နိုင်ငံသားဖြစ်ရေးဥပဒေအား ဖျက်သိမ်းမည်ဟု ဆိုရာဝယ်
လက်ရှိမျက်မှောက်နိုင်ငံရေးမှာ အမေရိကနှင့်ဥရောပမှာ တရားမဝင်ရွေ့ပြောင်းအခြေချလာတဲ့သူတွေဟာ သန်းချီသောပမာဏဖြစ်နေလို့ နယ်စပ်ခြံစည်းရိုးလုံခြုံဖို့အရေးအား သူတို့ပြည်သူတွေက အသံကုန်ဟစ်ပြီး border policy တင်းကြပ်ဖို့ ကုန်းအော်နေချိန် ဖြစ်ပါတယ်။
အမေရိကနှင့်ဥရောပမှာ border policy တင်းကြပ်ပိတ်ပင်ဖို့ ကြိုးစားနေချိန်မှာ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးများက border policy ဖွင့်ဖို့ကြိုးစားနေတာဟာ နည်းနည်းတော့ လွဲနေတယ်လို့ ယူဆမိပါတယ်။
တရားမဝင်ရွေ့ပြောင်းအခြေချသူများဟာ များသော အားဖြင့် နိုင်ငံရေးတည်ငြိမ်တယ်၊ လုပ်စားလို့ကောင်းတယ်၊နိုင်ငံသားဖြစ်နိင်ရေး လွယ်ကူတယ်ဆိုတဲ့အချက်တွေကို အခြေပြုပြီး မည်သည့်နိုင်ငံကို ရွေ့ပြောင်းအခြေချရမည်ကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ရောက်ချင်ရာရောက်၊ပေါက်ချင်ရာပေါက် ဦးတည်ချက်မဲ့ မိမိအခြေပြုနေထိုင်ရာနေရာကို စွန့်ခွာပြီး ဘယ်သူမှ မသွားကြပါဘူး။
ရွေ့ပြောင်းအခြေချနေထိုင်ခြင်းဖြင့် နိုင်ငံရေးကို လိုရာဆွဲလို့ရနိုင်သည်အထိ အသုံးချလာနေကြတာကိုလည်း ကမ္ဘာ့နိုင်ငံရေးမှာ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် ( ၃ ) နှစ်တာကာလအတွင်း အမေရိကန်နိုင်ငံလို လူဦးရေ သန်း (၃၅၀) ရှိသောနိုင်ငံအား တရားဝမဝင်ရွေ့ပြောင်းအခြေချသူ သန်းဆယ်ဂဏန်းချီ ဝင်ရောက်တာဟာ မသိသာပေမဲ့ မြန်မာနိုင်ငံလို လူဦးရေ ( ၅၄ ) သန်းမျှသာရှိသောနိုင်ငံအား တရားမဝင်ရွေ့ပြောင်းအခြေချသူ သန်းဆယ်ဂဏာန်းချီ ဝင်ရောက်လာပါက မြန်မာ့အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည်အထိ ယိမ်းယိုင်သွားနိုင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏လူ့အခွင့်အရေးဆိုင်ရာကိစ္စ ဆွေးနွေးပွဲတချို့မှာ ၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းရေးအစီအစဉ်တွေတောင် ဆွေးနွေးကြတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေမှာ ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မွန်းစရာတွေ ရှိတယ်ဆိုတာတော့ လက်ခံပေးလို့ရပါတယ်။
သို့ပေမဲ့ ထိုသို့မွန်းမံပြင်ဆင်ပြဌာန်းရာဝယ် မြန်မာနိုင်ငံ၏အိမ်နီချင်းနိုင်ငံများဖြစ်ကြသော တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒက်ရှ်တို့ဟာ လူဦးပေါက်ကွဲမှု ဖြစ်နေကြသော နိုင်ငံတွေဖြစ်တယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရပါဘူး။
ဖက်ဒရယ်ပြည်ထောင်စုအားရည်မှန်း၍ သွားမည့်ခရီးလမ်းမှာ ဖြစ်ပေါ်လာမည့်တချို့သော ပြည်နယ်တွေဟာ လူဦးရေးအားဖြင့် သောင်းဂဏာန်း ၊ သိန်းဂဏာန်းမျှသာ ရှိကြမှာဖြစ်ပါတယ်။
အကယ်၍သာ တရားမဝင် ဝင်ရောက်လာသူများဟာ အလွယ်နိုင်ငံသားဖြစ်ခွင့်ရနေခဲ့မည်ဆိုပါက လူဦးရေအားဖြင့် နည်းပါးသောတချို့သောပြည်နယ်များကို အတင်းတိုးဝင်လာကြမှာ ဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ရေးဥပဒေကို လျော့ရဲရဲပြဌာန်းလိုက်မည်ဆိုပါက တရားမဝင် ရွေ့ပြောင်းအခြေချသူများဟာ အလွယ်တကူဖြင့်နိုင်ငံသားဖြစ်ခွင့်ရရှိလာကြမှာဖြစ်ပြီး မဲပေးခွင့်ရလာနှင့်အမျှ ၎င်းပြည်နယ်တစ်ချို့တွင်း မှီတင်းနေထိုင်ကြသော သက်ဆိုင်ရာမျိုးနွယ်စုများနှင့်မူလနိုင်ငံသားများ၏အကျိုးစီးပွားများဟာ ထိခိုက်နစ်နာစရာအကြောင်း ရှိလာမှာ ဖြစ်ပါတယ်။ ၎င်းအရေးဟာ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးလာသည့်အဆင့်ထိ ရောက်ရှိလာနိုင်တာလည်းဖြစ်ပါတယ်။
မျိုးနွယ်စုတစ်ခုချင်းစီ၏အကျိုးစီးပွား၊နိုင်ငံသားတစ်ယောက်ချင်းစီ၏အကျိုးစီးပွား၊ပြည်နယ်တစ်ခုချင်းစီ၏အကျိုးစီးပွား၊တိုင်းဒေသကြီးတစ်ခုချင်းစီ၏အကျိုးစီးပွား၊နောင်ဖြစ်ပေါ်လာမည့်ပြည်နယ်တစ်ခုချင်းစီ၏အကျိုးစီးပွား၊နိုင်ငံလုံးဆိုင်ရာအဆင့် အမျိုးသားအကျိုးစီပွား အကာအကွယ်ပေးရေးအား ဘက်ပေါင်းစုံ ထောင့်စေ့အောင်တွေးပြီးမှ ပြင်ဆင်၊တည်းဖြတ်၊မွန်းမံ၊ထပ်ဆောင်းတာမျိုးသာ ဖြစ်သင့်ပါတယ်။
နိုင်ငံသားဖြစ်ရေးဥပဒေဟာ မျိုးနွယ်စုတစ်ခုချင်းစီ ၊ နိုင်ငံသားတစ်ယောက်ချင်းစီ ၊ ပြည်နယ်တစ်ခုချင်းစီ ၊တိုင်းဒေသကြီးတစ်ခုချင်းစီသာမက တစ်မျိုးသားလုံးနှင့်သက်ဆိုင်သောကိစ္စရပ်ဖြစ်လို့ နိုင်ငံတည်ငြိမ်အေးချမ်းသောအချိန်အခါရောက်မှ သက်ဆိုင်ရာရွေးကောက်ခံကိုယ်စားလှယ်အပြည့်အစုံက လွှတ်တော်မှာ ဆွေးနွေး၊အတည်ပြု၊ ပြင်ဆင်၊မွန်းမံပြဌာန်းတာမျိုးက ပိုဖြစ်သင့်တဲ့ကိစ္စမျိုးပါ။
အစိုးရတစ်ရပ်ရပ်က အာဏာရှိတယ်ဆိုတိုင်း ပြင်ဆင်ခြင်း၊ဖျက်သိမ်းခြင်းငှာ မဖြစ်သင့်ပါဘူး။
နိုင်ငံရေးအခြေအနေမကောင်း၍ ခေတ်ပျက်ကြီးထဲမှာ နိုင်ငံသားဖြစ်ရေးဥပဒေအား ပြင်ဆင်၊မွန်းမံသောအဆင့်ကို ကျော်လွန်ပြီး ဖျက်သိမ်းရေးလုပ်ဖို့ထိ တာစူနေကြတာဟာ အမှန်တကယ် ရိုးသားပါရဲ့လား။
နိုင်ငံသားဖြစ်ရေးဥပဒေအား အလျင်စလိုဖျက်သိမ်းပစ်ရအောင်ထိ အရေးပေါ်လိုနေ၍လားဟု မေးစရာရှိပါတယ်။
myanmar society 🇲🇲