တော်လှန်ရေး( ၂ )နှစ်ပြည့် စစ်ရေးအခြေအနေ
မိမိတို့အနေနဲ့ စစ်ရေးနဲ့ပက်သက်လို့ သိပ်မသိသလို မကျွမ်းကျင်တာကြောင့် မရေးဖြစ်ခဲ့ပါဘူး။တော်လှန်ရေး ( ၂ )နှစ်ပြည့်မှာ ကိုယ်မြင်သလောက်၊နားလည်မိသလောက်လေး ရေးပြရခြင်းဖြစ်ပါတယ်။လိုအပ်ချက်များရှိလျှင် ဖြည့်ပြီးတွေးပေးစေလိုပါတယ်။
တော်လှန်ရေး အစောပိုင်းမှာ ကချင်နှင့်ချင်းတို့ ဖက်ကို စုပြုံကျရောက်နေတဲ့ စစ်ကောင်စီအင်အားဟာ စစ်ကိုင်း ၊ မကွေးတို့မှာ စစ်ရေးမြင့်တက်လာပြီး ကာလိုက်တာကြောင့် စစ်ကိုင်းနှင့်မကွေးမှာ အရမ်းအထိနာသွားခဲ့ပေမဲ့လို့ ကချင်နှင့်ချင်းတို့ဖက်မှာ စစ်ရေးဟာ သိသိသာသာလျော့ကျသွားတာကို တွေ့ခဲ့ရပါတယ်။ ချင်းပြည်နယ်မှာဆိုရင် ကျေးရွာပေါင်း (၈၈) ရွာ ရှိတာမှာ (၅၁) ရွာထိ စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်အောင် လုပ်နေနိုင်ပြီလို့ တချို့သော သတင်းရင်းမြစ်က ဆိုပါတယ်။
အရင်လို စစ်ကောင်စီအင်အား ထောင်ဂဏာန်းနဲ့ ကချင်နှင့်ချင်းဖက်ကို စစ်ချီတာမျိုး သိပ်မတွေ့ရတော့ဘူး။ စစ်ကိုင်းနှင့်မကွေးဖက်မှာ စစ်ရေး အရမ်းမြင့်တက်နေတာကို ဖြေလျော့ပေးခဲ့တာက ကရင်နှင့်ကယားလို့ ဆိုရမယ် ထင်ပါတယ်။ ရှမ်းမြောက်မှာလည်း စစ်ရေးအနည်းငယ်လောက် ဖြစ်တာ တွေ့ခဲ့ရပါတယ်။
ရခိုင်ကလည်း စစ်ရေးတကျော့ပြန်ဖြစ်ပြီး ဖြေလျော့ပေးတာတွေ့ခဲ့ရတယ်။ စစ်ကောင်စီကို အားစမ်းကြည့်တဲ့ရခိုင် စစ်ရေးကတော့ ထင်သလောက်၊မျှော်မှန်းသလောက် ခရီးမပေါက်ဘူးလားတော့ မပြောတတ်ဘူး။လောလောဆယ်တော့ အလွတ်သဘော အပစ်အခတ် ပြန်လည်ရပ်စဲထားတာတွေ့ခဲ့ရပါတယ်။ရခိုင်ဖက်က နယ်စပ်စခန်းတချို့ သိမ်းနိုင်ခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြပေမဲ့ မြေပြင်အခြေအနေနဲ့ နီးစပ်မှု ရှိ/မရှိကတော့ ပြောရခက်ပါတယ်။
ခုနောက်ပိုင်း ပဲခူးနှင့်တနင်္သာရီ တို့ကပါ စစ်ကိုင်းနှင့်မကွေးတို့ရဲ့ စစ်ရေးကို ဖြေလျော့ပေးလာတာ တွေ့ခဲ့ရပါတယ်။ အဲ့သည်လို ပဲခူးနှင့်တနင်္သာရီမှာ စစ်ရေးဆင်နိုင်တာကလည်း ကရင်ဖက်က စစ်ရေးဘောင်ကျယ်ပြန့်လာတာကြောင့် အသစ်ချဲ့ထွင်လာနိုင်တာလည်းပါမယ် ထင်ပါတယ်။ အဲ့သည်လိုမဟုတ်ရင်လည်း နဂိုရည်မှန်းထားတဲ့နိုင်ငံတောင်ပိုင်းစစ်ရေးဟာ ခုမှ အစပျိုးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။( NUG ဝန်ကြီးတစ်ဦးက တောင်ပိုင်းကို စစ်ရေး target လုပ်ဖို့ရည်ရွယ်ထားတာမှာ ထင်မှတ်မထားတဲ့ အလယ်ပိုင်းက စစ်ရေးပိုမြင့်လာတယ်လို့ ပြောဖူးတာကို ထောက်ရှု့သောအားဖြင့် ယူဆခြင်းဖြစ်ပါတယ် )
NUG နှင့် EAOs တွေဟာ စစ်ကောင်စီကို အမျိုးမျိုးသော စစ်ရေးအကဲစမ်းမှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ခုခံကာကွယ်စစ် ၊ ခုခံတွန်းလှန်စစ် ၊ တန်ပြန်ထိုးစစ်တွေထိ လုပ်လာနိုင်တာ တွေ့ခဲ့ရပါတယ်။
နယ်ခံ PDFs အဖွဲ့တွေ ၄ ၊ ၅ ဖွဲ့ပေါင်းပီး စစ်ဆင်ရေးလုပ်တဲ့သတင်းမျိုးတွေ့ခဲ့ရပါတယ်။EAOs အဖွဲ့တစ်ခုခု နှင့် PDFs ပူးပေါင်းအဖွဲ့တို့ စစ်ဆင်ရေးလုပ်တယ်ဆိုတဲ့သတင်းမျိုးလည်း တွေ့ခဲ့ရပါတယ်။
EAOs ၃ ၊ ၄ ဖွဲ့ နှင့် PDFs အဖွဲ့ ၄၀ ၊ ၅၀ ပေါင်းပြီး စစ်ဆင်ရေးလုပ်တာမျိုးတော့ ခုချိန်ထိ သတင်းမှာ မတွေ့ရသေးပါဘူး။ အဲ့သည်လောက်ထိ စစ်ဆင်ရေးလုပ်နိုင်ဖို့ကလည်း alliance war လိုဟာမျိုး လေ့ကျင့်ဖူးမှလည်း ရမည့်သဘော ရှိပါတယ်။ Alliance war လုပ်ဖို့ကလည်း commander ကောင်းတွေ လိုပါတယ်။ကာကွယ်ရေးဝန်ကြီးနဲ့တင် မလုံလောက်ပါဘူး။အဲ့သည်လို အဆင့်တက်လှမ်းနိုင်ဖို့ကလည်း သတင်းမီဒီယာပေါ်မှာ ပြောဆိုနေကြတဲ့ PDFs ၊ EAOs ၊ NUG တို့ရဲ့ဆက်ဆံရေးကို အကဲခတ်ကြည့်ပြီး လွယ်နိုင်မယ်မဟုတ်လောက်ဘူး ယူဆမိတယ်။ EAOs တွေ အချင်းချင်းကလည်း ဘယ်လောက်အထိ အစေးကပ်နိုင်မလဲပေါ်လည်း မူတည်နေပါသေးတယ်။
Central Command ပုံစံနဲ့သွားဖို့ဆိုတာကလည်း အားလုံးက မိမိသည်သာအစိုးရလို့ ခံယူထားကြတာဆိုတော့ သိပ်မလွယ်လှဘူးထင်ပါတယ်။သဘောကတော့ NUG ကို ဖက်ဒရယ်အစိုးရအနေနဲ့ သိပ်ပြီးသတ်မှတ်ချင်ကြတယ် မဟုတ်ကြဘူးလို့ ယူဆရပါတယ်။ဒါကလည်း တစ်ဖက်တည်းချည်းတော့ အဆိုးပြောလို့မရပါဘူး၊ NUG ရဲ့ဦးဆောင်နိုင်မှုနှင့်အရည်အသွေးပိုင်းကိုလည်း မေးစရာရှိတာပေါ့လေ။အဲ့သည်လိုတော့ ရှိပါတယ်။
နောက်တစ်ခုက ကိုယ်က မျိုးနွယ်စုအားလုံးရဲ့ခေါင်းဆောင်အဖြစ်တက်လှမ်းတော့မယ် (သို့မဟုတ်) တာဝန်ယူ ဆောင်ရွက်ရတော့မယ်ဆိုရင် အမြင်ကျယ်ကျယ်ထားနိုင်ဖို့၊ စိတ်သဘောထားကျယ်ပြန်ဖို့ ၊ တပြည်လုံးအတိုင်းအတာနဲ့ မေတ္တာထားနိုင်ဖို့ ၊ တပြည်လုံးအတိုင်းအတာနဲ့ စစ်ရေး၊ နိုင်ငံရေး အမြင်ရှိဖို့ လိုပါတယ်။ မျိုးနွယ်စုအားလုံးရဲ့ခေါင်းဆောင်အဖြစ်တက်လာပြီးမှ ငါ့အမျိုးမှ ငါ့အမျိုးလုပ်နေတာမျိုးက သိပ်အဆင်မပြေလှဘူးလို့ ယူဆမိတယ်။ပြည်နယ်အမြင်လည်း ရှိဖို့လိုသလို တပြည်လုံးအတိုင်းအတာ အမြင်လည်း ရှိဖို့လိုပါတယ်။
အာဏာသိမ်းပြီး ( ၂ )နှစ်ပြည့်မှာ စစ်ကောင်စီဖက်က စစ်အုပ်ချုပ်ရေး (၃၇) မြို့နယ် ကြေညာလာပါတယ်။နဂိုကတည်းက တနိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးသတ်မှတ်ပြီး ထင်တိုင်းကျဲနေခဲ့တာပါ။စစ်အုပ်ချုပ်ရေး မကြေညာခင်ကတည်းက စစ်အုပ်ချုပ်ရေးပါပဲ။အဲ့ဒါကို စစ်အုပ်ချုပ်ရေး ထပ်ကြေညာတယ်ဆိုတော့ သူလက်လွှတ်ရတဲ့နယ်တွေလို့ ကြေညာတာနဲ့ အလားသဏ္ဍာန်တူပါတယ်။
သတင်းတွေမှာ NUG က တပ်ရင်း(၃၀၀)ကျော်နဲ့ စစ်အင်အား ( ၇ ) သောင်းကျော် ( ၈ ) သောင်းလို့ စာရင်းထုတ်ပြန်ပြောဆိုတာမျိုးလည်း တွေ့ခဲ့ရတယ်။ တလောက တရသ ( ၃ ) ဖွဲ့ပေါင်း ထုတ်ပြန်တာက အင်အား (၁၅၀၀၀၀) ခန့်သူတို့ လေ့ကျင့်ပေးခဲ့တယ် ဆိုခဲ့ပြန်တယ်။ PDF တပ်ရင်းဘယ်လောက်များလည်းလို့ ခြေရာကောက်ကြည့်တော့ MPDF က တပ်ရင်း ( ၁၅၀၁၊၁၅၀၂၊၁၅၀၃၊၁၅၀၄ ) ဆိုပြီး ဖော်ပြတာမျိုးလည်း သတင်းဌာနတွေမှာ တွေ့ရတယ်။တချို့သတင်းတွေမှာတော့ PDF တပ်ရင်း ( ၃၁၀၅ )လို့ ရေးသားတာလည်း တွေ့ခဲ့ရတယ်။၎င်းဂဏာန်းအရဆိုရင် ( ၁ )သိန်းခွဲဆိုတာ လျော့ပြောထားတဲ့သဘောလား တွေးစရာ ရှိတယ်ပေါ့။အတိအကျတော့ မှန်းဖို့ ခက်ပါတယ်။ မှန်းခြေအားဖြင့်တော့ ၁ သိန်းအကျော်ဖက်တော့ ရှိလောက်မယ် ယူဆရပါတယ်။
အာဏာသိမ်း ( ၂ ) နှစ်ပြည့်မှာ အားလုံးကို ခြုံကြည့်မယ်ဆိုရင် စစ်ကောင်စီထိန်းချုပ်ထားတာ နေပြည်တော် ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ ရခိုင်တောင်ပိုင်း ၊ မန္တလေးတိုင်း ၊ ရှမ်းပြည်တောင်ပိုင်းတွေကို ထိန်းချုပ်ထားနိုင်သေးတဲ့အနေအထားကို တွေ့ရပါတယ်။ သူထိန်းချုပ်ထားနိုင်တယ်လို့ ပြောနေတဲ့နေရာတွေမှာလည်း ကွက်ကြားတိုက်ပွဲတချို့ဖြစ်နေဆဲဖြစ်ပြီး ၎င်းဒေသတွေမှာလည်း UG တွေရဲ့ပြဿနာကိုတော့ စစ်ကောင်စီဖက်က လုံးလုံးလျားလျား ရှင်းသွားပြီလို့ အာမခံနိုင်တာမျိုး မရှိသေးပါဘူး။
ထိုနည်းတူပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် PDFs ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာပြည်နယ်၊ဒေသတွေအား လွတ်မြောက်နယ်မြေလို့ ခေါ်ဆိုသတ်မှတ်နေကြပေမဲ့ စစ်ကောင်စီရဲ့လေကြောင်းရန်နှင့်လျှပ်တပြက်ထိုးစစ်တွေကိုတော့ အမြဲသတိထားနေရတဲ့အနေအထားမှာပဲ ရှိဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ပင်မရင်းမြစ်ကြီးကို မဖြိုနိုင်မချင်းကတော့ မျိုးနွယ်စုတွေအားလုံးမျှော်လင့်နေကြတဲ့အမျိုးသားလွတ်မြောက်ရေးဟာ မရနိုင်သေးတဲ့အနေအထားအဖြစ် ရှိနေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။
myanmar society 🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~