တော်လှန်ရေးဆေးလုံးနီ
ဘားမားထရစ်နီတီ - ၁
မက်ထရစ်ရှင်ပြန်ထမြောက်ခြင်း (The Matrix Resurrections) ဇတ်ကားသစ်ရုံတင်ခဲ့တယ်။ နွေဦးတော်လှန်ရေး၏ မျိုးဆက်သစ်တွေဖြစ်သည့် ဂျင်းဇီးတွေကို ၁၉၉၆ ခုနှစ်က စတင်မွေးခဲ့သူများဟု သတ်မှတ်သဖြင့် ရှေ့မှာရှိသော မက်ထရစ်ဇတ်ကား( ၃ )တွဲကို သူတို့သိပ်သတိထားမိကြမည်မဟုတ်။ ပထမဦးဆုံးကား မက်ထရစ် (The Matrix) က ၁၉၉၉ တွင်ထွက်ပြီး ကျန်သည့် ၂ကားက ၂၀၀၃ တွင် ထွက်ခဲ့သည့်အတွက် ဖြစ်သည်။
မြင့်မြတ်သော သုံးပွင့်တခိုင် (The Holy Trinity)
ခရစ်ရှယန်တွင် ထာဝရဘုရားသခင်ဟူသည် မြင့်မြတ်သောအသွင် ( ၃ )ခု တခုတည်းဖြစ်ပေါ်နေမှုကိုဆိုလိုသည်။ အဖဘုရားသခင် (God the father)၊ ဘုရားသခင်သားတော် (God the son - ခရစ်တော်ကိုဆိုလိုခြင်းဖြစ်) နှင့် ဘုရားသခင် မြင့်မြတ်သော ဝိဉာဏ်တော် (God the holy spirit) တို့ဖြစ်သည်။ ဒီသဘောကိုမှီးပြီး ပြင်သစ်ပိုမို ဒဿနပညာရှင် ယန်းဘိုးဒရီးယာ (Jean Baudrillard) က ပို့စ်မော်ဒန်ခေတ်လူသားတွင်လည်း အသွင်သဏ္ဍန်( ၃ )ခု တပေါင်းတည်းဖြစ်ပေါ်နေခြင်းကို ရှင်းပြသည်။ ထိုအရာတွေက ကွန်ပြူတာဆော့ဖ်ဝဲဖြင့် ဖန်တီးတည်ဆောက်ပုံဖော်ထားခြင်း (Simulation - ဆင်မျူလေးရှင်း)၊ အတွင်းသို့ဝင်ရောက်မြုံကွဲခြင်း (Implosion - အင်ပလိုးရှင်း) နှင့် အမှန်ထက်ပိုပြီးလွန်ကဲမှန်ကန်မှု (Hyperreality - ဟိုက်ပါရီရယ်လတီ) တို့ဖြစ်သည်။
ဘိုးဒရီးယာ ဆိုလိုချင်သည်က ကမ္ဘာကြီးသည် ဘူဇွာအရင်းရှင်တွေ ထိန်းချုပ်ထားသည့် မော်ဒန်ခေတ်၏ စက်မှုအခြေခံထုတ်လုပ်မှု (Production) မှသည် မိုဒယ်တွေ (Models)၊ ကုဒ်တွေ (Codes)၊ ဆိုက်ဘာနက်တစ်တွေ (ကွန်ပြူတာအခြေခံတွက်ချက် အလိုအလျောက်လုပ်ဆောင်မှု) ဖြင့် လွှမ်းခြုံတည်ဆောက်ထားသည့် သတင်းတွေ (Information)၊ အမှတ်အသားလက္ခဏာတွေ (Signs) တွေ ကြီးစိုးထိမ်းချုပ်သည့် ပိုမို (ပို့စ်မော်ဒန် - Postmodern) ခေတ်တွင်းကိုရောက်ရှိလာခဲ့ပြီဟု ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် တင်ပြခဲ့သည်။ တနည်းအားဖြင့် သတ္တုအခြေခံထုတ်လုပ်မှုလူ့အဖွဲ့အစည်း မှသည် သတင်းအခြေခံ လူ့အဖွဲ့အစည်းတခုအတွင်း ဝင်ရောက်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ (မှတ်ချက်။ အလျှင်းသင့်သဖြင့် ပြောလိုသည့်အချက်တခုမှာ ကားလ်မာ့က်စ်က ကုန်ထုတ်လုပ်မှုပုံစံ - Mode of Production ကိုထိန်းချုပ်ထားမှုဆိုသည့် သဘောတရားသည် မော်ဒန်ခေတ်အထိပဲမှန်သည်။ ပိုမိုခေတ်တွင် Mode of Information က ပိုအခရာကျလာသည်ဟု ဆိုသည့် ပို့စ်မာ့က်စ်သဘောတရားတွေ ပေါ်ထွက် လာသည်။ သို့သော် လက်ရှိအနေအထားတွင် သတင်းထိန်းချုပ်မှုကိုရဖို့ ပုဂ္ဂလိက (Private) သည် နိုင်ငံတော် (State) ကို ဘက်ပေါင်းစုံက သွေးတိုးစမ်းခြောက်လှန့်နေတာကို တွေ့ရသည်။)
လူတွေ၏နေ့စဥ်လူနေမှုဘဝသည် သတင်းများ၊ သတင်းပုံစံအချက်အလက်မှားမှန်များဖြင့် ဖန်တီးတည်ဆောက်ပြုပြင်စီရင်ခြင်း (ဆင်မျူလေးရှင်းလုပ်ခြင်း) ကိုခံရသည်။ (မှတ်ချက်။ သူ့စာအုပ် ထွက်စဥ်က ကနေ့ခေတ်စားသည့် လူမှုကွန်ယက်တွေဖြစ်သည့် ဖေ့ဘွတ်ခ်တို့၊တွစ်တာတို့မပြောနှင့် မိုဘိုင်းဖုန်းပင် မထွက်ရှိသေး)
ခုခေတ် လူမှုကွန်ယက်က ပို့စ်တွေနှင့်သူပြောခဲ့တာတွေယှဥ်ကြည့်လျှင် အခြေအနေတွေကို ကောင်းစွာမြင်သာမည်ဖြစ်သည်။ ကွန်ပြူတာဆော့ဖ်ဝဲ၊ စက်ဥာဏ်ရည် (မှတ်ဥာဏ်တု - အေအိုင် - AI – Artificial Intelligence) တို့ဖြင့်ဖန်တီးပြုပြင်စီရင်ထားသည့် သတင်းတွေက ကမ္ဘာလောကထဲ၊ လူတွေရဲ့ လူမှုဘဝတွေထဲ ဝင်ရောက်လည်ပတ်နေသည်။ ထိုသတင်းအချက်အလက်မှားမှန်တွေက ပြင်ပကို ပေါက်ကွဲထွက်လာတာမျိုးဆိုတာထက် ကိုယ်တွင်းမှာ (အတွင်းကိုဝင်ရောက်) မြုံပြီးပေါက်ကွဲထွက်ကျ (အင်ပလိုးရှင်းဖြစ်) နေသည်။ အဲဒါကို ပြင်ပတကယ့် လက်တွေ့ဘဝလို အစစ်အမှန်မဟုတ်ပဲ အတုအယောင်ဟု ဘိုးဒရီးယာ က မပြောပဲ တကယ့်အစစ်ထက်ပိုပြီးစစ်မှန်မှု (ဟိုက်ပါရီးရဲ) လို့ ဆိုခြင်းပင်ဖြစ်သည်။ အချုပ်ဆိုရသော် နေ့စဥ် လူ့ဘဝသည် စက်ကထုတ်လုပ်ပြုပြင်ဖန်တီးထားသည့် သတင်းတွေအတွင်းလည်ပတ်ရင်း အတွင်းကြိတ် အုံခဲလာသည့် ခံစားချက်များနှင့် အစစ်အမှန်ထက် သာလွန်သည့် စစ်မှန်မှုသဘောကိုခံစားနေရသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဘိုဒရီယာရဲ့ ဆင်မျူလေးရှင်းက ရုပ်ရှင်ကား မက်ထရစ်ရဲ့ ဆင်မျူလေးရှင်းနဲ့တော့မတူ။ မက်ထရစ်တွင် လူတွေရဲ့ ကမ္ဘာလောကတွင်း နေ့စဥ်လုပ်ကိုင်ဆောင်ရွက်နေသည့် တကယ့်ဖြစ်ရပ်တွေမှာ တကယ့်ဖြစ်ရပ်မှန် တွေမဟုတ်။ ကွန်ပြူတာစနစ်တခုဖြင့် ဖန်တီးပုံဖော်ထားမှုဖြစ်သည်။ (လက်တွေ့လောကသည် မက်ထရစ်လို့ ခေါ်သည့် စနစ်တခုဖြင့် ဖန်တီးပုံဖော်ထား ဆင်မျူလေးရှင်းလုပ်ထားခြင်းဖြစ်သည်။ လူသည် လူ့ဘဝ၏ တကယ့်စစ်မှန်မှုကို ဖျောက်ဖျက်ခံထားရပြီး စက်ဥာဏ်ရည်၏ ပုံဖော်တည်ဆောက်ထားမှုနှင့် ချုပ်နှောင်ထားမှုအတွင်း ကျရောက်နေပြီဟု ဆိုလိုသည့်သဘောဖြစ်သည်။ အခုကြုံတွေနေရသည့် ဘဝသည် တကယ့်ဘဝမဟုတ် စက်ဖြင့်ဖန်တီး ဆင်မျူလေးရှင်းလုပ်ထားမှုဟု ဆိုလိုခြင်းဖြစ်သည်)
မဖြစ်နိုင်တဲ့ သုံးပွင့်ဆိုင်
အရင်းစနစ်နိဂုံးကို ရေးခဲ့စဥ်က ငွေရဲ့သုံးပွင့်ဆိုင်သဘောတရား (The Impossible Trinity) ကိုတင်ပြခဲ့သည်။ ထိုသဘောတရားက နိုင်ငံတနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း (Exchange Rate)၊ နိုင်ငံတွင်းကို ဝင်ရောက်လာသည့် ငွေရင်းစီးဆင်းမှု (Foreign Capital Flow) နှင့် နိုင်ငံရဲ့ လွတ်လပ်တဲ့ငွေကြေးပေါ်လစီ (Monetary Policy) သုံးခုစလုံးကို တပြိုင်နက်မထိမ်းချုပ်နိုင်ဆိုတာဖြစ်သည်။ ဒီတော့ နိုင်ငံတနိုင်ငံက သူ့ငွေကြေးပေါ်လစီကို သူ့သဘောအတိုင်းဖော်ဆောင်လိုတယ် (ထိန်းချုပ်တာကိုပြောချင်တာ) ဆိုရင် အဲဒါနဲ့အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမယ့် တိုင်းပြည်ထဲကိုစီးဝင်လာမယ့် ငွေကြေး (ဥပမာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လိုဟာမျိုး) ကို ထိန်းဖို့မဖြစ်နိုင်ဆိုတာဖြစ်သည်။
ဒါမှမဟုတ် နိုင်ငံခြားကဝင်လာမယ့်ငွေစီးဆင်းမှုကို ထိန်းထားမယ်၊ ငွေလဲနှုန်းကိုလည်းထိမ်းချုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ ငွေကြေးပေါ်လစီကို လွှတ်ထားပေးရမယ်လို့ဆိုလိုသည်။ ပေါ်လစီနဲ့ နိုင်ငံခြားငွေကို ထိမ်းချုပ်မယ်ဆိုရင် ငွေလဲနှုန်းကိုလွှတ်ပေးရမယ်ဆိုတဲ့သဘောဖြစ်သည်။( ၃ )ခုစလုံးကို မထိမ်းချုပ်နိုင်။ ဒါကို ငွေကြေးရဲ့ မဖြစ်နိုင်တဲ့ သုံးပွင့်ဆိုင် သဘောတရားလို့ ဆိုလိုခြင်းဖြစ်သည်။ သည်သဘောကိုယူပြီး မြန်မာနိုင်ငံရေးစီးဆင်းမှုနှင့် လက်ရှိအခြေအနေကို သုံးသပ်ကြည့်လို့ရသည်။
ဘားမားထရစ်နီတီ - ၂
မြန်မာ့နိုင်ငံရေးသုံးပွင့်ဆိုင် (The Burma’s Impossible Trinity)
မြန်မာနိုင်ငံရေးတွင် လွတ်လပ်ရေးရပြီးသည်မှ ခုအချိန်အထိ လူထုအပေါ်လွှမ်းမိုးဖို့ ကျိုးစားသည့် သဘောတရား( ၂ )ခုနှင့် လူထုယုံကြည်လာသည့် သဘောတရား( ၁ )ခု စုစုပေါင်း( ၃ )ခုရှိတာကိုတွေ့ကြရမည်။ ပထမ( ၂ )ခုတွင် တစ်ခုမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (ယခုအလို ဖက်ဒရယ်ပြည်ထောင်စု) နှင့် နောက်တခုမှာ အနုနည်းဖြင့်ဆိုသော် စစ်တပ်ကနိုင်ငံရေးတွင်ဦးဆောင်ပါဝင်မှုဖြစ်ပြီး အကြမ်းနှင့် အရင်းအတိုင်းပြောရသော် စစ်အာဏာနှင့်ဖိနှိပ်အုပ်ချုပ်မှုစနစ် ဖြစ်သည်။ လူထုလက်ခံသဘောကျသည့် အုပ်ချုပ်သည့်ပုံစံက လူထုအများဆန္ဒ၊ လွတ်လပ်ခွင့်၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ဒီမိုကရေစီဖြစ်သည်။
အားလုံးစုစည်းပြီး တိုတိုပြောရသော် ဖက်ဒရယ်ပြည်ထောင်စု၊ စစ်အာဏာရှင်စနစ် နှင့် ဒီမိုကရေစီ ဖြစ်သည်။ ဒီ( ၃ )ခုစလုံးကိုက်ညီသည့် အုပ်ချုပ်မှုစနစ်မရှိ။( ၃ )ခုမှာ( ၂ )ခုပဲ အလွန်ဆုံးဖြစ်ခဲ့သည့် သဘောတရားကို သမိုင်းအရ ခုလိုတွေ့နိုင်မည်ဖြစ်သည်။
၁။ ဒီမိုကရေစီ (လွတ်လပ်ရေးရပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက်အားထုတ်ခြင်း)။ ၁၉၄၈ - ၁၉၅၈ - ၁၉၆၂။ ဒီပုံစံမှာ စစ်အာဏာရှင်စနစ်မပါ။
၂။ တပြည်ထောင်ပုံစံ (ပြည်ထောင်စုပြိုကွဲမည့် အကြောင်းပြချက်ဖြင့် ၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်းအခြေအနေ၊ ဖက်ဒရယ်မဟုတ်၊ စစ်တပ်နိုင်ငံရေးဦးဆောင်မှုကို ပါတီပုံစံဖြင့်ရယူခြင်း)။ ၁၉၆၂ - ၁၉၈၈။ ဒီပုံစံမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီမရှိ။
၃။ စစ်အာဏာရှင်စနစ် (၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး စစ်တပ်မှတိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခြင်း)။ ၁၉၈၈ - ၂၀၁၀။ ဒီပုံစံမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီမရှိ။
၄။ ဒီမိုကရေစီ (စစ်တပ်နိုင်ငံရေးဦးဆောင်မှုကို ပါတီပုံစံဖြင့်ရယူခြင်း)။ ၂၀၁၀ - ၂၀၁၅။ ဒီပုံစံမှာ ဖက်ဒရယ်မပါ။ ဖက်ဒရယ်အတွက် ငြိမ်းချမ်းရေးကို NCA ဘောင်ထဲထဲ့သွင်းတည်ဆောက်။
၅။ ဒီမိုကရေစီ (စစ်တပ်မှနိုင်ငံရေးလွတ်လပ်ခွင့်ကို အခြေခံဥပဒေဖြင့်ထိမ်းချုပ်ခြင်း)။ ၂၀၁၅ - ၂၀၂၀။ ဒီပုံစံမှာလည်း ဖက်ဒရယ်မပါ။ အစိုးရမှ NCA ဘောင်ကိုဆက်လက်လက်ခံသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ စစ်တပ်ကိုရည်ရွယ်ပြုလုပ်သလိုဖြစ်ပြီး ပြည်ထောင်စုသဘောတရားထဲ ဆက်လက် မျောပါ။
၆။ စစ်အာဏာရှင်စနစ် (၂၀၂၁ စစ်အာဏာသိမ်းအပြီး)။ ၂၀၂၁ - နောက်ပိုင်း .....
နံပါတ် ( ၄ )နှင့်( ၅ )တွင်စစ်တပ်နိုင်ငံရေးဦးဆောင်မှုမှ တဆင့်ချင်းဆုတ်ခွာမည်ဟု ယူဆခဲ့ကြသည့် ဒီမိုကရေစီသို့ သွားသည့် ကြားကာလဆိုသည်မှာ ထင်ယောင်မှားမှုတခုဖြစ်သည်ဟု ယခုနံပတ်( ၆ )အဆင့်တွင် စစ်တပ်က သက်သေပြခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးမှ တည်ငြိမ်စွာဆုတ်ခွာခွင့်တခုလုံးကိုလည်း ပျောက်ဆုံးစေခဲ့သည်။ တနည်းအားဖြင့် ဆိုသော် စစ်ဘက်အရပ်ဘက်ဆက်ဆံရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများစသည့် နိုင်ငံရေးသဘောတရားများ အားလုံးကို စစ်တပ်ဘက်မှ ပြည်ဖုံးကားချပြလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေများနှင့် ဖြစ်ထွန်းမှုများအားလုံး၊ လူထုမျှော်လင့်ချက်များအားလုံးကို မျက်ကွယ်ပြုလိုက်ခြင်းလည်းဖြစ်သည်။
ယခုအဆင့်( ၆ )ဆင့်စလုံးကို ကြည့်ပါက စစ်တပ်က ပြည်ထောင်စုသဘောတရားအမှားကို လက်နက်အားကိုးဖြင့် တည်ဆောက်ထားခဲ့ခြင်း၏ရလဒ်ကို လွတ်လပ်ရေးရပြီး မြန်မာတနိုင်ငံလုံး ခံစားခဲ့ကြရသည့် သဘောဖြစ်သည်။ သို့သော် ထိုသဘောတရားအမှားကို မြန်မာလူထု (တိုင်းရင်းသား လူမျိုးစုများမပါ) က ပုံမှန်ဟုထင်မှတ်လက်ခံထားခဲ့ကြသည်မှာ နံပါတ် ( ၂ ) မှ နံပါတ် ( ၅ )အထိတိုင်ဖြစ်သည်။ အဲဒီလို ပုံမှန်လို့ထင်မှတ်ထားခြင်းကိုပဲ ဗမာလူမျိုးကြီးဝါဒလို့ ဆိုလိုခြင်းဖြစ်သည်။
ကြား ၂ ကြားကို ဖြတ်တောက်ခြင်း
ဖက်ဒရယ်၊ ဒီမိုကရေစီ နှင့် စစ်အာဏာရှင်စနစ်ဆိုသည့် နိုင်ငံတော်အတွက် သဘောတရား( ၃ )ခုတွင် လူထုရွေးချယ်လိုသည့် နိုင်ငံရေးစနစ်မှာ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုဖြစ်သဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီကိုရွေးချယ်ခြင်းပဲဖြစ်သည်။
👉👉လူထုကရွေးချယ်သည့် ထိုနှစ်ခု(ဖက်ဒရယ်၊ဒီမိုကရေစီ)နှင့် စစ်အာဏာရှင်ကြားတွင် ဖြတ်တောက်ပစ်ရမည့် ကြားခံဆက်ထုံးတွေရှိသည်။ ဖက်ဒရယ်နှင့် စစ်အာဏာရှင်ကြားကဆက်ထုံးသည် အင်စီအေ (NCA) ဖြစ်ပြီး၊ ဒီမိုကရေစီနှင့် စစ်အာဏာရှင်ကြားကဆက်ထုံးသည် ၂၀၀၈အခြေခံဥပဒေဖြစ်တာကို တွေ့ကြရမည်။👈👈
CRPH က ၂၀၀၈ အခြေခံဥပဒေကို ၂၀၂၁ မတ်လတွင် ဖျက်သိမ်းခဲ့သဖြင့် ဧပြီတွင် NUG ဖွဲ့စည်း ပေါ်ပေါက်လာသည်။ သို့သော် အင်စီအေ(NCA )သည် အပစ်ရပ်အီးအေအိုတချို့ (PPST) နှင့် စစ်တပ်အကြား ဆက်လက်တည်ရှိနေသဖြင့် အသစ်ဖြစ်ထွန်းလာသော NUG နှင့် အပစ်ရပ် အီးအေအိုတချို့ကြား အတားအဆီးတခု ဖြစ်နေဆဲဖြစ်တာကိုတွေ့ရသည်။ နောက်ထပ်အတားအဆီးက အီးအေအိုတွေနှင့် NUG ကြားမတည်ဆောက်နိုင်သည့် နိုင်ငံရေးသဘောတူညီချက်ဖြစ်သည်။
တချိန်တည်းမှာပင် အဖြစ်အပျက်များ နိုင်ငံခြားသံတမန်များ၊ အဖွဲ့အစည်းများ ဝင်ရောက်မှုများကြောင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် အလှည့်အပြောင်းများကြားတွင် အီးအေအိုတွေတင်သာမက NUG ဘက်တွင်လည်း စကစ နှင့် ဆွေးနွေးပွဲ မျှော်လင့်ချက်ကို ပြန်လည်ဆုပ်ကိုင်လိုသည့် အရိပ်အရောင်များ စွန်းကွက်လာခဲ့တာကိုလည်း တွေ့ကြရသည်။ သတိရှိဖို့လိုသည်မှာ စစ်တပ်နှင့် အီးအေအိုတွေကြားရမည့် နိုင်ငံရေး သဘောတူညီချက်မှာ အလွန်ဆုံး နံပါတ်( ၄ )ပုံစံဖြစ်ပြီး၊ NUG နှင့် စစ်တပ်အကြားရမည့် နိုင်ငံရေး သဘောတူညီချက်မှာ အလွန်ဆုံး နံပါတ်( ၅ )ပုံစံသာဖြစ်သည်။ သမိုင်း၏ လက်တွေ့အဖြစ်အပျက်များမှ သင်ခန်းစာယူကြရဖို့ဖြစ်သည်။
ဖိနှိပ်ခံတော်လှန်ရေးရှင်သန်ထမြောက်ခြင်း
မက်ထရစ်ပထမရုပ်ရှင်ထဲတွင် မောဖီးရပ်စ် (Morpheus - ဂရိဒဏ္ဍာရီထဲက အိပ်မက်ဘုရားရဲ့ နာမည်ကိုယူထား) က နီယို (မင်းသားကိနူးရိဖ်) ကို ဆေးလုံး၂လုံးထဲက ကြိုက်ရာတလုံးကိုရွေးခိုင်းသည်။ အပြာရောင်ဆေးလုံးက မက်ထရစ်စနစ်ကဖန်တီးတည်ဆောက်ပေးထားမှုထဲ ဘာမှမဖြစ်သလို ပုံစံမပျက် ဆက်လက်နေထိုင်သွားဖို့ဖြစ်သည်။ အနီရောင်ဆေးလုံးက အရှိတရားမှာ ဘာတွေဖြစ်ပျက်နေသလဲ ?? စနစ်က ကိုယ့်အပေါ် ဘယ်လိုလှည့်ဖျား ဖိနှိပ်အကျဥ်းကျခံစေခဲ့သလဲ ?? သိလာအောင်ကျိုးစားရင်း ရင်ဆိုင်တိုက်ပွဲဝင်သွားဖို့ ဖြစ်သည်။ ဆေးလုံးတခုကိုသောက်ဖို့ဖြစ်သည်။
၈၈ က ဆေးလုံးအနီတွေကိုသောက်ခဲ့ကြတဲ့ တော်လှန်ရေးသမားတွေသည်ပင် မကြာသေးခင်က ဆေးလုံးအပြာကိုလျှာနဲ့သပ်ရင်း အမျိုးသားနိုင်ငံရေးတို့၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးတို့၊ ခုခံစစ်ကို အကြမ်းဘက်ဝါဒနဲ့ပုံဖျက်ဖို့ကျိုးစားတာတို့ လုပ်လာခဲ့ကြသည်။ သို့သော်လူထုက သူတို့ကို ထားရစ်ခဲ့ကြပြီး ဖြစ်သည်။ ၈၈ တွင် လမ်းပေါ်ဆန္ဒပြပွဲအပြီးရပ်တန့်ခဲ့ကြသည့် လူထုသည် ၂၀၂၁တွင် လက်နက်ကိုင် တော်လှန်ရေးအထိ ဆက်လက်လိုက်ပါ တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
တော်လှန်ရေးအောင်မြင်ဖို့အတွက် အလှည့်အပြောင်းတချို့နဲ့ အင်အားတချို့ကို လိုအပ်နေဆဲဖြစ်သည်။ အရေးပါသည့် အလှည့်အပြောင်းများကို ဖော်ဆောင်နိုင်သည့် အီးအေအိုတချို့ ၊ NUG ခေါင်းဆောင်တချို့ နှင့်မိတ်ဆွေတို့ကော ဆေးလုံးနီပြာတွေကြား ဝေခွဲမရဖြစ်နေကြဆဲလား??
တိုင်းပြည်ရဲ့အခြေခံလူထုတခုလုံးနှင့်အနာဂတ်မျိုးဆက်သစ်က တော်လှန်ရေးဆေးလုံးနီကို မြိုချထားကြတဲ့ အချိန်မှာ........
Kyaw Zaaw Khine