PDFs ညီအကိုများသို့ ...
နွေဦးတော်လှန်ရေးမှာ PDFs တွေများလေ ပိုပြီးတရားမျှတလေပဲဆိုပြီး မိမိတို့ပြောခဲ့ဖူးပါတယ်။သို့ပေမဲ့ တော်လှန်ရေးအဖွဲ့တွေ များပင်များနေသော်ငြား ဟိုနားတစ်ဖွဲ့၊သည်းနားတဖွဲ့ တော်လှန်နေယုံနဲ့တော့ တရားမျှတမှုက ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များမှ ခန့်အပ်လိုက်သည့်အစိုးရအောက်မှာ တစ်စုတစည်းတည်း ရပ်တည်ပြီး မဟာဗျူဟာမြောက်အရွေ့ကို လျှောက်လှမ်းနိုင်မှ "မျိုးနွယ်စုအားလုံးအတွက်၊ပြည်သူလူထုတစ်ရပ်လုံးအတွက်" တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။မြန်မာပြည်၏နေရာအနှံ့အပြားမှာ PDFs အဖွဲ့တွေ မှိုလိုပေါက်အောင် များပြားနေပါသည်ဆိုသော်ငြားလည်း မဟာဗျူဟာအရွေ့အထမြောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ - NUG အောက်မှာ ပါဝင်ရပ်တည်ပေးနိုင်ဖို့တော့ လိုပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးနှင့်စစ်ရေးမှာ စစ်ကောင်စီတပ်၏လွှမ်းမိုးမှု ရှိနေတာကြောင့် တော်လှန်ရေးအင်အားစုအားလုံး၏စစ်ရေးပစ်မှတ်ဟာ စစ်ကောင်စီဖက်ကိုပဲ ဦးတည်နေကြတာ ဖြစ်ပါတယ်။စစ်ကောင်စီတပ် မရှိတော့သည့်အခါ တော်လှန်ရေးအင်အားစုတွေရဲ့စစ်ရေးပစ်မှတ်ဟာ တခြားနေရာတွေကို ကျရောက်လာနိုင်ခြေ ရှိပါတယ်။
တော်လှန်ရေးကြီးအောင်မြင်ပြီးသွားတဲ့နောက်မှာ တော်လှန်ရေးအင်အားစုအချင်းချင်း စစ်ဖြစ်တာ၊ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားကိစ္စကြောင့် စစ်ဖြစ်တာ၊
ပထဝီအခြေခံအကြောင်းတရားကြောင့် စစ်ဖြစ်တာ၊သမိုင်းအခြေခံအကြောင်းတရားကြောင့် စစ်ဖြစ်တာ၊ သယံဇာတအခြေခံအကြောင်းအရင်းကြောင့် စစ်ဖြစ်တာ၊လူမျိုးရေးမကျေလည်မှုကြောင့် စစ်ဖြစ်တာ၊ နိုင်ငံရေးနှင့်စစ်ရေးမကြေလည်မှုကြောင့် စစ်ဖြစ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။အဲ့သည်လိုအခြေအနေမျိုး တင်းမာလာခဲ့ရင် ကြားဝင်၊စေ့စပ်၊ဖျောင်းဖျ၊ဟန့်တားပေးနိုင်တဲ့အဖွဲ့ဆိုလို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG သာ ရှိပါတယ်။တခြားသော ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားနက်ကိုင်အဖွဲ့များဟာ ကိုယ့်ပြည်နယ်တွင်းမဟုတ်သော တခြားသောပြည်နယ်တွင်းက တိုင်းရင်းသားလက်ကိုင်အဖွဲ့အချင်းချင်း စစ်ဖြစ်တာမျိုး (သို့မဟုတ်) ပြည်နယ်တစ်ခုနှင့်တစ်ခုကြား စစ်ဖြစ်တာမျိုးကို ကြားဝင်၊ညှိနှိုင်း၊စေ့စပ်၊ဟန့်တားပေးဖို့ဆိုတာ ခက်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားမှာ စစ်ဖြစ်တာကို PDFs တွေက ကြားဝင်ပြောလို့လည်း နားထောင်ကြလိမ့်မယ် မထင်ပါဘူး။
ပြည်တွင်းရေးပဋိပက္ခတွေကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်သည့်အဖွဲ့ဟာ NUG သာရှိသည်ဟု ဆိုရာဝယ် အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့်အတိုင်း မျိုးနွယ်စုများကြား ရင်ကြားစေ့ဖို့၊ပြေလည်ဖို့၊စည်းလုံးညီညွတ်စေဖို့ အထူးပြုဆောင်ရွက်ရတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရဟာ သူ့ရဲ့သဘောသဘာဝနှင့်ပေါ်လစီဟာ သိမ်မွေ့ပြီး ပျော့ပြောင်းတဲ့ဖက်မှာ ရှိပါတယ်။သိမ်မွေ့ပြီး ပျော့ပြောင်းတဲ့သဘောသဘာဝနှင့်ပေါ်လစီရှိသည့်အစိုးရဟာ စစ်ရေးအင်အားကပါ ပါချည်ပါချဲ့ ဖြစ်နေခဲ့မယ်ဆိုရင် မြန်မာပြည်၏ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးမှာပဲဖြစ်ဖြစ်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ စေ့စပ်ညှိနှိုင်းတာမျိုးမှာပဲဖြစ်ဖြစ် ခရီးမတွင် ကြန့်ကြာနေနိုင်ပါတယ်။မြန်မာပြည်မှာက "တကျောင်း တဂါထာ" ၊ "တရွာ တပုဒ်"ဆန်းနေတဲ့အဖွဲ့တွေက အများကြီးဖြစ်ပါတယ်။ဖက်ဒရယ်ဒီမိုကရေစီမူဘောင်ကို ကျော်လွန်ပြီး လောဘ'တက်နေကြတဲ့အဖွဲ့တွေက ပိုများပါတယ်။
ဒါကြောင့် မြန်မာပြည်၏အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ရာမှာ ချော့မွေ့မြန်ဆန်နိုင်စေဖို့ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (သို့မဟုတ်) တခြားသောလက်နက်အဖွဲ့များကြား စေ့စပ်ညှိနှိုင်းရတဲ့အခါ အားကောင်းစေဖို့ PDFs အဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG အောက်မှာ အင်နှင့်အားနဲ့ ပါဝင်အမှုထမ်း ရပ်တည်ပေးကြပါလို့ ထပ်မံတိုက်တွန်း ပါရစေ ~ ❤️❤️
myanmar society 🇲🇲
စုစည်းမှလည်း အင်အားဖြစ်ပါတယ် ၊
စုစည်း၍ရလာသည့်အင်အားကို မဟာဗျူဟာမြောက်အရွေ့လှမ်းနိုင်ဖို့ဆိုရင် ပြည်သူကဝန်းရံသည့်အစိုးရ၏နိုင်ငံရေးဖြင့် ပေါင်းစပ်ရပါတယ်။