မာနလျော့ပြီး ခြေသံလုံစေချင်မိ


ချင်းရွှေဟော်က အစပြုလို့   နောင်ချိုထိ ( ၆ )ရက်တာကာလအတွင်း မြောက်ပိုင်းသုံးဖွဲ့ဦးဆောင်သည့်စစ်ဆင်ရေးမှာ စစ်ကောင်စီစစ်စခန်း (၉၀) ကျော်သိမ်းယူနိုင်ခဲ့တယ်ဆိုသည့်သတင်းတွေကြားသိရလို့  "ဒါမျိုးဖြစ်ရမှာကွ" ဆိုပြီး  ပြည်သူတွေလည်း စိတ်ဓာတ်တက်ကြွနေကြပါတယ်။ မဟာမိတ်အလိုင်းဖွဲ့စစ်ဆင်ရေးတွေတောင် လုပ်နိုင်ကြလို့လည်း  အားတက်နေကြပါတယ်။ပြည်သူတွေကလည်း ကြိုဆိုနေကြပါတယ်။

သို့ပေမဲ့  နိုင်ငံတကာနိုင်ငံရေးမျက်နှာစာမှာက  အဲ့သည်လို  ဖြစ်မနေတာ  တွေ့ရပါတယ်။ ဘယ်လိုဖြစ်နေလဲဆိုတော့  သူပုန် [ Rebel ] ဆိုပြီး  ဟိုးလေးတကျော်ဖြစ်နေတယ်။၎င်းကိစ္စနဲ့ပက်သက်လို့  နည်းနည်းလောက်ပြောရရင် ___

(  ၁ ) ခုနောက်ပိုင်းမှာ  အမျိုးသားညွတ်ရေးအစိုးရဟာ  ချောင်ထိုးခံရပြီး  အလုအယက်ဗိုလ်ဝင်ခံချင်တဲ့အဖွဲ့တွေ အတော်များလာတာ တွေ့ရပါတယ်။အားလုံးနဲ့ အဆင်ပြေအောင် စီမံရင်း နောက်ရောက်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

( ၂  ) မြန်မာ့နွေဦးတော်လှန်ရေးအမည်နာမနဲ့  လှုပ်ရှားမှုဟာလည်း  တဖြည်းဖြည်းမှေးမှိန်လာတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ "ဒိုင်းကာ"အဖြစ်အကာအကွယ်ယူဖို့  ပြည်သူတွေကဖွဲ့စည်းခိုင်းထားတာဖြစ်သလို   နွေဦးတော်လှန်ရေးတပ်သားတွေဟာ  "ဓား"အသွင်  ဖွဲ့စည်းထားတဲ့မဟာဗျူဟာအမြင်နဲ့  နိုင်ငံတကာနိုင်ငံရေးမျက်နှာစာကို  စတင်ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။၎င်းအချင်းအရာအား  နွေဦးတော်လှန်ရေးစစ်သည်တစ်ယောက်ချင်းစီတိုင်းရော ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပါ နားလည်ထားရမည့်အရာ ဖြစ်ပါတယ်။ပွဲဦးထွက်အခြေတည်ထားသည့်ကနဦးမဟာဗျူဟာကနေ  လွတ်ထွက်သွားခြင်းဟာ ဘေးထွက်ဆိုးကျိုး   အမျိုးမျိုးဝင်လာနိုင်စရာအကြောင်းတွေ ရှိပါတယ်။ 

တကယ်တော့  ဒါဟာကောင်းတဲ့လက္ခဏာ တစ်ရပ်တော့  မဟုတ်ပါဘူး။ရွေးကောက်ခံတွေကနေတဆင့်ဖွဲ့စည်းထားသည့်  ပြည်သူကိုယ်စားပြုအစိုးရဖြစ်တယ်ဆိုတဲ့အကြောင်းတရားနဲ့   ဒိုင်းကာသဖွယ် ခုခံထားသည့်နိုင်ငံတကာနိုင်ငံရေးအခင်းအကျင်းစစ်မျက်နှာမှာ  ဒိုင်းကာဖယ်ရှားပြီး အကာအကွယ်မဲ့တက်သွားတာနဲ့   တူလှပါတယ်။နွေဦးတော်လှန်ရေးအမည်နာမနဲ့လှုပ်ရှားမှု   မှေးမှိန်သွားခြင်းဟာလည်း  ဒီမိုကရေစီအရေးလှုပ်ရှားမှုတပ်ဦးအလံကို ပစ်ပယ်ရိုက်ချိုးလိုက်တာနဲ့တူပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တော်လှန်ရေးဟာ  ယနေ့အချိန်ထိ  " သူပုန်" ခေါင်းစဉ်အောက်မှာ ကင်ပွန်းတပ်ခြင်း ခံနေရဆဲဖြစ်တယ်ဆိုတဲ့ အမှန်တရားကို  နားလည်ဖို့လိုပါတယ်။ကမ္ဘာကြီးက   ဘယ်လိုမြင်နေတယ် ၊ ဒါကြောင့်  မိမိတို့ဖက်က မည်ကဲ့သို့ချဉ်းကပ်သင့်တယ်ဆိုတာ  အကြံပြုတာမျိုးပါ။

ဒါဟာ  မည်ကဲ့သို့သော  နိုင်ငံရေးကို  ဦးတည်သွားစေသလဲဆိုရင် 👉Rebel Vs Junta👈 နိုင်ငံရေးကို  ဦးတည်သွားစေပါတယ်။ဒါဟာ  ကောင်းတဲ့လက္ခဏာတစ်ရပ်  ဖြစ်မနေပါဘူး။အဲ့သည်လို  ဖြစ်သွားခဲ့ရင်  စစ်ကောင်စီအတွက် လှုပ်ရှားခွင့် အသာစီးရသွားစေနိုင်ပါတယ်။

အကြံပြုရရင်   တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ   နွေဦးတော်လှန်ရေးကို  ဝင်ရောက်ကူညီတဲ့ခေါင်းစဉ်နဲ့သွားတာက  ပိုသင့်တော်ပါတယ်။တကယ်မြေပြင်မှာတော့  တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက  ဦးဆောင်တိုက်ချင်လည်း တိုက်မှာပေါ့ ၊ တိုက်ပြီးရင်လည်း သိမ်းပိုက်ရရှိထားသည့်နယ်မြေကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပဲ  ဦးစီးချင်လည်း ဦးစီးမှာပဲ။ နိုင်ငံတကာနိုင်ငံရေးစာမျက်နှာမှာ အမြင်ပန်းလှအောင် မည်ကဲ့သို့သောခေါင်းစဉ်နဲ့သွားသင့်လှတယ်ဆိုတာ အကြံပြုရခြင်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးစစ်သည်တွေဟာ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့သင်တန်းဆင်းတွေဆိုတာ မြန်မာပြည်သူလူထုက သိပြီးသားဖြစ်ပါတယ်။ပြည်သူတွေကြားမှာ ဘယ်သူမှ အငြင်းပွားစရာ ရှိမနေပါဘူး။

ပန်းမဝင်ခင်  ဒိုင်းကာဖြုတ် ၊ တပ်ဦးအလံဖြုတ်ရင် အခြေအနေတမျိုးပြောင်းသွားနိုင်ပါတယ်။ပန်းဝင်ပြီးမှ  ကျုပ်တို့က  ဘယ်လိုဦးဆောင်ခဲ့တာဆိုပြီး  စကျင်ကျောက်တုံးကြီးပေါ်မှာ ကျကျနနန  ကဗ္ပည်းစာတန်းပဲထိုးထိုး  ပြဿနာမရှိပါဘူး။ခုလို ဟိုဖက်သည်ဖက် လွန်ဆွဲနေသည့်မိုးထဲရေထဲကာလမှာတိုင်းရင်းသားခေါင်းဆောင်များဖက်က  မာနတွေ နည်းနည်းလောက်လျော့ချပြီး  သည်းခံပေးစေလိုပါတယ်။

[ ချစ်ခြင်အားဖြင့်  သည်စာရေးခြင်းဖြစ်ပါတယ် ]

myanmar  society 🇲🇲

မြန်မာပြည်သူပြည်သားများ  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ