မလွယ်ပေမဲ့ တို့တွေလုပ်ကြရမယ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ အာဏာသိမ်းမှုအား ဆန့်ကျင်သော လူထုတော်လှန်ရေးကြီး နွေဦးတော်လှန်ရေးလို့ ခေါင်းစဉ်တပ်ဖို့ လူထုကြားမှာ မည်သူမှတစုံတရာဆွေးနွေးတိုင်ပင်၊အကြေအလည် ငြင်းခုံပြီး အတည်ပြုပြဌာန်းလိုက်ကြတာ မဟုတ်ပါဘူး။လူထုက သဘောကျလို့ လက်ခံကျင့်သုံးလိုက်လို့ နွေဦးတော်လှန်ရေးဆိုပြီး ဖြစ်သွားတာ ဖြစ်ပါတယ်။
ထိုနည်းတူပဲ မြေပြန့်နေလူထုက ဒီမိုကရေစီလိုလားတယ် ၊ တောင်ပေါ်နေလူထုက ဖက်ဒရယ်လိုလားတယ်၊အဲ့သည်တော့ တို့တွေဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းစဉ်သွားကြမယ်ဆိုပြီး လူထုကြားမှာ တစုံတရာဆွေးနွေးတိုင်ပင်တာ၊ငြင်းခုံဆွေးနွေးပြီးမှ အတည်ပြုလက်ခံလိုက်ကြတာ မဟုတ်ပါဘူး။လူထုက လက်ခံသဘောတူလို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရည်မှန်းချက်ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လူထုရဲ့စိတ်ဆန္ဒသဘောထားက တပြည်လုံး/တကမ္ဘာလုံး မြင်သာအောင် ပွင့်လင်းတယ် ၊ တပြည်လုံး/တကမ္ဘာလုံး မြင်သာအောင် ရိုးသားတယ်။ဒါကြောင့် လူထုကြားက သဘောတူညီမှုမှာ စာချုပ်စာတမ်းတစ်ရပ် မရှိပေမဲ့ ခိုင်မာပါပါတယ်။
၎င်းအကြောင်းအရာများပေါ်မှာ အစိုးရမင်းများက ထပ်လောင်းအတည်ပြု ကြေညာလိုက်သည့်အတွက် ပိုမိုခိုင်မာမှု ရရှိလာတဲ့အပိုင်းတော့ ရှိတာပေါ့လေ။
မည်သည့်နိုင်ငံရေးလမ်းစဉ်နှင့်စနစ်ပင်ဖြစ်ပါစေ ပြည်သူလူထုပါဝင်ပူးပေါင်းမှလည်း အောင်မြင်ပါတယ်။ပြည်သူလူထုပူးပေါင်းပါဝင်ခြင်း မရှိသည့်နိုင်ငံရေးလမ်းစဉ်နှင့်စနစ်ဟာ ဆုတ်ယုတ်ခြင်းသာ ဦးတည်စေပါလိမ့်မယ်။ဒါကြောင့် မြန်မာပြည်တဝှမ်းက ပြည်သူလူထုရဲ့ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေး ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပေးခြင်းသည် ဖြစ်ထိုက်ပါတယ်။
မြန်မာ့မျိုးနွယ်စုတွေဟာ ပင်ကိုယ်သဘာဝအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ပြင်းပြင်းပြပြ ရှိကြလို့ ရည်ရွယ်ထားသည့် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းစဉ်"ဟာ "အမျိုးသားဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်ရယ်"လိုတော့ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ယဉ်ကျေးမှုနှင့်သမိုင်းကြောင်းနောက်ခံမတူညီမှုကြောင့် အနောက်တိုင်းစံ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကွဲပြားခြားနားမှု ရှိလာမှာကတော့ အမှန်ဖြစ်ပါတယ်။
လူထုရည်မှန်းထားသော "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု" ဖြစ်ဖို့ ရာထားချက်မပြည့်မီတာမျိုး (သို့မဟုတ်) ရာထားချက်ထက် ကျော်လွန်နေတာမျိုးဟာ လူထုဆန္ဒအားသွေဖယ်ခြင်းလို့ ပြောလို့ရနိုင်ပါတယ်။
ဥပမာ - ရခိုင်ပြည်နယ်မှ AA အဖွဲ့က ကွန်ဖက်ဒရိတ်တောင်းဆိုတာမျိုးဟာ တောင်ပေါ် - မြေပြန့်မှလူထု၏သဘောတူရည်မှန်းချက်ကို ကျော်လွန်တောင်းဆိုမှုမျိုး ဖြစ်ပါတယ်။အကယ်၍ ရခိုင်ပြည်နယ်က ကွန်ဖက်ဒရိတ်တောင်းဆိုလို့ရခဲ့ရင် ကရင်ပြည်ကလည်း ကွန်ဖက်ဒရိတ်တောင်းမှာပဲ ၊ ကချင်ပြည်ကလည်း တောင်းမယ် ၊ ချင်းပြည်ကလည်း တောင်းမယ် ၊ ရှမ်းအဖွဲ့တွေကလည်း တောင်းဆိုလာကြမှာပါပဲ။ AA အဖွဲ့ကတော့ တောင်းဆိုခြင်းမဟုတ်၊ကွန်ဖက်ဒရိတ်ရရမယ်ဆိုပြီးတော့ ပြောတာမျိုးပါ။လူတိုင်းကတော့ လောဘရှိတတ်ကြတာပါပဲ၊ထုတ်ပြောတာနှင့်ထုတ်မပြောတာမျိုးပဲကွာပါတယ်။ထားပါတော့ အဲ့ဒါက သူ့အပိုင်း။
အဲ့သည်လို အခြေအနေရောက်လာရင် တောင်ပေါ် - မြေပြန့်မှလူထု၏သဘောတူညီချက်နှင့်ရည်မှန်းချက်ဟာ ပျက်ပြယ်သွားစေမှာ ဖြစ်ပါတယ်။ထိုကဲ့သို့သောအနေအထားတစ်ရပ်အား သဘောကျတဲ့ပြည်တွင်းအဖွဲ့အစည်းများ၊ပြည်ပအဖွဲ့အစည်းများနှင့်ပြည်ပနိုင်ငံများစွာ ရှိနိုင်ပါတယ်။အထူးသဖြင့် တရုတ်ဗဟိုအစိုးရက အဲ့သည်အခြေအနေကို ပိုသဘောကျကောင်း ကျနိုင်ပါတယ်။အဲ့သည်လိုအခြေအနေရောက်အောင် တရုတ်ဗဟိုအစိုးရက နောက်ကွယ်ကနေ မြှောက်ထိုးကော်ပင့်လုပ်နေသလားဆိုတာ သံသယများစွာ ရှိပါတယ်။
အဲ့သည်လိုအခြေအနေထိရောက်လာရင် ဘေးထွက်ဆိုးကျိုးလည်း ရှိလာမှာ ဖြစ်ပါတယ်။ကွန်ဖက်ဒရိတ်ပြည်နယ်တွေဖြစ်လာရင် တရုတ်၊အိန္ဒိယ၊အမေရိကန်နှင့်ဥရောပတိုင်းပြည်များ၏ ခြေကုပ်စခန်းချရာနေရာတွေ ဖြစ်လာနိုင်သလို မြန်မာနိုင်ငံ၏အချုပ်အခြာကို ခြိမ်းခြောက်နိုင်သော စီမံကိန်းတွေရဲ့အခြေတည်ရာ ဖြစ်လာဖို့ များပါတယ်။အဲ့သည်လိုအခြေအနေမျိုးကို မြေပြန့်ဒေသနေပြည်သူတွေအဖို့ လက်ခံနိုင်ဖို့ခဲရင်းစေမှာ ဖြစ်ပါတယ်။ထိုကဲ့သို့ လက်ခံဖို့ခဲရင်းတဲ့အနေအထားမျိုးမှာ တိုင်းဒေသကြီးတွေကို ဖက်ဒရယ်ပြည်နယ်ယူနစ်ပြုဖို့ ပိုမိုခဲရင်းစေမှာဖြစ်ပြီး တိုင်းဒေကြီးတွေကို ဖက်ဒရယ်ပြည်နယ်ယူနစ်မပြုနိုင်ရင် မြေပြန့်တိုင်းဒေသကြီးများအား စုစည်းအခြေပြုပြီး အာဏာသိမ်းမည့်ဖြစ်စဉ်မျိုး တကျော့ပြန်အသက်ဝင်လာစေနိုင်ပါတယ်။
လက်တလော အဆင်ပြေဖို့ ခေါင်းဆောင်ခြင်းလက်ဝါးရိုက်ပြီး ဟိုပြည်နယ်ကို အခွင့်အရေးတမျိုးပေး၊သည်ပြည်နယ်ကို အခွင့်အရေးတမျိုးပေးတာမျိုး လုပ်လို့ ရကောင်းရနိုင်ပါတယ်။ဒါပေမဲ အဲ့ဒါမျိုးက လူကောင်းတွေ စုစည်းမိချိန်မှာတော့ နားလည်မှုနဲ့အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။မျိုးဆက် ( ၁ )ဆက် - ( ၂ ) ဆက်လောက်လောက် ရွေ့လျားသွားပြီး မသူတော်အစိုးရတစ်ရပ်ရပ် တက်လာခဲ့သည်ရှိသော် ပြည်ထောင်စုမှာ တန်းတူညီမျှသောစနစ်၊အပြန်အလှန်ထိန်းကြောင်းထားနိုင်သောစနစ် တည်ဆောက်ထားတာမျိုး ရှိမနေခဲ့ရင် အာဏာသိမ်းတစ်ပတ်ပြန်လည်မှာပါပဲ။ ဒါကြောင့် လက်ရှိမိမိနေရာလေးတင် ကွက်မကြည့်ဘဲ နောင်နှစ်ပေါင်း ၁၀၀ ၊ ၂၀၀ ၊ ၅၀၀ တိုင်အောင် ရှုမြင်ပြီး လုပ်ဆောင်ကြဖို့ အထူးလိုအပ်ပါတယ်။
မြန်မာပြည်မတိုးတက်ရခြင်း အကြောင်းအရာများစွာထဲက တစ်ချက်က စနစ်တစ်ခုတည်းအောက်မှာ ရှိမနေခြင်းဖြစ်ပါတယ်။
တိုင်းဒေသကြီးတွေကို လေ့လာကြည့်မယ်ဆိုရင် Province ပုံစံဖွဲ့စည်းထားတယ်ထင်ရပေမဲ့ Province ပုံစံလည်း မဟုတ်နေပါဘူး။ဒီမိုကရေစီနိုင်ငံတွေက Division ပုံစံမျိုးလားဆိုတော့ အဲ့သည်လိုလည်း မဟုတ်ပြန်ပါဘူး။အလုံးစုံကို ဗဟိုကသာ ချုပ်ကိုင်ပါတယ်။ဗဟို၏သဘောထားမပါဘဲ ချီးပါ၊သေးပေါက်တောင် လုပ်၍မရပါဘူး။အမည်ခံ တိုင်းဒေသကြီးများသာ ဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ တိုင်း - Division ၊ ဒေသကြီး - Region ဆိုပြီး လအော့လအယ်ဖြစ်နေတာဖြစ်ပါတယ်။
ပြည်နယ်တွေဖက်ကို ကြည့်မယ်ဆိုရင် ပါတီလက်နက်ကိုင်ပုံစံသွားနေကြသည့်အဖွဲ့များ၏ကြီးစိုးရာနယ်မြေများ၊စစ်ကောင်စီကြီးစိုးထားသောနယ်မြေများ၊စစ်ကောင်စီနှင့်ပုလဲပနံ့သင့်သည့်အဖွဲ့များ၏ကြီးစိုးရာနယ်မြေများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊NCA တွင် လက်မှတ်ထိုးထားသောအဖွဲ့များ၏ထိန်းချုပ်နယ်မြေများ၊NCA တွင် လက်မှတ်ထိုးထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များ၏ထိန်းချုပ်ထားသောနယ်မြေများဆိုပြီးသာ ရှိပါတယ်။၎င်းအခြေအနေဟာ မြေပြင်မှာ ဖြစ်နေတဲ့ပကတိအရှိတရားဖြစ်ပါတယ်။ ပြည်နယ် - State ဆိုတာ အမည်ခံသာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဖြစ်ပျက်နေတဲ့ပကတိအရှိတရားကို နားလည်လက်ခံ၊ပြုပြင်ပြီး တောင်ပေါ် - မြေပြန့်လူထုမှလက်ခံသဘောတူထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းစဉ်နှင့်စနစ်အောက်မှာ လျှောက်လှမ်းကြဖို့ လိုပါတယ်။ထိုသို့ လျှောက်လှမ်းဖို့အတွက် မိမိဆုပ်ကိုင်ထားသော မတူညီသောနိုင်ငံရေးလမ်းစဉ်၊မတူညီသောနိုင်ငံရေးစနစ်၊မတူညီသောနိုင်ငံရေးအယူအဆများအား လျော့ချဖို့လိုလျှင် လျော့ချနိုင်ရပါမယ်၊လွှတ်ချဖို့ လိုလျှင် လွှတ်ချဖို့ လုပ်နိုင်ရပါမယ်၊လိုတိုးပိုလျော့ လုပ်နိုင်သည့် အရည်အချင်းရှိကြဖို့ မွေးမြူရမှာဖြစ်ပါတယ်။
နိုင်ငံရေးနှင့်စစ်ရေးမှာ ပြည်တွင်း/ပြည်ပမှခြေကန့်လန့်ထိုးတာမခံရဘဲ၊ပြည်ပအဖွဲ့အစည်းနှင့်ပြည်ပနိုင်ငံတစ်ခုခုမှ ခေါ်ယူပုံသွင်းတာ မခံရဘဲ မိမိရည်ရွယ်ထားသည့်နိုင်ငံရေးနှင့်စစ်ရေးပန်းတိုင်ကို ပံ့ပိုးမှု၊တွန်းအားပေးမှုများစွာနဲ့ ရောက်ရှိသွားတယ်ဆိုတာ မရှိပါဘူး။ပံ့ပိုးမှု၊တွန်းအားပေးမှုများစွာနဲ့ လိုရာပန်းတိုင်ကိုရောက်ရှိသွားခဲ့တယ်ဆိုရင်လည်း မိမိရည်ရွယ်ထားသည့်ပန်းတိုင်ဟာ ကမ္ဘာ့ကြိုးကိုင်များမှ ရွေ့စေချင်သောအရွေ့ဖြစ်နေ၍ဟု ဆိုရမှာဖြစ်ပါတယ်။အဲ့သည်လို ကမ္ဘာ့ကြိုးကိုင်များမှ ရွေ့စေချင်သောအရွေ့ဖြစ်နေ၍ အလိုရှိရာပန်းတိုင်ကိုသက်တောင့်သက်သာရောက်ရှိသွားနိုင်ခြင်း၏ဘေးထွက်ဆိုးကျိုးဟာ ကမ္ဘာ့ကြိုးကိုင်များ၏ဆန္ဒကို မလွန်ဆန်နိုင်တာ၊မပယ်ရှားနိုင်တာ၊အမြတ်ထုတ်ခံရတာတွေ မလွဲမသွေကြုံလာရမှာ ဖြစ်ပါတယ်။၎င်းအကြပ်အတည်းအခက်အခဲကို ကျော်လွှားနိုင်အောင် ဉာဏ၊လုံလ၊ဝိရိယ ပြုရမှာသာဖြစ်ပါတယ်။
ထိုကဲ့သို့ဖြစ်ပျက်နေသော မြန်မာ့အခင်အကျင်းနှင့်အနေအထားကြီးကို တစုတစည်းတည်း၊တသဘောထားတည်း ညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုတာ အလွယ်တကူမဖြစ်နိုင်ဘူးဆိုတာတော့ သိသာပါတယ်။မလွယ်ပေမဲ့လည်း လုပ်ကိုလုပ်ကြရမှာ ဖြစ်ပါတယ်။တခြားရွေးစရာက ရှိမနေလို့ပါ။
ချစ်ခြင်းအားဖြင့် ~ ❤️❤️
myanmar society 🇲🇲