ချက်ဖြစ်ပါတယ်။

(  ၁  ) ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး
(   ၂  ) ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး
(  ၃  ) ဖက်ဒရယ်အာမီဖွဲ့စည်းရေးတို့  ဖြစ်ပါတယ်။

ပထမတောင်းဆိုချက်ဖြစ်တဲ့  ၂၀၀၈ ခြေဥကိုတော့  CRPH လွှတ်တော်ကပဲ  ခေါင်းခံပြီး ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ 
ဒုတိယတောင်းဆိုချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ​ တောင်းဆိုမှုကြောင့်  NUCC အဖွဲ့  ထပ်ဖွဲ့စည်းတယ်၊မျိုးနွယ်စုတွေကြား  ရင်ကြားစေ့တယ်၊ဖက်ဒရယ်ပဋိညာဉ် ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။

တကယ့်တကယ်တော့  ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး တောင်းဆိုတယ်ဆိုလို့လည်း အထူးအဆန်းကြီးတော့လည်း  မဟုတ်ပါဘူး။ ဦးအောင်ဆန်းနှင့်အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ လုပ်ကြံခံရပြီးနောက်   ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အကောင်အထည်ဖော်ခွင့်မရလိုက်ဘဲ ပျက်ပြယ်သွားခဲ့ရတဲ့ဖက်ဒရယ်ပြည်ထောင်စုကို  တောင်းဆိုခြင်းမျိုးပါ။ ဘာပဲဖြစ်ဖြစ် ဖက်ဒရယ်ပဋိညာဉ်ရေးဆွဲအတည်ပြုနိုင်ခဲ့ခြင်းဟာ  ပြည်နယ်တွေရဲ့အောင်ပွဲတစ်ရပ်လို့  တင့်စားပြောလို့ရမယ် ထင်ပါတယ်။

သို့ပေမဲ့  တတိယအချက်ဖြစ်တဲ့  ဖက်ဒရယ်အာမီပေါ်ပေါက်လာရေးကတော့   ခုချိန်ထိ  ဖြစ်ပေါ်မလာသေးတာ တွေ့ရပါတယ်။

စစ်ကောင်စီနှင့်တိုင်းရင်းသားလက်နက်ကိုင်တွေကြားက   NCA  ကြောင့်လား ??

ကိုယ်ကျိုးစီးပွားတွေကြောင့်လား ??

လူမျိုးစုတွေကြားက မတူညီတဲ့အတွေးအခေါ်တွေ  ခုချိန်ထိ ညှိမရဖြစ်နေဆဲလား ??

စစ်ရေးလျှို့ဝှက်ချက်လား ??  

တော်လှန်ရေးပြီးမှ  အကောင်အထည်ဖော်မဲ့အစိပ်အပိုင်းမျိုး ဖြစ်တာကြောင့်လား ?? ဆိုတာတော့  ခုချိန်ထိ မသိရသေးပါဘူး ။ 

သို့ပေမဲ့   တိုင်းရင်းသားလက်နက်ကိုင်တွေဟာ  စစ်အာဏာရှင်ကို  တိုက်ထုတ်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့တော့  နွေဦးတော်လှန်ရေးကို  တဖက်လှည့်နဲ့ ကူညီနေကြတာမျိုးတော့   တွေ့ရပါတယ် ။ တခြားသော အကူအညီတွေလည်း အများကြီးပေးနေတာ တွေ့ရပါတယ်။ လိုအပ်လာပါက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ  အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) အသာစီးရဖို့   တိုင်းရင်းသားလက်နက်ကိုင်တွေနှင့်ပြည်နယ်ဖက်ကနိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး  ထောက်ခံပေးဖို့လည်း လိုအုံးမယ်  ထင်ပါတယ်။

(  NLD ၊ CRPH ၊ NUG ၊ NUCC ၊ EAOs ၊ PDFs ၊ LDFs  တွေကြားက ဆက်ဆံရေးအခြေအနေနှင့်အတွင်းရေးကိစ္စတွေ  မိမိတို့အနေနဲ့ မသိလို့   များများစားစားပြောဖို့ မရှိပါဘူး )

ပြည်သူတွေဖက်ကတော့  ပေးဆပ်ထားရတဲ့အရင်းအနှီးတွေက  အရမ်းကိုကြီးမားနေခဲ့ပြီဆိုတော့ တွေဝေနေဖို့ အချိန်မရှိပါဘူး ၊ ဒီပွဲက အနိုင်တိုက်မှကို  ဖြစ်မှာပါ။


မျိုးနွယ်စုတွေကြား စည်းလုံးကြမယ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စည်းလုံးကြမယ် ၊ လက်နက်ကိုင်ထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စည်းလုံးကြမယ် ၊ ပြည်သူတွေကြား စည်းလုံးကြမယ် ၊  အားလုံး စိတ်တူကိုယ်တူ ရှိကြမယ်ဆိုရင်  နွေဦးတော်လှန်ရေးဟာ  အမြန်အောင်နိုင်ဖို့  ပိုနီးစပ်မှာပါ။

တို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ်ကြမယ်ဆိုရင် နွေဦးတော်လှန်ရေးအောင်မြင်တဲ့နေ့ "အမျိုးသားလွတ်မြောက်ရေးနေ့"ဟာ မလွဲမသွေ  ရောက်လာမှာပါ ။

myanmar society 🇲🇲


မြန်မာပြည်သူပြည်သားများ  စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်း ရှိကြပါစေ ~~


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း